မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့၊ ရေး - လမိုင်း ရထားလမ်းဘေးတွင် ဇန်နဝါရီ၂၂ ရက် ညပိုင်းက အသတ်ခံရပြီး အလောင်းဖျောက်ဖျက်ခံထားရသည့် အသက် ၁၃ နှစ်အရွယ် ကလေးတစ်ဦး၏ ရုပ်အလောင်းအားတွေ့ရှိခဲ့ကြောင်း လမိုင်းလူငယ်ပရဟိတအဖွဲ့ထံမှ သိရသည်။
အဆိုပါ အသတ်ခံရပြီး အလောင်းဖျောက်ဖျက်ခံထားသည့် ကလေးမှာ မောင်မင်းတင် ဆိုသူဖြစ်ကြောင်း၊ ၎င်းမှာ ဇန်နဝါရီလ (၂၂) ရက် မွန်းတည့် (၁၂) နာရီအချိန်ခန့်ကတည်းက နေအိမ်မှ ပျောက်နေသည်ဟု သိရကြောင်း နှင့် ၎င်း၏ မိဘများမှ လိုက်လံရှာဖွေခဲ့ရာမှ မောင်မင်းတင်၏ ရုပ်အလောင်းအား ရေး - လမိုင်းရထားလမ်း တံတားနီ အနီးတွင်တွေ့ရှိခဲ့ရသည်ဟု သိရကြောင်း လမိုင်းလူငယ်ပရဟိတအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
၎င်းကဆက်လက်ပြီး “မနေ့(ဇန်နဝါရီလ (၂၂) ရက် ည (၈) နာရီလောက်မှာ ကလေးမိဘတွေအလုပ်လုပ်နေတဲ့ ခြံပိုင်ရှင်က အသင်းရုံးကိုရောက်လာပြီး အကူအညီလာတောင်းပါတယ်။ သူတို့ခြံက ကလေးတစ်ယောက်အသတ်ခံထားရတယ်။ ရုပ်အလောင်းကို အဲ့ဒါကိုသွားသယ်ကြဖို့ပေါ့။ ကလေးအလောင်းကို ဖျောက်ဖျက်ထားတဲ့ နေရာကိုရောက်တော့ အလောင်းပေါ်မှာ သစ်ရွက်တွေ၊ သစ်ကိုင်းတွေနဲ့ ဖုံးအုပ်ထားတာတွေ့ရတယ်။ ကလေးအလောင်းမှာက ဘယ်ဘက်လက်ကောက်ဝတ်က ပြတ်လုနီးပါးဖြစ်နေတယ်။ ဦးခေါင်းမှာ ပြတ်ရှဒဏ်ရာတွေ့ရတယ်” ဟု ပြောကြားသည်။
ရထားလမ်းတွင် အသတ်ခံရသည့် မောင်မင်းတင်၏ သွေးကွက် နှင့် ဆံပင်များတွေ့ရသည့်အတွက် မောင်မင်းတင်မှာ ရထားလမ်းတွင် အသတ်ခံရပြီးနောက် ရထားလမ်းဘေးသို့ရွှေ့ကာ ရုပ်အလောင်းအား သစ်ရွက်များ၊ သစ်ကိုင်းများဖြင့် ဖုံးအုပ်ခဲ့ဟု ယူဆရကြောင်း ၎င်းလမိုင်းလူငယ်ပရဟိတအဖွဲ့မှ တာဝန်ရှိသူက ဆိုသည်။
အသတ်ခံရထားသည့် မောင်မင်းတင်၏ ရုပ်အလောင်းအား လမိုင်းလူမိုင်းလူငယ်ပရဟိတအဖွဲ့မှ လမိုင်းမြို့ရှိ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း နှင့် ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး သက်ဆိုင်ရာမှလည်း စုံစမ်းစစ်ဆေးမှုများပြုလုပ်နေကြောင်း သိရသည်။
Photo - လမိုင်းလူငယ်ပရဟိတအဖွဲ့