မြန်မာနိုင်ငံ၏ ပထမဆုံးနျူကလီးယား သတင်းအချက်အလက် စင်တာဖွင့်ပွဲ ရန်ကုန်မြို့တွင် ကျင်းပ

မြန်မာနိုင်ငံ၏ ပထမဆုံးနျူကလီးယား သတင်းအချက်အလက် စင်တာဖွင့်ပွဲ ရန်ကုန်မြို့တွင် ကျင်းပ
Published 7 February 2023

မြန်မာနိုင်ငံ၏ ပထမဆုံးနျူကလီးယား သတင်းအချက်အလက် စင်တာဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၆ ရက်တွင် ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ  ယင်းစင်တာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း MRTV သတင်းကြေညာချက်အရ သိရသည်။

အဆိုပါ ဖွင့်ပွဲအခမ်းအနားအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖွင့်ပွဲအမှာစကားပြောကြားခဲ့ပြီး ထိုသို့ပြောကြားရာ၌ နျူကလီးယားနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများနှင့် ကူညီထောက်ပံ့ပေးမှုများအတွက် ROSATOM အဖွဲ့အစည်းကို ကျေးဇူးတင်ကြောင်း၊ နယူကလီးယားစွမ်းအင်နယ်ပယ်ကို ကဏ္ဍပေါင်းစုံတွင် ကျယ်ပြန့်စွာ ဆက်လက်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

နျူကလီးယားနှင့် ဓာတ်ရောင်ခြည်နည်းပညာများကို ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှု၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍများတွင် အသုံးချနိုင်သည့်အတွက် နိုင်ငံ၏ နျူကလီးယားအခြေခံအဆောက်အုံ တည်ထောင်နိုင်ရေးနှင့်ပတ်သက်၍ နှစ်ဖက်ကျွမ်းကျင်သူများ တွေ့ဆုံညှိနှိုင်းဆွေးနွေးကာ လိုအပ်သည့် နျူကလီးယားဘေးအန္တရာယ် ကင်းရှင်းရေး၊ လုံခြုံရေးနှင့် အရေးပေါ်အခြေအနေ တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာလုပ်ငန်းများကို ဆန်းစစ်လေ့လာပြီး အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ(IAEA)၏ မှတ်တိုင်ပါ အချက်(၁၉)ချက်အတိုင်း အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် ပူးပေါင်းဆောင်ရွက်မည်ဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။

ယင်းအပြင် အမျိုးသားအဆင့် နျူကလီးယား အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှုကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက်လည်း သက်ဆိုင်ရာဝန်ကြီးဌာနများက အဆင့်မြင့်အရာရှိကြီးများနှင့် ဆွေးနွေးညှိနှိုင်းမှုများကို မကြာသေးမီက ပြုလုပ်ခဲ့‌ကြောင်း၊ မြန်မာ့နယူးကလီးယား အစီအစဉ်ပံ့ပို့ပေးသည့် ROSATOM အဖွဲ့အစည်းသည် ရုရှားဖက်ဒရေးရှင်းနှင့် ပြည်ပနိုင်ငံများတွင် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်ဆိုင်ရာစီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရာတွင် လုံလောက်သည့် ကျွမ်းကျင်မှုများရှိသည်ဟု ဆက်လက်ပြောကြားခဲ့ကြောင်း သိရသည်။

ထို့အပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း ROSATOM State Corporations ၏ ညွှန်ကြားရေးမှူးချုပ် Mr. Alexey Evgenievich Likhachev ဦးဆောင်သည့်အဖွဲ့ဝင်များအား ဖေဖော်ဝါရီ ၆ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ဇေယျာသီရိဗိမာန်၊ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်နှင့် တာဝန်ရှိသူတို့ တက်ရောက်ကြပြီး ROSATOM State Corporations ၏ ညွှန်ကြားရေးမှူးချုပ်နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံအမတ်ကြီး H.E.Mr. Nikolay LISTOPADOV နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

Most Read

Most Recent