မြန်မာ့လက်ရွေးစင်အသင်းကို ဂျပန်နိုင်ငံသားနည်းပြဖြစ်သူ ဟီရိုကီရှီဘူရာ (Hiroki Shibuya) ကိုင်တွယ်မည်ဆိုသည့် သတင်းများမှာ မှန်ကန်မှုမရှိကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) က Eleven Sports သို့ အတည်ပြုပြောကြားခဲ့သည်။
ဂျပန်နာမည်ကြီးကလပ်အသင်းဖြစ်သည့် ဂျူဘီလိုအီဝါတာအသင်းကို ကိုင်တွယ်ခဲ့ဖူးသည့် အသက် ၅၆ နှစ်ရှိ ဂျပန်နိုင်ငံသားနည်းပြ ဟီရိုကီရှီဘူရာသည် မြန်မာ့လက်ရွေးစင်အသင်းကို နည်းပြချုပ်အဖြစ် ကိုင်တွယ်ဖွယ်ရှိကြောင်း ပြီးခဲ့သည့်ရက်ပိုင်းက သတင်းများ ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။
Wikipedia တွင် ဖော်ပြထားမှုအရ မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ်ရာထူးအပါအဝင် လက်ထောက်နည်းပြနှစ်ဦး၊ ဂိုးနည်းပြတစ်ဦး၊ ကြံ့ခိုင်ရေးနည်းပြတစ်ဦး အစရှိသည့် ဂျပန်နိုင်ငံသား နည်းပြ ၅ ဦးမှာ မြန်မာ့လက်ရွေးစင်အသင်း၏ နည်းပြရာထူးနေရာများတွင် ထည့်သွင်းထားကြောင်း သိရသည်။
ယင်းကဲ့သို့ Wikipedia ၏ ဖော်ပြထားမှုအရ မြန်မာ့လက်ရွေးစင်အသင်းကို ဂျပန်နိုင်ငံသားနည်းပြဖြစ်သူ ဟီရိုကီရှီဘူရာ ကိုင်တွယ်မည်ဆိုသည့် သတင်းများထွက်ပေါ်ခဲ့ခြင်းဖြစ်ပြီး ယင်းသတင်းများမှာ မဟုတ်မှန်ကြောင်းနှင့် ကောလာဟလသတင်းများသာဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) က Eleven Sports သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာ့လက်ရွေးစင်အသင်းသည် ယခု ၂၀၂၃ ခုနှစ်အတွင်း၌ နိုင်ငံတကာပြိုင်ပွဲ ယှဉ်ပြိုင်ကစားရန်မရှိဘဲ ဖိတ်ခေါ်ပြိုင်ပွဲများနှင့် နိုင်ငံတကာခြေစမ်းပွဲများသာ ယှဉ်ပြိုင်ကစားရန်ရှိကြောင်း သိရသည်။
မြန်မာ့လက်ရွေးစင်အသင်းသည် မတ်လအတွင်း အိန္ဒိယဘောလုံးအဖွဲ့ချုပ်(AIFF) က စီစဉ်ကျင်းပမည့် FIFA အသိအမှတ်ပြု သုံးပွင့်ဆိုင်ခြေစမ်းပွဲကို ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းသုံးပွင့်ဆိုင်ခြေစမ်းပွဲကို အိမ်ရှင်အိန္ဒိယလက်ရွေးစင်အသင်း၊ မြန်မာ့လက်ရွေးစင်အသင်း၊ ကာဂျစ္စတန်လက်ရွေးစင်အသင်းတို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး သုံးသင်းပတ်လည် ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရသည်။
သုံးပွင့်ဆိုင်ခြေစမ်းပွဲများအဖြစ် မတ် ၂၂ ရက်တွင် မြန်မအသင်းနှင့် ကာဂျစ္စတန်အသင်း၊ မတ် ၂၅ ရက်တွင် မြန်မာအသင်းနှင့် အိန္ဒိယအသင်း၊ မတ် ၂၈ ရက်တွင် အိန္ဒိယအသင်းနှင့် ကာဂျစ္စတန်အသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရသည်။
ယင်းသုံးပွင့်ဆိုင်ခြေစမ်းပွဲကို မဏိပူရပြည်နယ်၊ အင်ဖာမြို့ရှိ ပရိသတ်(၃၅၀၀၀) ဆံ့ ခူမန်လမ်ပက်အားကစားကွင်းတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင်အသင်းသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာအတွင်းက AFF Cup ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီးနောက် လေ့ကျင့်မှုရပ်နားထားခြင်းဖြစ်သည်။
ယင်းပြိုင်ပွဲအပြီးတွင် မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ်ဖြစ်သူ ဂျာမနီနိုင်ငံသား အန်တွမ်နီဟေးနှင့် MFF တို့သည် ဇန်နဝါရီလကုန်ပိုင်းက နှစ်ဖက်သဘောတူညီမှုဖြင့်လမ်းခွဲထားသည်။
မြန်မာ့လက်ရွေးစင်အသင်းကို ဂျပန်နိုင်ငံသားနည်းပြဖြစ်သူ ရှီဘူရာကိုင်တွယ်မည်ဆိုသည့်သတင်းများမှာ မဟုတ်မှန်ကြောင်း MFF အတည်ပြု
Photo: MFF