မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း လက်နက်ကိုင်ပဋိပက္ခနှင့် မလုံခြုံမှုများကြောင့် လူဦးရေ ၁ ဒသမ ၂ သန်းကျော် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရပြီး နေရပ်စွန့်ခွာသူဦးရေစုစုပေါင်း ၁ ဒသမ ၅ သန်းကျော်ရှိလာကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (OCHA Myanmar) က ထုတ်ပြန်သည်။
အဆိုပါထုတ်ပြန်ချက်တွင် ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း မြန်မာနိုင်ငံအရှေ့တောင်ပိုင်း၌ လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီးပစ်ခတ်မှုများအပါအဝင် ပြင်းထန်သည့်တိုက်ပွဲများကြောင့် အရပ်သားထိခိုက်သေဆုံးမှုများ၊ အိုးအိမ်စွန့်ခွာတိမ်းရှောင်ရမှုများနှင့် အရပ်သားပိုင်အိုးအိမ်ပျက်စီးဆုံးရှုံးမှုများ ဆက်လက်ဖြစ်ပွားနေကြောင်း ဖော်ပြထားသည်။
၂၀၂၂ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းမှစပြီး ကြာအင်းဆိပ်ကြီးမြို့နယ်နှင့် အနီးပတ်ဝန်းကျင်တွင် တပ်မတော်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်တို့အကြား တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေခြင်းကြောင့် ကရင်ပြည်နယ်အတွင်း လုံခြုံရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာအခြေအနေများက စိုးရိမ်စရာဖြစ်နေကြောင်း OCHA Myanmar က ဆိုသည်။
တိုက်ပွဲများကြောင့် ကျေးရွာ ၂၀ က လူဦးရေ ၁၇,၀၀၀ ခန့်သည် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသည့်အပြင် လက်ရှိတွင် ထိုင်း-မြန်မာနယ်စပ်အနီးရှိ တောတောင်များထဲ၌ ခုံလှုံနေကြရပြီး စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အမိုးအကာအကူအညီများ အရေးပေါ်လိုအပ်လျက်ရှိကြောင်း၊ တစ်ဆက်တည်းမှာပင် ကယားပြည်နယ်နှင့် ကရင်ပြည်နယ်အနှံ့အပြားက စစ်ဆေးရေးဂိတ်များတွင် လုံခြုံရေးများ ပိုမိုတင်းကျပ်ထားခြင်းကြောင့် လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများအနေဖြင့် ဝေးလံခေါင်သီသောဒေသများ၌ နေထိုင်နေကြရသည့် စစ်ရှောင်ပြည်သူများထံ ရောက်ရှိအကူအညီပေးနိုင်ရန် အခက်အခဲများ ရင်ဆိုင်နေရကြောင်း ဖော်ပြထားသည်။
၂၀၂၃ ခုနှစ် ဇန်နဝါရီ ၃၀ ရက်အထိ ကုလသမဂ္ဂနောက်ဆုံးကိန်းဂဏန်းများအရ မြန်မာနိုင်ငံအရှေ့တောင်ပိုင်းမှာ အိုးအိမ်စွန့်ခွာနေထိုင်ရသူ ဦးရေ ၃၆၁,၀၀၀ အထိ များပြားလာကြောင်း၊ မြန်မာနိုင်ငံတစ်ဝန်းတွင် ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးရသူပေါင်း ၁ ဒသမ ၅ သန်းကျော်ရှိလာသည့်အနက် လူဦးရေ ၁ ဒသမ ၂ သန်းမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း ဖြစ်ပေါ်လာသည့် ပဋိပက္ခနှင့် မလုံခြုံမှုများကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရသူများ ဖြစ်ကြောင်းနှင့် ၂၀၂၂ခုနှစ်တွင် မိတ်ဖက်အဖွဲ့အစည်းများက နိုင်ငံတဝန်းရှိ လူဦးရေလေးသန်းအတွက် လိုအပ်သော အကူအညီများ ပံ့ပိုးနိုင်ခဲ့ကြောင်း ထုတ်ပြန်သည်။















