မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် မြန်မာ့တပ်မတော်၏ ရပ်တည်မှုအတွက် ရာသက်ပန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ပြောကြား

မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် မြန်မာ့တပ်မတော်၏ ရပ်တည်မှုအတွက် ရာသက်ပန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ပြောကြား
ဂျပန်-မြန်မာချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဝါတာနာဘေး (Photo: Reuters)
ဂျပန်-မြန်မာချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဝါတာနာဘေး (Photo: Reuters)
Published 21 February 2023

မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် မြန်မာ့တပ်မတော်၏ ရပ်တည်မှုအတွက် ၎င်းအသက်ရှင်သန်နေသည့်အချိန်အထိ ရာသက်ပန်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဂျပန်-မြန်မာချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ၀ါတာနာဘေးက ပြောကြားသည်။

နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ ဖေဖော်ဝါရီ ၂၀ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဂျပန်ဝန်ကြီးချုပ်ဟောင်းနှင့် ဂျပန်-မြန်မာချစ်ကြည်ရေးအသင်းဥက္ကဋ္ဌတို့အား ဂုဏ်ထူးဆောင်ဘွဲ့နှင့် စွမ်းဆောင်မှုဆိုင်ရာဘွဲ့တံဆိပ်များ ဂုဏ်ပြုချီးမြှင့်ရာ ဂျပန်-မြန်မာချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ၀ါတာနာဘေးက ကျေးဇူးတင်စကားပြန်လည်ပြောကြားရာ၌ ထိုသို့ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဂျပန်-မြန်မာချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ၀ါတာနာဘေးက ယခုကဲ့သို့ ဘွဲ့တံဆိပ်ကို ချီးမြှင့်ခြင်းအတွက် ဝမ်းမြောက်ဂုဏ်ယူကြောင်းနှင့် ကျေးဇူးတင်ရှိကြောင်း၊ ဆက်လက်၍လည်း အနာဂတ်တွင် ယခုဘွဲ့တံဆိပ်နှင့် ကိုက်ညီသည့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို ယခုထက်ပိုမိုတိုးတက်အောင် ဆောင်ရွက်သွားမည်ဟု ကတိပြုပြောကြားလိုကြောင်း၊ ဝန်ကြီးချုပ်ဟောင်းအတွက် ဂုဏ်ပြုသည့်ဘွဲ့တံဆိပ်ကို ပေးအပ်မှုအတွက်လည်း ကျေးဇူးတင်ရှိကြောင်းနှင့် ၎င်းအနေဖြင့် ကိုယ်တိုင်လက်ခံရယူလိုသော်လည်း လက်ရှိအချိန်တွင် ဂျပန်နိုင်ငံ၌ လွှတ်တော်ရွေးကောက်ပွဲရှိခြင်းကြောင့် လာရောက်နိုင်ခြင်းမရှိကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုလည်း ကျေးဇူးတင်ရှိကြောင်းကို အမှာစကားပါးလိုက်ကြောင်း၊ ယခင်အတိတ်က ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံကို ကူညီဆောင်ရွက်မှုများကို ဆန်းစစ်၍ ယခုအချိန်တွင်လည်း ဆက်လက်ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် မြန်မာ့တပ်မတော်၏ရပ်တည်မှုအတွက် မိမိအသက် ရှင်သန်နေသည့်အချိန်အထိ ရာသက်ပန်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းသာယာဝပြောရေးအတွက် စွမ်းစွမ်းတမံ ပူးပေါင်းဆောင်ရွက်ခဲ့သောကြောင့် စွမ်းဆောင်မှုဆိုင်ရာ ဘွဲ့တံဆိပ်ရရှိခဲ့သည့် ဂျပန်-မြန်မာချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ၀ါတာနာဘေးထံ သီရိပျံချီဘွဲ့တံဆိပ်နှင့် အဆောင်အယောင်ကို လက်ရောက်ချီးမြှင့်အပ်နှင်းခဲ့သည်။

ထို့နောက် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းသာယာဝပြောရေးအတွက် စွမ်းစွမ်းတမံ ပူးပေါင်းဆောင်ရွက်ခဲ့သောကြောင့် ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ် ရရှိခဲ့သည့် ဂျပန်နိုင်ငံဝန်ကြီးချုပ်ဟောင်း Mr.Taro Aso အား သရေစည်သူဘွဲ့ တံဆိပ်နှင့် အဆောင်အယောင်ကို ချီးမြှင့်အပ်နှင်းရာ Japan Myanmar Association Chairman ဖြစ်သူ H.E.Mr.HIDEO WATANABE က ဂျပန်နိုင်ငံဝန်ကြီးချုပ်ဟောင်းကိုယ်စား လက်ခံရယူခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တာဝန်ရှိသူများ၊ ဂျပန်-မြန်မာချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ၀ါတာနာဘေးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent