လက်ရှိ နိုင်ငံရေးအကျပ်အတည်းများကို ဖြေရှင်းနိုင်ရန် ကမ္ဘာ့နိုင်ငံများက အာဆီယံ၏ ဘုံသဘောတူညီချက် ငါးရပ်ကိုထောက်ခံရပ်တည်နေသည့်အပေါ် နှစ်ဖက်စလုံးက လိုက်နာလက်ခံ အကောင်အထည်ဖော်ရန် တိုက်တွန်းကြောင်း မွန်ပြည်သစ်ပါတီက ဖေဖော်ဝါရီ ၅ ရက်တွင်ကျရောက်ခဲ့သည့် (၇၆) ကြိမ်မြောက်မွန်အမျိုးသားနေ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါထုတ်ပြန်ချက်တွင် နိုင်ငံ၏နိုင်ငံရေးပြဿနာမှာ အခင်းအကျင်းသစ်တစ်ခုသို့ပြောင်းလဲရောက်ရှိနေပြီးဖြစ်ကြောင်း၊ Stakeholders အဖွဲ့အစည်းအသစ်များလည်း တစ်နိုင်ငံလုံး ပျံ့နှံ့ပေါ်ပေါက်နေသည်ဖြစ်သောကြောင့် အာဏာလက်ရှိကိုင်စွဲသူများမှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကိုသာ ငြိမ်းချမ်းရေးအတွက် ဖိတ်ခေါ်တွေ့ဆုံဆွေးနွေးနေရုံမျှဖြင့် လုံလောက်မည်မဟုတ်ဘဲ တစ်ပြည်လုံးငြိမ်းချမ်းလိုသည့် စိတ်ဆန္ဒ အမှန်တကယ်ရှိသည်ဆိုပါလျှင် ပါဝင်ပတ်သက်သည့် အဖွဲ့အစည်းသစ်များကိုလည်း စိတ်ရှည်စွာဖြင့် ဖိတ်ခေါ်တွေ့ဆုံဆွေး နွေးရမည်ဖြစ်ကြောင်း၊ လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေးအကျပ်အတည်းများကို ဖြေရှင်းနိုင်ရန်အတွက် ကမ္ဘာ့နိုင်ငံများက အာဆီယံ၏ ဘုံသဘောတူညီချက် ငါးရပ်ကိုထောက်ခံရပ်တည်နေသည့်အပေါ် နှစ်ဖက်စလုံးမှ လိုက်နာလက်ခံ အကောင်အထည်ဖော်နိုင်ရန် တိုက်တွန်းကြောင်း ဖော်ပြထားသည်။
ထို့ပြင် နိုင်ငံ၏အကျပ်အတည်းများကို ဖြေရှင်းနိုင်ခြင်းလည်းမရှိ၊ ဖြေရှင်းရန်နည်းလမ်းရှာကြံခြင်းမပြုဘဲ ရွေးကောက်ပွဲသစ် တစ်ခုကျင်းပရန် အားထုတ်လုပ်ဆောင်လျှင် ရလဒ်ကောင်းမရရှိနိုင်သည်သာမက သွေးထွက်သံယိုမှုပိုများသည့် ပဋိပက္ခဆီသို့ဦးတည်သွားနိုင်သည်ဟု ရှုမြင်ကြောင်း မွန်ပြည်သစ်ပါတီ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
ထို့အတူ မွန်ပြည်သစ်ပါတီသည် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အပြည့်အဝရှိသော စစ်မှန်သည့်ဖယ်ဒရယ် ပြည်ထောင်စုတည်ထောင်ရန်ရည်မှန်းကာ လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်သာမက နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးရန်အတွက်လည်း နည်းလမ်းရှာဖွေခဲ့ကြောင်း၊ အစိုးရအဆက်ဆက်နှင့် အပစ်အခတ် ရပ်စဲကာ ၂၀၁၈ ခုနှစ်၌ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး (NCA) စာချုပ်တွင်လက်မှတ်ရေးထိုးခဲ့ကြောင်း၊ သို့သော်အာဏာရအစိုးရများမှ နိုင်ငံရေးအရ ဖြေရှင်းလိုသည့် စိတ်ဆန္ဒပြင်းပြမှုမရှိ၍ နိုင်ငံရေးဆွေးနွေးပွဲများ တစ်ဆို့နေခဲ့ရကြောင်း မွန်ပြည်သစ်ပါတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မွန်ပြည်သစ်ပါတီသည် လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်အပေါ် အခိုင်အမာရပ်တည်လျက် အစိုးရအဆက်ဆက်နှင့် နိုင်ငံရေးပြဿနာများကို တွေ့ဆုံဆွေးနွေးခြင်းဖြင့် ဖြေရှင်းသွားမည်ဖြစ်ကြောင်း၊ နိုင်ငံရေးတွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်လာသည့်အပေါ် မိမိတို့၏ မွန်ပြည်သစ်ပါတီမှတွေ့ဆုံဆွေးနွေးနေသော်လည်း နစကက၂၀၀၈ ဖွဲ့စည်း ပုံအခြေခံဥပဒေကိုဆုပ်ကိုင်နေသဖြင့် မျှော်မှန်းသည့် တိုင်းရင်းသားလူမျိုးအခွင့်အရေးများရရှိနိုင်ရန်မှာ အလှမ်းဝေးနေဆဲဖြစ်ကြောင်း မွန်ပြည်သစ်ပါတီက ထုတ်ပြန်သည်။
မွန်ပြည်သစ်ပါတီအနေဖြင့် လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေးအပြောင်းအလဲအား မျက်ခြေမပြတ်စောင့်ကြည့်သုံးသပ်ပြီး ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးနိုင်ရေးကို ရှေးရှုဦးတည်လျက် နည်းလမ်းပေါင်းစုံဖြင့် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း၊ ရည်မှန်းချက် ပန်းတိုင်အမြန်ရောက်ရှိနိုင်ရန်အတွက် မွန်အမျိုးသားများ၏ စုစည်းမှုအင်အားကို အဓိကထားကာ အမျိုးသားသွေးစည်းညီညွတ်ရေး ရရှိရန်နှင့်တိုင်းရင်းသားပေါင်းစု သွေးစည်းချစ်ကြည်ရေးမူကို ခိုင်မာစွာဆုပ်ကိုင်ပြီး ဘဝတူတိုင်းရင်းသားများနှင့် လက်တွဲချိတ်ဆက်၍ မိမိတို့၏သမိုင်းပေးတာဝန်ကို ကျေပွန်အောင် တက်ညီလက်ညီ ကြိုးပမ်းထမ်းဆောင်ရန် တိုက်တွန်းကြောင်း မွန်ပြည်သစ်ပါတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။















