မြန်မာနိုင်ငံမှ လူပုဂ္ဂိုလ်ကိုးဦးနှင့် အဖွဲ့အစည်း ခုနစ်ခုအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများကို ထပ်မံချမှတ်လိုက်ကြောင်း ဥရောပသမဂ္ဂ (EU) က ထုတ်ပြန်သည်။
ယင်းထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း နှစ်နှစ်အကြာတွင် အကြမ်းဖက်မှုများမြင့်တက်လာခြင်း၊ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် တည်ငြိမ်ရေးတို့အတွက် ခြိမ်းခြောက်မှုများ ဆက်လက်ဖြစ်ပေါ်နေခြင်းကြောင့် လူပုဂ္ဂိုလ်ကိုးဦးနှင့် အဖွဲ့အစည်း ခုနစ်ခုအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများကို ထပ်မံချမှတ်လိုက်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
ထိုသို့ EU က ဒဏ်ခတ်ပိတ်ဆို့လိုက်သူများထဲတွင် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ တပ်မတော်ကို စစ်ဖက်-အရပ်ဖက်နှစ်သွယ်သုံးပစ္စည်းနှင့် နည်းပညာများ (dual-use-goods) ပံ့ပိုးပေးသည့် စီးပွားရေးလုပ်ငန်းရှင်များ၊ မြန်မာတပ်မတော်မှ အဆင့်မြင့်အရာရှိများ ပါဝင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဒဏ်ခတ်ပိတ်ဆို့လိုက်သည့် အဖွဲ့အစည်းများထဲတွင် ကာကွယ်ရေးဝန်ကြီးဌာနမှ နိုင်ငံပိုင်လုပ်ငန်းတစ်ခုအပြင် မြန်မာ့တပ်မတော်သို့ လောင်စာဆီ၊ လက်နက်နှင့် ရန်ပုံငွေများ ပံ့ပိုးပေးနေသည့် ပုဂ္ဂလိကကုမ္ပဏီများလည်း ပါဝင်ကြောင်း EU က ဆိုသည်။
EU ၏ ဒဏ်ခတ်ပိတ်ဆို့မှုခံရသူများအနေဖြင့် ပိုင်ဆိုင်မှုထိန်းချုပ်ခံရခြင်းနှင့် ခရီးသွားလာခွင့် ပိတ်ပင်ခြင်းများခံရပြီး ၎င်းတို့ကို ဥရောပသမဂ္ဂနယ်မြေအတွင်း ဝင်ရောက်ခြင်း သို့မဟုတ် ဖြတ်သန်းခြင်းကိုလည်း တားဆီးထားကြောင်း၊ ထို့ပြင် ဥရောပသမဂ္ဂအနေဖြင့် ဒဏ်ခတ်ပိတ်ဆို့ရန် စာရင်းသွင်းခံထားရသူများကို ရန်ပုံငွေ ရရှိစေခြင်းအား တားမြစ်ထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဥရောပသမဂ္ဂအနေဖြင့် အခြားအရေးယူဆောင်ရွက်ချက်များအဖြစ် လက်နက်နှင့် စက်ပစ္စည်းများ တင်ပို့ရောင်းချခြင်း တားမြစ်ပိတ်ပင်မှုများနှင့် ဆက်သွယ်ရေးဆိုင်ရာ ကိရိယာများ တင်ပို့မှုအပေါ် ကန့်သတ်ချက်များ၊ မြန်မာ့တပ်မတော်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့များ အသုံးပြုသည့် စစ်ဖက်-အရပ်ဖက် နှစ်သွယ်သုံးပစ္စည်းနှင့် နည်းပညာများ (dual-use goods) တင်ပို့မှု တားမြစ်ချက်၊ မြန်မာ့တပ်မတော်နှင့် စစ်ရေးလေ့ကျင့်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု တားမြစ်ခြင်းများ အစရှိသည့် ကန့်သတ်ချက်များကိုလည်း ဆက်လက်ရှိနေဦးမည်ဖြစ်ကြောင်း EU က ဆိုသည်။
လက်ရှိဒဏ်ခတ်ပိတ်ဆို့မှုသည် EU အနေဖြင့် မြန်မာနိုင်ငံအပေါ် ခြောက်ကြိမ်မြောက် အရေးယူခြင်းဖြစ်ပြီး လူပုဂ္ဂိုလ် ၉၃ ဦးနှင့် အဖွဲ့အစည်း ၁၈ ခုအထိ ရှိပြီဖြစ်ကြောင်း EU ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဥရောပသမဂ္ဂအနေဖြင့် မြန်မာ့နိုင်ငံရေး အကျပ်အတည်းအတွက် ငြိမ်းချမ်းသော အဖြေတစ်ခုရှာဖွေရန် အာဆီယံနှင့် ကုလသမဂ္ဂတို့၏ ကူညီ ကြိုးပမ်းအားထုတ်မှုများကို ထောက်ခံပြီး မြန်မာနိုင်ငံအပေါ် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ ကို အတည်ပြုလက်ခံမှုကို ကြိုဆိုကြောင်း၊ ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပခဲ့သည့် အကြိမ် (၄၀) နှင့် (၄၁) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးများနှင့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပခဲ့သည့် အီးယူ-အာဆီယံအထိမ်းအမှတ် ထိပ်သီးအစည်းအဝေးများတွင် ထပ်လောင်းပြောကြားခဲ့သည့်အတိုင်း မြန်မာနိုင်ငံသည် အာဆီယံ၏ သဘောတူညီမှု ငါးရပ်ကို မြန်မြန်ဆန်ဆန်အကောင်အထည်သင့်ကြောင်း EU က တိုက်တွန်းထားသည်။















