ပါတီဖျက်သိမ်းခံထားရသည့် UDP ပါတီ (နှင်းဆီပါတီ)က အမည်သစ်ဖြင့် ပါတီမှတ်ပုံတင်ရန် စီစဉ်နေ

ပါတီဖျက်သိမ်းခံထားရသည့် UDP ပါတီ (နှင်းဆီပါတီ)က အမည်သစ်ဖြင့် ပါတီမှတ်ပုံတင်ရန် စီစဉ်နေ
Published 8 February 2023

ပါတီဖျက်သိမ်းခံထားရသည့် နှင်းဆီပါတီဟု လူသိများသည့်ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP )က အမည်သစ်ဖြင့် ပါတီမှတ်ပုံတင်ရန် စီစဉ်နေကြောင်း  စုံစမ်းသိရှိရသည်။

လက်ရှိတွင် UDP ပါတီဥက္ကဌ ဦးကျော်မြင့်သည် ထောင်ဒဏ်များကျခံနေရဆဲဖြစ်ကြောင်း သိရသည်။

“ပါတီနာမည်ပြောင်းပြီး မှတ်ပုံတင်မယ်ဆိုတာကိုတော့ ကြားနေရတယ်။ တိတိကျကျတော့မသိရသေးဘူး။ လက်ရှိပါတီကို မှတ်ပုံပြန်တင်မယ်ဆိုတာကိုတော့ ကြားနေတယ်။ ဒါပေမယ့် ဥက္ကဌကြီးက ပြစ်ဒဏ်ကျခံနေရတယ်။ မလွတ်သေးဘူးဆိုတော့ တိတိကျကျပြောလို့မရဲသေးဘူး။ အခုကျွန်တော်တို့ကြားနေရတာက ဥက္ကဌကြီး ပြန်လွတ်လာမယ်ဆိုရင် အရင်နှင်းဆီပါတီကို နာမည်တစ်မျိုးပြောင်းပြီးတော့ ထူထောင်ဖြစ်မယ်လို့ ကြားနေရတယ်” ဟု မွန်ပြည်နယ်မှ UDP ပါတီဝင်ဟောင်းတစ်ဦးက ပြောကြားသည်။

ပါတီအသစ်အမည်ဖြင့် မှတ်ပုံတင်ရန်စီစဉ်နေကြောင်း သိရပြီး ပါတီခေါင်းဆောင်ပိုင်းမှ ဖေဖော်ဝါရီ ၇ ရက်က ဆုံးဖြတ်ချက်တစ်ရပ်ချမှတ်မည်ဟု သိရသော်လည်း မည်သို့ဆုံးဖြတ်ခဲ့သည်ကို အတိအကျမသိရသေးကြောင်း မဂ်လာဒုံမြို့နယ်မှ UDP ပါတီဝင်ဟောင်းတစ်ဦးက ပြောကြားသည်။

UDP ပါတီထူထောင်စဉ် ပါဝင်ခဲ့သူတစ်ဦးက “သူတို့ဘာလုပ်မယ်ဆိုတာတော့ အန်ကယ်တို့လည်း တိတိကျကျတော့ မသိရဘူး။ ဘယ်သူမှ အတိအကျတော့ မသိရဘူးပေါ့။ ဘာမှလှုပ်ရှားမှု မရှိတော့ဘူး။ လိုင်းပေါ် ဘယ်သူတင်လို့ တင်မှန်းလည်း မသိဘူး” ဟု ပြောကြားသည်။

UDP ပါတီဥက္ကဌ ဦးကျော်မြင့်သည် ၁၉၅၀ ပြည့်နှစ်၊ အရေးပေါ်စီမံအက်ဥပဒေပုဒ်မ(၅)(ည)၊ ပြစ်မှုပုဒ်မ ၁၈၉ တို့ဖြင့် ထောင်ဒဏ်ကိုးနှစ် ကျခံခဲ့ရသူဖြစ်ကာ အင်းစိန်ထောင်တွင် ထောင်ဒဏ်ခြောက်လ၊ မန္တလေးအိုးဘိုအကျဉ်းထောင်တွင် သုံးလ စုစုပေါင်း ကိုးလကျခံခဲ့ပြီး‌နောက် ၁‌၉၉၉ ခုနှစ် ဇန်နဝါရီလတွင်းက ဆေးရုံတက်ရောက်ကုသနေစဉ် ထွက်ပြေးသွားခဲ့ပြီး ပြည်ပသို့တိမ်းရှောင်သွားသဖြင့် ၎င်းကို ချမ်းအေးသာစံမြို့မရဲစခန်းတွင် (ပ)၁၁၇/၁၉၉၉၊ ပြစ်မှုပုဒ်မ ‌၂၂၄ ဖြင့် အမှုဖွင့်ထားခဲ့ပြီး အဆိုပါထောင်ပြေးမှုဖြင့် ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၂၉ ရက်တွင် ၎င်းအားဖမ်းဆီးကာ မန္တလေးတိုင်းရဲတပ်ဖွဲ့သို့လွှဲပြောင်းကာ အမှုဟောင်းရှိသည့် ချမ်းအေးသာစံမြို့နယ်တရားရုံးတွင် တရားစွဲဆိုခဲ့သည်။

ထိုသို့ဦးကျော်မြင့်အား ဖမ်းဆီးတရားစွဲဆိုထားချိန်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) က ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁၇ ရက်တွင် UDP ပါတီအား ဖျက်သိမ်းခဲ့သည်။

၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲတွင် UDP ပါတီသည် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်း ဒုတိယအများဆုံးဖြစ်သည်။

ထို့နောက် ဦးကျော်မြင့်အား ချမ်းအေးသာစံတရားရုံးက၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၁၂ ရက်တွင် ထောင်ဒဏ်နှစ်နှစ်နှင့် ယခင်ထောင်ပြေးမှုစဉ်က ကျခံရန် ကျန်ရှိသည့် ထောင်ဒဏ်ကိုးနှစ် စုစုပေါင်း ထောင်ဒဏ် ၁၁ နှစ်ချမှတ်ခဲ့သည်။

ထို့အတူ ဦးကျော်မြင့်အား လဝကဥပဒေဖြင့်လည်းကောင်း၊ ၎င်းထူထောင်ထားသော ကုမ္ပဏီများ၏ ငွေကြေး ရင်းနှီးမြှုပ်နှံမှုနှင့် ပါတီရန်ပုံငွေများအား သက်ဆိုင်ရာအဖွဲ့အစည်းများက စစ်ဆေးမှုများအရ ၎င်း၏ပိုင်ဆိုင်မှုတွင် တရုတ်နိုင်ငံမှ တရားမဝင် ငွေလွှဲလုပ်ငန်းများမှတစ်ဆင့် ပြည်တွင်းဘဏ်များရှိ အကောင့်များသို့ ရောက်ရှိလာသည့် ကျပ် ၁၆ ဘီလျံကျော်နှင့် ဝင်ငွေရလမ်း မဖော်ပြနိုင်သည့် ငွေကြေးများ ပါဝင်မှုဖြင့် ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေနှင့် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေတို့ဖြင့် ထပ်မံတရားစွဲဆိုခဲ့ပြီး ယင်းအများနှင့်ပတ်သက်၍ အမှုအခြေအနေ၊ ထောင်ဒဏ်ထပ်မံချမှတ်ခံရမှုရှိ မရှိတို့အား မသိရှိရသေးပေ။

Most Read

Most Recent