မန်ယူအသင်းသည် လာမည့် ၂၀၂၃-၂၄ ရာသီအတွက် တစ်ရာသီစာလက်မှတ်စျေးနှုန်းကို (၅)ရာခိုင်နှုန်း တိုးမြှင့်သတ်မှတ်လိုက်ကြောင်း သိရသည်။
မန်ယူအသင်းသည် ယခုရာသီအပါအဝင် နောက်ဆုံး(၁၁)ရာသီဆက်တိုက် လက်မှတ်စျေးနှုန်းတိုးမြှင့်ခဲ့ခြင်းမရှိဘဲ လာမည့်ရာသီမှ ပထမဆုံးအကြိမ် တိုးမြှင့်သတ်မှတ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။ မန်ယူအသင်းသည် ယင်းသို့ လက်မှတ်စျေးနှုန်းမြှင့်တင်ခြင်းကို ၂၀၂၃-၂၄ ရာသီအတွက် တစ်ရာသီစာလက်မှတ် ဝယ်ယူနိုင်ပြီဖြစ်ကြောင်း ကြေညာရာ၌ ပရိသတ်များအား အသိပေးခဲ့ခြင်းဖြစ်သည်။
ထို့ပြင် တစ်ရာသီစာလက်မှတ် ကိုင်ဆောင်အား ပေးသည့် ပရိသတ်များထံ အီးမေးလ်ဖြင့် အကြောင်းကြားရာတွင်လည်း အသိပေးခဲ့ကြောင်း သိရသည်။ မန်ယူအသင်းက ယခုကဲ့သို့ လက်မှတ်စျေးနှုန်း တိုးမြှင့်ရခြင်းမှာ တစ်ပွဲချင်းအလိုက် ကုန်ကျစရိတ်များ မြင့်တက်လာခြင်းကြောင့်ဖြစ်ကြောင်းလည်း ဖြေရှင်းချက်ပေးခဲ့သည်။
မန်ယူအသင်းက တစ်ပွဲချင်းအလိုက်ကုန်ကျစရိတ်မှာ နောက်ဆုံး(၅)နှစ်အတွင်း (၄၀ %) မြင့်တက်ခဲ့့သလို၊ နောက်ဆုံး(၁၂)လအတွင်း (၁၂%)မြင့်တက်ခဲ့ခြင်းကြောင့် လက်မှတ်စျေးနှုန်းကို တိုးမြှင့်လိုက်ရခြင်းဖြစ်ကြောင်း ဖော်ပြခဲ့သည်။ မန်ယူအသင်းသည် လက်ရှိအချိန်တွင် အရောင်းအဝယ်ပြုလုပ်ရန် ဆွေးနွေးမှုပြုလုပ်နေရာ လက်မှတ်စျေးနှုန်းမြှင့်တင်ခြင်းကြောင့် ပရိသတ်အချို့က ဂလေဇာမိသားစု ဆက်လက်ပိုင်ဆိုင်သွားမည်ကို စိုးရိမ်နေကြောင်း သိရသည်။