လမိုင်းမြို့၊ ကနင်ကမော့ နှင့် အောင်သာယာ ကျေးရွာကြား သံဖြူဇရပ် - ရေးကားလမ်းတွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာ ခုနစ်နှစ် အရွယ် မိန်းကလေးငယ် တစ်ဦး အပါအဝင် ငါးဦးသေဆုံး

လမိုင်းမြို့၊ ကနင်ကမော့ နှင့် အောင်သာယာ ကျေးရွာကြား သံဖြူဇရပ် - ရေးကားလမ်းတွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာ ခုနစ်နှစ် အရွယ် မိန်းကလေးငယ် တစ်ဦး အပါအဝင် ငါးဦးသေဆုံး
Published 28 January 2023
သတင်း - ဘိုဘိုမြင့်

မွန်ပြည်နယ် ရေးမြို့နယ်၊ လမိုင်းမြို့၊ ကနင်ကမော့ နှင့် အောင်သာယာကျေးရွာကြား သံဖြူဇရပ် - ရေးကားလမ်းတွင် ဇန်နဝါရီ ၂၇ ရက် ည ၆ နာရီ မိနစ် ၄၀ ခန့်က ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာမှာ  ၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး အပါအဝင် (၅) ဦး သေဆုံးခဲ့ကြောင်း ပရဟိတအရေးပေါ်လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။

အဆိုပါ ယာဉ်တိုက်မှုမှာ ရေးမြို့ဘက်မှ သံဖြူဇရပ်မြို့ဘက်သို့ မောင်းနှင်လာသည့် မှန်လုံယာဉ်နှင့် သံဖြူဇရပ်မြို့ဘက်မှ ရေးမြို့ဘက်သို့ မောင်းနှင်လာသည့် Probox အမျိုးအစားယာဉ်တို့ တိုက်မိခဲ့ခြင်းဖြစ်ကြောင်း၊ ယာဉ်တိုက်မှုကြောင့် Probox ယာဉ်ပေါ်လိုက်ပါလာသူများဖြစ်ကြသည့် ယာဉ်မောင်းအပါအဝင် အမျိုးသားနှစ်ဦးနှင့် အသက် (၇) နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအပါအဝင် အမျိုးသမီး (၃) ဦးသေဆုံးခဲ့ကြောင်း လမိုင်းလူငယ် လူမှုကူညီကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “Probox ယာဉ်က ဘုရားသုံးဆူမြို့ဘက်က လာတာလို့သိရတယ်။ ကားပေါ်မှာ ယာဉ်ပိုင်ရှင်ရဲ့သားဖြစ်သူနဲ့ ယောက်ဖဖြစ်သူပါလာတယ်။ နောက် ခရီးသည်အနေနဲ့ ကလေးတစ်ယောက်နဲ့ အမျိုးသမီးနှစ်ယောက်ပါလာကြတယ်။ ခရီးသည်တွေက တနင်္သာရီတိုင်း ရေဖြူမြို့ကလို့ သိရတယ်။ ယာဉ်တိုက်မှုမှာ (၅) ယောက်လုံး သေဆုံးသွားခဲ့ပါတယ်” ဟု ပြောကြားသည်။

ယာဉ်တိုက်မှုကြောင့် သေဆုံးခဲ့ကြသူများ၏ ရုပ်အလောင်းများမှာ ကားအတွင်းညှပ်နေသည့်အတွက် ရွှေဟင်္သာပရဟိတလူမှုကူညီရေးအသင်း (မော့ကနင်)၊ မေတ္တာရှေ့ထား လူမှုကယ်ဆယ်ရေးအသင်း (အစင်)၊ လမိုင်းလူငယ် လူမှုကူညီကယ်ဆယ်ရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ ပူးပေါင်းကာ ခက်ခက်ခဲခဲထုတ်ယူခဲ့ရကြောင်း နှင့် ရုပ်လောင်းများအား လူနာတင်ယာဉ်များဖြင့် လမိုင်းဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

မွန်ပြည်နယ် ရေးမြို့နယ်အတွင်း ညပိုင်းအချိန်၌ ယာဉ်မတော်တဆမှုများ မကြာခဏဖြစ်ပွားလေ့ရှိကြောင်း နှင့် ပြီးခဲ့သည့် ဇန်နဝါရီလ (၅) ရက်၊ ည (၆) နာရီအချိန့်ကလည်း ရော်ဘာသစ်ထုလုံးတင် ကားတစ်စီး အရှိန်လွန်တိမ်းမှောက်မှုဖြစ်ပွားရာ ယာဉ်ပေါ်လိုက်ပါလာသူနှစ်ဦး ညှပ်နေသည့်အတွက် ခက်ခက်ခဲခဲ ကယ်ထုတ်ခဲ့ရကြောင်း ပရဟိတလူမှုကူညီကယ်ဆယ်ရေးအသင်းများထံမှသိရသည်။

 

Photo - လမိုင်းလူငယ် ပရဟိတအဖွဲ့၊ ရွှေဟင်္သာ လူမှုကူညီကယ်ဆယ်အဖွဲ့၊

Most Read

Most Recent