အော်စကာဆုပေးပွဲတွင် မစ်ရှဲယို၏ ကျေးဇူးတင်စကားပြောကြားမှုကို ဖြတ်တောက်ထုတ်လွှင့်ခဲ့သဖြင့် တောင်ကိုရီးယားရုပ်သံ SBS ဝေဖန်ခံရ

အော်စကာဆုပေးပွဲတွင် မစ်ရှဲယို၏ ကျေးဇူးတင်စကားပြောကြားမှုကို ဖြတ်တောက်ထုတ်လွှင့်ခဲ့သဖြင့် တောင်ကိုရီးယားရုပ်သံ SBS ဝေဖန်ခံရ
Photo – LA Times
Photo – LA Times
Published 15 March 2023

မတ် ၁၂ ရက်ညက လော့စ်အိန်ဂျလိစ်တွင် ကျင်းပခဲ့သည့် ၉၅ ကြိမ်မြောက် အော်စကာရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် အကောင်းဆုံးဇာတ်ဆောင်မင်းသမီးဆုရ မစ်ရှဲယို၏ဆုတက်ယူရင်း ကျေးဇူးတင်စကားပြောကြားမှုကို တောင်ကိုရီးယားရုပ်သံ SBS က ဖြတ်တောက်မှုအချို့ဖြင့် ထုတ်လွှင့်ခဲ့သည့်အတွက် လူပြောစရာဖြစ်ခဲ့ရသည်။

ယင်းအခမ်းအနားတွင် တရုတ်နွယ်ဖွား မလေးရှားရုပ်ရှင်မင်းသမီး မစ်ရှဲယိုက Everything Everywhere All At Once စိတ်ကူးယဉ်သိပ္ပံဇာတ်ကားဖြင့် ဇာတ်ဆောင်မင်းသမီးဆုရခဲ့ပြီး၊ ဇာတ်ဆောင်မင်းသမီးဆုရ ပထမဆုံး အာရှအမျိုးသမီး ဖြစ်လာခဲ့သည်။

ဆုတက်ယူပြီးနောက် မစ်ရှဲယို၏ကျေးဇူးတင်စကားတွင် အာရှသားများနှင့် ကမ္ဘာတစ်ဝန်းမှ အမျိုးသမီးများကို ရည်ရွယ်သည့် အားပေးစကားလည်းပါခဲ့ပြီး အိပ်မက်ကြီးကြီးထားရန်နှင့် အမျိုးသမီးများကို ဘယ်သောအခါမှ အရှုံးမပေးကြရန် ပြောခဲ့သည်။

ထို့ပြင် Everthing Everywhere All At Once ဇာတ်ကားရိုက်ကူးမှုတွင် ပါဝင်ခဲ့ကြသူများ အားလုံးကြောင့်သာ အော်စကာစင်မြင့်ထက်တွင် ၎င်းရပ်နေနိုင်ခြင်းဖြစ်သည်ဟု မစ်ရှဲယိုကဆိုကာ ၎င်းရသည့်ဆုကို ကမ္ဘာတစ်ဝန်းမှ စူပါဟီးရိုးများဖြစ်ကြသည့် မိခင်များအားလုံးအတွက် ရည်စူးသတ်မှတ်သည်ဟု ပြောသွားသည်။

အသက် ၈၄ နှစ်အရွယ်ရှိမိခင်က အော်စကာပွဲကို မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူတွင် မိသားစုနှင့်အတူ အားပေးကြည့်ရှုနေပြီး မိခင်ထံဆုရုပ်ယူလာမည်ဟုလည်း ၎င်းကပြောသည်။

မစ်ရှဲယို၏ကျေးဇူးတင်စကားပြောကြားမှုကို တောင်ကိုရီးယားအဓိကရုပ်သံဌာနကြီးသုံးခုဖြစ်သည့် KBS ၊ MBC နှင့် SBS တို့က ထုတ်လွှင့်ပြသခဲ့ပြီး ထိုသုံးခုထဲမှာမှ SBS ရုပ်သံ၏ထုတ်လွှင့်မှုတွင် အမျိုးသမီးများနှင့်ပတ်သက်သည့်စကားလုံးကို ဖြုတ်ချခဲ့သဖြင့် ဝေဖန်မှုများထွက်လာသည်။

အင်တာနက်ပေါ်တွင် SBS ကို မိန်းမမုန်းတီးရေးအဖွဲ့ဟု ရှုတ်ချနေကြပြီး အချို့ကလည်း ယခင်ကတည်းက ထိုလုပ်ရပ်မျိုးများ SBS က ပြုလုပ်လာသည့်အတွက် ယခုဝေဖန်ခံနေရသည်မှာ မထူးဆန်းတော့ဟုဆိုသည်။

အချို့ကမူ SBS တွင် မည်သို့သောအမျိုးသားများ အလုပ်လုပ်နေသည်ကို သိသွားပြီဟု ခနဲ့ပြောကြသည်။

SBS ဘက်ကမူ မစ်ရှဲယို၏စကားက အမျိုးသမီးများကိုသာ သီးသန့်ရည်ညွှန်းခြင်း မဟုတ်ဟု ခံစားမိသဖြင့် အချို့စကားလုံးများကို ဖြတ်တောက်ခဲ့သည်ဟု မတ် ၁၄ ရက်တွင် ရှင်းလင်းချက်ထုတ်ထားသည်။ သို့သော် ဝေဖန်သူများက မကျေမနပ်ဖြစ်ဆဲပင်ဖြစ်သည်။

Most Read

Most Recent