ဂျရတ်ကို ကျော်ပြီး လီဗာပူးလ်သမိုင်းတွင် ဆာလာ ဥရောပပြိုင်ပွဲဂိုးအများဆုံးသွင်းသူ ဖြစ်လာ

ဂျရတ်ကို ကျော်ပြီး လီဗာပူးလ်သမိုင်းတွင် ဆာလာ ဥရောပပြိုင်ပွဲဂိုးအများဆုံးသွင်းသူ ဖြစ်လာ
Photo : Getty Images
Photo : Getty Images
Published 23 February 2023

လီဗာပူးလ်တိုက်စစ်ကစားသမား ဆာလာသည် အသင်းဂန္ထဝင်ကစားသမား စတီဗင်ဂျရတ်ကိုကျော်ကာ အသင်းသမိုင်းတွင် ဥရောပပြိုင်ပွဲများ၌ ဂိုးအများဆုံးသွင်းသူဖြစ်လာခဲ့ကြောင်း သိရှိရသည်။

ပြီးခဲ့သည့် အင်္ဂါနေ့က ကစားခဲ့သည့် ချန်ပီယံလိဂ်ရှုံးထွက် (၁၆) သင်းအဆင့် ပကျော့ပွဲစဉ် လီဗာပူးလ် (၂-၅) ရီးယဲလ်ပွဲ၌ ဆာလာသည် ပွဲချိန် (၄)မိနစ်တွင် ဒါဝင်နူးနက်ဇ်၏သွင်းဂိုးကို ဖန်တီးပေးခဲ့သလို၊ ပွဲချိန် (၁၄)မိနစ်တွင် ရီးယဲလ်ဂိုးသမား ကော်တိုအာ၏ အမှားမှတစ်ဆင့် ကိုယ်တိုင်တစ်ဂိုးသွင်းယူခဲ့သည်။

ယင်းဂိုးမှာ လီဗာပူးလ်အသင်းတွင် ဆာလာ၏ (၄၂) ဂိုးမြောက် ချန်ပီယံလိဂ်သွင်းဂိုးဖြစ်ခဲ့ပြီး ဥရောပပြိုင်ပွဲများတွင် အသင်းသမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံးအဖြစ် (၄၁) ဂိုးဖြင့် စံချိန်တင်ထားသည့် ဂျရတ်၏ စံချိန်ကို (၁) ဂိုးအသာဖြင့် ချိုးဖျက်နိုင်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ဆာလာ၏ ကစားသမားဘ၀ ချန်ပီယံလိဂ်သွင်းဂိုး (၄၄) ဂိုးအထိရှိလာခဲ့ရာ ချယ်လ်ဆီးနှင့် အိုင်ဗရီကို့စ်ဂန္ထဝင်တိုက်စစ်မှူး ဒရော့ဘာနှင့်အတူ ချန်ပီယံလိဂ်တွင် ဂိုးသွင်းအများဆုံး အာဖရိက ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

လီဗာပူးလ်အသင်းသည် ယခုရာသီတွင် ရလဒ်များဆိုးရွားနေသော်လည်း ဆာလာသည် ယခုရာသီတွင် အသင်းအတွက် ပြိုင်ပွဲစုံ (၃၄) ပွဲတွင် (၁၉) ဂိုးသွင်းယူထားပြီး ချန်ပီယံလိဂ်တွင်လည်း သွင်းဂိုး (၈) ဂိုးဖြင့် ဂိုးသွင်းအများဆုံးအဖြစ် ထိပ်ဆုံးတွင် ရပ်တည်နေသည်။

Most Read

Most Recent