နိုင်ငံတစ်ဝန်း ခရိုင် ၅၀ ရှိ အထက်တန်းကျောင်းများတွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ နည်းပညာနှင့် စက်မှုသင်တန်းများကို လာမည့်ပညာသင်နှစ်မှစတင်၍ ဖွင့်လှစ်သင်ကြားပေးမည်

နိုင်ငံတစ်ဝန်း ခရိုင် ၅၀ ရှိ အထက်တန်းကျောင်းများတွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ နည်းပညာနှင့် စက်မှုသင်တန်းများကို လာမည့်ပညာသင်နှစ်မှစတင်၍ ဖွင့်လှစ်သင်ကြားပေးမည်
Published 6 February 2023

နိုင်ငံတစ်ဝန်း ခရိုင် ၅၀ ရှိ အထက်တန်းကျောင်းများတွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ နည်းပညာနှင့် စက်မှုသင်တန်းများကို လာမည့်ပညာသင်နှစ်မှစတင်၍ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဖေဖော်ဝါရီ ၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်ရှိ ငါးလုပ်ငန်းသိပ္ပံ (တွံတေး)၌အုပ်ချုပ်မှုတာဝန်ခံများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ ဆုံစဉ် အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားသည်။

နစကဥက္ကဋ္ဌက မိမိတို့နိုင်ငံသည် မြစ်ချောင်းအင်းအိုင်များပေါများပြီး ပင်လယ်ကမ်းရိုးတန်းရှည်လျားစွာ ပိုင်ဆိုင်ထားကြောင်း၊ ငါးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နိုင်သည့် နေရာများစွာရှိခြင်းကြောင့် ငါးမွေးမြူရေးနှင့်ပတ်သက်၍ သိပ္ပံကျောင်းဖွင့်နိုင်ရန်စီမံဆောင်ရွက်ခဲ့ကြောင်း၊ ငါးသည် စားရေးအတွက် များစွာအထောက်အကူပြုစေနိုင်သည့်အတွက် ငါးလုံလောက်စွာ ရရှိရေးစနစ်တကျဖြင့် မွေးမြူနိုင်ရန်အတွက် သုတေသနပြုဆောင်ရွက်ရန်လိုကြောင်း၊ ရေချိုပုစွန်နှင့် ရေငန်ပုစွန်မွေးမြူလုပ်ငန်း များတိုးတက်ရေးအတွက်လည်း သုတေသနပြုလုပ်ရန်လိုကြောင်း၊ ငါးနှင့်ပုစွန် မွေးမြူရေး အောင်မြင်ရန်အတွက် လူသားအရင်း အမြစ်ကောင်းများ များစွာလိုအပ်ပြီး ယခုကျောင်းမှတစ်ဆင့် ပညာရှင်များပေါ်ထွန်းလာမည်ဖြစ်သဖြင့် ဂုဏ်ယူကြောင်း၊ အဆင့်မြင့်ပညာရပ်များကို ဆက်လက်သင်ကြားနိုင်ရန်အတွက် သိပ္ပံကျောင်းမှတစ်ဆင့် တက္ကသိုလ်နှင့် ကောလိပ်များကို ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း၊ နိုင်ငံတစ်ဝန်းခရိုင် ၅၀ ရှိ အထက်တန်းကျောင်းများတွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ နည်းပညာနှင့်စက်မှုသင်တန်းများကို လာမည့်ပညာသင်နှစ်မှစတင်၍ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှုနှင့် နည်းပညာဘာသာရပ်များကို သင်ကြားပေးမည်ဖြစ်ကြောင်း၊ အဆိုပါသင်တန်းကျောင်းများမှ ထူးချွန်သည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့်အဆင့်မြင့်ပညာရပ်များ ဆက်လက်သင်ကြားနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့ပြင်ပညာသင်ကြားမှုများအပေါ်မူတည်၍ ယခုမွေးမြူရေးသိပ္ပံကျောင်းကို ကောလိပ်အဆင့်သို့ မြှင့်တင်ပေးမည်ဖြစ်ကြောင်း၊ နိုင်ငံအတွက်လိုအပ်သည့် လူသားအရင်းအမြစ်များကို မွေးထုတ်ပေးနိုင်မည်ဖြစ်ကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် ကျောင်းသား၊ ကျောင်းသူများအမှန်တကယ် တတ်မြောက်စေရေးအတွက် စနစ်တကျဖြင့် သင်ကြားလေ့ကျင့်မည်ဆိုပါက များစွာအကျိုးရှိမည်ဖြစ်ကြောင်း၊ သင်တန်းပြီးဆုံးသည့်အချိန်တွင်လည်း သင်ကြားခဲ့သည့် ဘာသာရပ်များနှင့်လျော်ညီသည့် လုပ်ငန်းများကို ဆောင်ရွက်စေလိုကြောင်း၊ လူမှန်၊ နေရာမှန်ရှိမှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို  များစွာအထောက်အကူ ပြုမည်ဖြစ်ကြောင်း၊ လုပ်ငန်းခွင်သို့ရောက်ရှိချိန်တွင်လည်း သင်ကြားပေးလိုက်သည့် ပညာရပ်များကို စနစ်တကျအသုံးချပြီး မိမိတို့၏လုပ်ငန်းရပ်ဆိုင်ရာပညာများ ပိုမိုတိုးတက်အောင် လေ့လာဆောင်ရွက်စေလိုကြောင်း၊ ဘာသာရပ်ဆိုင်ရာများ၌ အထောက်အကူရရှိစေရေးအတွက် အင်္ဂလိပ်ဘာသာရပ်ကို လေ့လာသင်ယူရန်လိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ထို့အတူ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပညာရပ်များကို သင်ကြားနေမှုနှင့် ပြည့်စုံမှုမရှိဘဲ ကိုယ်တိုင်လည်း လေ့လာဆောင်ရွက်နေရန်လိုကြောင်း၊ ကျန်းမာရေးကိုအထောက်အကူပြုရန်အတွက် အားလပ်ချိန်များတွင် ကိုယ်လက်လှုပ်ရှား အားကစားမှုများကိုလည်း ဆောင်ရွက်ရန်လိုကြောင်း၊ အလားတူမိမိကိုအကျိုးမဖြစ်စေနိုင်သည့် အရက်သေစာသောက်စားမှုနှင့် ဆေးလိပ်၊ ကွမ်း၊မူးယစ်ဆေးဝါးများကို ရှောင်ရှားရန်လိုကြောင်း၊ ဘာသာတရား အဆုံးအမများအတိုင်းလိုက်နာပြီး မိမိကိုယ်ကိုမိမိ ထိန်းသိမ်းဆောင်ရွက်မည်ဆိုပါက ယဉ်ကျေးလိမ္မာသည့် လူငယ်လေးများဖြစ်လာမည်ဖြစ်ကြောင်းဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။

Most Read

Most Recent