လီဗာပူးလ်ကစားသမားဟောင်း စတန်ကော်လီမိုးက အသင်းအနေဖြင့် နည်းပြ ကလော့ပ်ကို ရာထူးမှထုတ်ပယ်လိုက်မည်ဆိုပါက ချယ်လ်ဆီးအပါအဝင် ဥရောပထိပ်တန်း (၄)သင်းက ၎င်းကို နည်းပြအဖြစ်ခန့်အပ်ရန် စောင့်ကြည့်နေကြောင်း သတိပေးပြောကြားခဲ့သည်။
လီဗာပူးလ်အသင်းသည် ကလော့ပ်လက်ထက်တွင် ရနိုင်သည့် ဖလားအားလုံးကို ရရှိထားသော်လည်း ယခုရာသီ ပရီးမီးယားလိဂ်တွင် ရုန်းကန်နေရပြီး အဆင့် (၁၀) ရောက်ရှိနေသည်။
လီဗာပူးလ်အသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်ပွဲ (၂၀)ကစားပြီးချိန်တွင် ရမှတ် (၂၉)မှတ်သာ ရရှိထားပြီး အဆင့် (၄)မှ နယူးကာဆယ် (၄၀ မှတ်)နှင့် (၁၁) မှတ်အထိ ကွာဟနေသည်။
ထို့ကြောင့် ကလော့ပ်၏အနာဂတ်မှာ လှုပ်ခတ်နေပြီး ရာထူးမှထုတ်ပယ်ခံရဖွယ်ရှိသည်ဟု သုံးသပ်မှုများလည်း ရှိနေသည်။ သို့သော် စတန်ကော်လီမိုးက လီဗာပူးလ်အနေဖြင့် ကလော့ပ်ကို ရာထူးမှထုတ်မည်ဆိုလျှင် သေချာစဉ်းစားသင့်ကြောင်း ဆိုခဲ့ခြင်းဖြစ်သည်။ ၎င်းက "လီဗာပူးလ်အတွက် ကလော့ပ်ထက်ပိုကောင်းသူ မရှိပါဘူး။ တကယ်လို့ သူ့ကို ရာထူး ကထုတ်မယ်ဆိုရင် ဘယ်အသင်းကို ရောက်သွားမလဲ သတိထားရမှာပါ။ ရီးယဲလ်၊ ဘိုင်ယန်မြူးနစ်၊ PSG နဲ့ ချယ်လ်ဆီးတို့က သူ့ကို ကမ်းလှမ်းဖို့ အသင့်ရှိနေတာပါ" ဟု ဆိုခဲ့သည်။