အာရာဂူးနက်စ်၏ ပွဲအများဆုံးကိုင်တွယ်သည့် စံချိန်မှတ်တမ်းအား ဆီမြွန်နီကျော်ဖြတ်ခဲ့ပြီး အက်သလက်တီကိုအား ကိုင်တွယ်ခွင့်ရခဲ့သည့်အတွက် ကျေနပ်မိကြောင်းဆို

အာရာဂူးနက်စ်၏ ပွဲအများဆုံးကိုင်တွယ်သည့် စံချိန်မှတ်တမ်းအား ဆီမြွန်နီကျော်ဖြတ်ခဲ့ပြီး အက်သလက်တီကိုအား ကိုင်တွယ်ခွင့်ရခဲ့သည့်အတွက် ကျေနပ်မိကြောင်းဆို
Photo : Twitter
Photo : Twitter
Published 6 March 2023

အက်သလက်တီကိုအသင်း၏ အာဂျင်တီးနားလူမျိုးဝါရင့်နည်းပြ ဆီမြွန်နီသည် ဆီဗီလာအသင်းအား (၆-၁) ဂိုးဖြင့်အနိုင်ရခဲ့သည့် လာလီဂါပွဲစဉ်အပြီးတွင် အက်သလက်တီကို နည်းပြဘ၀ ပြိုင်ပွဲစုံကိုင်တွယ်မှု (၆၁၃) ပွဲအထိရှိလာခဲ့ပြီး ဂန္ထဝင်နည်းပြကြီး အာရာဂူးနက်စ်ကိုကျော်ဖြတ်ကာ အသင်းသမိုင်းတစ်လျှောက် ပွဲအများဆုံးကိုင်တွယ်သည့် နည်းပြအဖြစ ်မှတ်တမ်းသစ်ရေးထိုးခဲ့ကြောင်းသိရသည်။

အသက် (၅၂)နှစ်အရွယ်ရှိ ဆီမြွန်နီသည် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလတွင် အက်သလက်တီကိုအသင်းအား စတင်ကိုင်တွယ်ခဲ့ပြီး (၁၃)နှစ်အကြာတွင် အသင်းသမိုင်း၏ စံချိန်မှတ်တမ်းကောင်းတစ်ခုကို ပိုင်ဆိုင်နိုင်ခဲ့ခြင်းဖြစ်သည်။

ဆီမြွန်နီသည် အက်သလက်တီကိုအသင်းသမိုင်းတစ်လျှောက် ပြိုင်ပွဲစုံပွဲအများဆုံးကိုင်တွယ်သူအဖြစ်မှတ် တမ်းဝင်ထားသလို၊ ပြိုင်ပွဲစုံနိုင်ပွဲအများဆုံး (၃၅၉ ပွဲ)၊ နိုင်ပွဲရာခိုင်နှုန်းအများဆုံး (၅၈.၅၆%)နှင့် ဆုဖလားအောင်မြင်မှု အများဆုံးနည်းပြ (၈လုံး)အစရှိတဲ့ စံချိန်မှတ်တမ်းကောင်းများစွာကိုလည်း ပိုင်ဆိုင်ထားကြောင်းသိရသည်။

အက်သလက်တီကိုအသင်းကို ကိုင်တွယ်ခွင့်ရခဲ့ပြီး အောင်မြင်မှုများစွာ ပိုင်ဆိုင်နိုင်ခဲ့ခြင်းအပေါ် ဆီမြွန်နီက "ကျွန်တော့်အတွက်တော့ ပြီးပြည့်စုံမှုပါပဲ။ အက်သလက်တီကိုနဲ့ ကာလရှည် ဖြတ်သန်းခွင့်ရခဲ့ခြင်းအပေါ် အလွန်ပဲ ဝမ်းမြောက်မိပါတယ်။ မက်ဒရစ်ဟာ ကျွန်တော့်အတွက် အလွန်နှစ်လိုဖွယ်ကောင်းတဲ့ နေရာပါပဲ" ဟုဖြေကြားခဲ့သည်။

ဆီမြွန်နီသည် ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက ယခုရာသီကုန်တွင် အက်သလက်တီကိုအသင်းမှထွက်ခွာတော့မည်ဟု သတင်းများထွက်ပေါ်ခဲ့ပြီး လက်ရှိတွင် အသင်းနှင့်အတူ စိန်ခေါ်မှုများ ဆက်လက်ရင်ဆိုင်ဖွယ်ရှိနေကြောင်း သိရသည်။

Most Read

Most Recent