နျူကလီးယားနည်းပညာအသုံးချနယ်ပယ် ၁၄ ခုတွင် အစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်များကို ရုရှားနှင့် မြန်မာနိုင်ငံအကြား လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
ရန်ကုန်မြို့ လှိုင်မြို့နယ်တွင် ဖေဖော်ဝါရီ ၆ ရက်က ကျင်းပသည့် မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော နျူကလီးယားနည်းပညာသတင်းအချက်အလက်စင်တာဖွင့်ပွဲအခမ်းအနား၌ အဆိုပါသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။
အဆိုပါဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း ROSATOM State Corporations ၏ ညွှန်ကြားရေးမှူးချုပ်တို့သည် နျူကလီးယားနည်းပညာသတင်းအချက်အလက်စင်တာဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့ပြီး နျူကလီးယားနည်းပညာသတင်းအချက်အလက်စင်တာ ကဗ္ဗည်းမော်ကွန်းကို အမွှေးနံ့သာများ ပက်ဖြန်းပေးခဲ့ကြောင်း သိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံပိုင် အဏုမြူ စွမ်းအင်ကော်ပိုရေးရှင်း ROSATOM State Corporations ၏ ညွှန်ကြားရေးမှူးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသူများသည် နျူကလီးယားနည်းပညာသတင်းအချက်အလက်စင်တာအတွင်း လှည့်လည်ပြီး နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြု၍ စိုက်ပျိုးရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာကဏ္ဍ၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍနှင့် အခြားသောကဏ္ဍပေါင်းစုံတို့တွင် အကျိုးရှိစွာအသုံးချနိုင်မည့် အသိပညာပေးထားမှုများကို ပြကွက်တစ်ခု ချင်းစီအလိုက် စိတ်ဝင်တစားလေ့လာကြည့်ရှုရာ ROSATOM State Corporations ၏ ညွှန်ကြားရေးမှူးချုပ်နှင့် ပြကွက်အလိုက်တာဝန်ခံများက လိုက်လံရှင်းလင်းပြသခဲ့သည်။
ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း ROSATOM State Corporations ၏ ညွှန်ကြားရေးမှူးချုပ်တို့က အဖွင့်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ဖွင့်ပွဲအခမ်းအနားအပြီးတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်း နိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း ROSATOM State Corporations တို့အကြား ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်ဆိုင်ရာသဘောတူညီမှု စာချွန်လွှာလက်မှတ်ရေးထိုးခြင်းကို ဆက်လက်ဆောင်ရွက်ကြရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း ROSATOM State Corporations ၏ ညွှန်ကြားရေးမှူးချုပ် Mr.Alexey Evgenievich Likhachev နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်တို့က နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရှေ့မှောက်တွင် နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
ယခုဖွင့်လှစ်ခဲ့သည့် မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော နျူကလီးယားနည်းပညာ သတင်းအချက်အလက်စင်တာကို တည်ဆောက်နိုင်ရန်အတွက် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် သွားရောက်ခဲ့သည့်ခရီးစဉ်အတွင်း ရုရှားဖက်ဒရေးရှင်း နိုင်ငံပိုင်အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း ROSATOM State Corporations မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးပြီး သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်ကြောင်း၊ ခရီးစဉ်အတွင်း သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတို့နှင့် ရုရှားဖက်ဒရေးရှင်း နိုင်ငံပိုင်အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း ROSATOM State Corporations တို့အကြား ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်ဆိုင်ရာသဘောတူညီမှုစာချွန်လွှာ နှစ်စောင်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး ယခုဖွင့်လှစ်သည့် နျူကလီးယားနည်းပညာသတင်းအချက်အလက်စင်တာကို ကနဦးအနေဖြင့် အကောင်အထည်ဖော်တည်ဆောက်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ နျူကလီးယားနည်းပညာ သတင်းအချက်အလက်စင်တာတည်ဆောက်ခြင်းအားဖြင့် နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြု၍ ပညာရေး၊ ကျန်းမာရေး၊ စက်မှုဖွံ့ဖြိုးတိုးတက်ရေး၊ စွမ်းအင်ဆိုင်ရာနှင့် နိုင်ငံတော်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကဏ္ဍပေါင်းစုံတွင် ကောင်းမွန်စွာအသုံးချနိုင်သည့် အသိအမြင်များကို လေ့လာသိရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။















