PSG အသင်းတိုက်စစ်မှူး မက်ဆီ၏ အာဂျင်တီးနားအသင်းဖော်ဟောင်း အဂွဲရိုးက နယူးဝဲလ်အိုးဘွိုင်းစ်အသင်းတွင် မက်ဆီ ပြန်ကစားလိမ့်မည်ဟု ခန့်မှန်းခဲ့သည်။
လက်ရှိအချိန်တွင် အသက် (၃၅)နှစ်အရွယ် မက်ဆီ၏ အနာဂတ်နှင့် ပတ်သက်၍ သတင်းများစွာထွက်ပေါ်နေပြီး ဘာစီလိုနာအသင်းဥက္ကဋ္ဌ လာပေါ်တာနှင့် မက်ဆီ၏ဖခင်တို့ ဆုံတွေ့ခဲ့ကြောင်းလည်း သိရသည်။
မက်ဆီသည် လက်ရှိရာသီကုန်ဆုံးချိန်တွင် PSG အသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးမည် ဖြစ်ပြီး စာချုပ်သက်တမ်းတိုးရန် ဆွေးနွေးမှုများ မပြုလုပ်သေးပေ။
အဂွဲရိုးက ''မက်ဆီက သူ့ရဲ့ ငယ်ဘဝကလပ် နယူးဝဲလ်အိုးလ်ဘွိုင်းစ်အသင်းမှာ ပြန်ကစားဖွယ်ရှိနေပါတယ်။ အဲဒီကိစ္စကို သူ အသေအချာစဉ်းစားနေပါတယ်'' ဟု ပြောကြားခဲ့သည်။
မက်ဆီကို ခေါ်ယူရန် အသင်းဟောင်း ဘာစီလိုနာအပြင် ဒေးဗစ်ဘက်ခမ် ပူးတွဲပိုင်ဆိုင်သည့် အင်တာမီယာမီအသင်းကလည်း စိတ်ဝင်စားနေကြောင်း သတင်းများထွက်ပေါ်နေသည်။
မက်ဆီသည် ၁၉၉၅ ခုနှစ်မှ ၂၀၀၀ ခုနှစ်အတွင်း နယူးဝဲလ်အိုးဘွိုင်းစ်လူငယ်အသင်းတွင် ကစားခဲ့သည်။