ချင်းပြည်နယ်နေရာဒေသအချို့အပါအဝင် နိုင်ငံ၏နေရာအချို့၌ ဆူပူအကြမ်းဖက်မှုများ၊ တရားဥပဒေဖောက်ဖျက်ကျူးလွန်မှုများနှင့် နိုင်ငံကိုအဖျက်အမှောင့် လုပ်ရပ်များပြုလုပ်နေခြင်းမှာ ပြည်နယ်၏ အစဉ်အလာကောင်းများကို မှေးမှိန်စေပြီး နိုင်ငံအတွက် အလွန်အန္တရာယ်ကြီးမားကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
ဖေဖော်ဝါရီ ၂၀ ရက်တွင်ကျရောက်သည့် (၇၅)နှစ်မြောက် စိန်ရတုချင်းအမျိုးသားနေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာတွင် နစကဥက္ကဋ္ဌထည့်သွင်း ပြောကြားထားခြင်းဖြစ်သည်။
ချင်းပြည်နယ်သည် ပထဝီအနေအထားအရ မြင့်မားသော၊ ထင်ရှားသော တောင်တန်းများကြားတွင် တောင်ဇလပ်ပန်းများ အမြဲတစေဝေဆာပွင့်လန်းနေသောပြည်နယ်၊ အေးချမ်းလှသောရာသီဥတုရှိပြီး သဘာဝအလှအပများနှင့် ပြည့်စုံနေသော ပြည်နယ်၊ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများကိုလည်း အစဉ်ထိန်းသိမ်းစောင့်ရှောက်နေသည့် ချမ်းမြေ့သာယာသော ပြည်နယ်တစ်ခုအဖြစ် တည်ငြိမ်အေးချမ်းစွာရှိခဲ့ကြောင်း၊သို့သော်လည်း လက်ရှိအခြေအနေတွင် ချင်းပြည်နယ် နေရာဒေသအချို့အပါအဝင် နိုင်ငံ၏နေရာအချို့၌ ဆူပူအကြမ်းဖက်မှုများ၊ တရားဥပဒေကို ဖောက်ဖျက်ကျူးလွန်မှုများနှင့် နိုင်ငံကို အဖျက်အမှောင့်လုပ်ရပ်များပြုလုပ်နေခြင်းမှာ ပြည်နယ်၏အစဉ်အလာ ကောင်းများကို မှေးမှိန်စေပြီး နိုင်ငံအတွက် အလွန်အန္တရာယ်ကြီးမားလှကြောင်း၊ ထိုသို့မတည်မငြိမ် ဖြစ်ရခြင်း အကြောင်းရင်းအမှန်တရားကို နားလည်ပြီး နိုင်ငံတော်ပြိုကွဲပျက်စီးအောင် လုပ်ဆောင်နေသူများ၊ အမှောင့်ပယောဂများကို သတိထားရန်နှင့် အဖျက်လုပ်ရပ်များကို ၀ိုင်းဝန်းထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရန်လိုအပ်ကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။
ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် နိုင်ငံတော်၏တာဝန်ကိုယူနေရသည့် သတ်မှတ်ကာလအတွင်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဦး တည်ချက်များနှင့် ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ် (၅)ရပ်အတိုင်း အောင်မြင်အောင်ဆောင်ရွက်ရန် သန္နိဋ္ဌာန်ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်တွင်း၊ ပြည်ပငြိမ်းချမ်းရေးရရှိစေရန်နှင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးအတွက် အလေးထားကြိုးစားဆောင်ရွက်လျက်ရှိသကဲ့သို့ နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်ပနိုင်ငံများနှင့်လည်း မိတ်ဝတ်မပျက်ရင်းနှီးခင်မင်စွာ ဆက်ဆံဆောင်ရွက်လျက်ရှိကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။
ထိုသို့နိုင်ငံတော်တည်ငြိမ်အေးချမ်းပြီး အဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက်စေရန် ကြိုးစားဆောင်ရွက်လျက်ရှိသော်လည်း မိမိတို့နိုင်ငံ၏ ကောင်းရာကောင်းကျိုးနှင့် ဖွံ့ဖြိုးတိုးတက်မှုကိုမလိုလားသော ပြည်ပနိုင်ငံကြီးများနှင့် ပြည်ပသြဇာခံအဖွဲ့အစည်းများ၊ နိုင်ငံ့အကျိုးကိုပစ်ပယ်ပြီး မိမိအာဏာရရှိရေးနှင့် ကိုယ်ကျိုးအတ္တကိုသာရှေ့တန်းတင်၍ အလုံးစုံပျက်စီးရေးကို ပြုလုပ်နေသူများ၏ ဆူပူအကြမ်းဖက်မှုများကြောင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုများနှင့် အလှမ်းဝေးဆဲဖြစ်ကြောင်း နစကဥက္ကဋ္ဌ ပြောကြားသည်။
ထို့အတူ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှု၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို ပုံမှန်အခြေအနေရောက်အောင် ထိန်းသိမ်းမြှင့်တင်ပြီးမှသာ ရှေ့ဆက်ရမည့် လုပ်ငန်းတာဝန်များနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုသည် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုနှင့် နိုင်ငံတော်တည်ဆောက်ရေးအတွက် အရေးပါသည့်အလျောက် တည်ငြိမ်အေးချမ်းမှုကို ဆက်လက်ထိန်းသိမ်းပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်း ရေးကိုကြိုးပမ်းဆောင်ရွက်မည်ဖြစ်ကြောင်း၊ မိမိတို့ဦးတည်ချက်ထားဖော်ဆောင်နေသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီးဖြစ်ပေါ်လာစေရေး အတွက် တိုင်းရင်းသားပြည်သူအားလုံးက နိုင်ငံတော်အစိုးရနှင့်အတူ လက်တွဲကြိုးပမ်းဖော်ဆောင်ပါရန် မေတ္တာရပ်ခံတိုက်တွန်းကြောင်း နစကဥက္ကဋ္ဌကပြောကြားသည်။
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံနှင့်အဝန်း လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရန် ဘက်ပေါင်းစုံမှ ဆောင်ရွက်ပေးလျက်ရှိသကဲ့ သို့ချင်းပြည်နယ်၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံကျောင်းများကို တိုးချဲ့ဖွင့်လှစ်ပေးခြင်းနှင့် အဆင့်တိုးမြှင့်ပေးခြင်း၊ ပညာရေးဆိုင်ရာအဆောက်အအုံများ ပြုပြင်ပေးခြင်းနှင့် အသစ်ဆောက်လုပ်ပေးခြင်း၊ ဆရာ/ဆရာမများ ပိုမိုခန့်ထားပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ဆေးရုံ၊ဆေးပေးခန်းများ တိုးချဲ့ဖွင့်လှစ်ပေးခြင်းနှင့် ဆရာဝန်လိုအပ်မှု ဖြည့်ဆည်းပေးခြင်းတို့ကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။
ယင်းအပြင် နိုင်ငံတော်အစိုးရကချင်း ပြည်နယ်ရှိပြည်သူများ မျှောလင့်စောင့်စားနေသော မဟာဓာတ်အားလိုင်းလျှပ်စစ်မီး ချင်းပြည်နယ်အနှံ့ရရှိရေးကိုလည်း စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရန်အတွက် ပြည်မနှင့်လွယ်ကူစွာ ဆက်သွယ်သွားလာနိုင်သည့် အဝေးပြေးလမ်းများနှင့် ပြည်နယ်အတွင်းလမ်းများကို တိုးချဲ့ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ချင်းပြည်နယ်မှ နိုင်ငံရပ်ခြားအထိ ရေကြောင်းခရီးဖြင့် ဆက်သွယ်သွားလာနိုင်မည့် ကုလားတန်မြစ်ဝှမ်းဖွံ့ဖြိုးရေးနှင့် ပလက်ဝမြို့ဆိပ်ကမ်းတည်ဆောက်ခြင်း စီမံကိန်းများလည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။
ယခုအခါ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးရန်ပုံငွေမှ ကျပ်ဘီလျံ ၄၀၀ ကို နိုင်ငံ၏စီးပွားရေးမြှင့်တင်နိုင်ရေး အသုံးပြုနိုင်ရန် စီမံဆောင်ရွက်ပေးခဲ့ရာ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ချင်းပြည်နယ်အတွက် ၁၀ ဘီလျံကို ထောက်ပံ့မတည်ပေးထားကြောင်း၊ဒေသဖွံ့ဖြိုးရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းများ ပိုမိုအဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် ချင်းပြည်နယ်တွင် တီးတိန်ခရိုင်နှင့် ပလက်ဝခရိုင်တို့ကိုလည်း တိုးချဲ့ဖွဲ့စည်းပေးခဲ့ကြောင်း၊ ထိုကဲ့သို့ နိုင်ငံတော်အစိုးရက ချင်းပြည်နယ်ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးကို စီမံဆောင်ရွက်နေသည့် လုပ်ငန်းရပ်များတွင် ချင်းပြည်နယ်ရှိ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးက ၀ိုင်းဝန်းကူညီပူးပေါင်း ဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်း နစကဥက္ကဋ္ဌပြောကြားသည်။
အလားတူတိုင်းရင်းသားလူမျိုးပေါင်းစုံဖြင့် ဖွဲ့စည်းတည်ထောင်ထားသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီးကို တည်ငြိမ်အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီဖက်ဒရယ်စနစ်ကိုအခြေခံသော ပြည်ထောင်စုအဖြစ်တည်ဆောက်ရာတွင် တိုင်းရင်းသားအားလုံး တန်းတူရည်တူပါဝင်မှုသည် လွန်စွာအရေးပါသည့်နည်းတူချင်းပြည်နယ်ရှိချင်းတိုင်း ရင်းသားများအပါအဝင် ပြည်သူအားလုံးကလည်း စည်းလုံးညီညွတ်စွာ ပါဝင်ဆောင်ရွက်ရန် တိုက်တွန်းကြောင်း နစကဥက္ကဋ္ဌ၏ သဝဏ်လွှာတွင် ဖော်ပြထားသည်။















