မွန်ပြည်နယ်၊ ရေးမြို့မရဲစခန်းမှ နယ်ထိန်းဖြစ်သူ ဒုတပ်ကြပ်ဟိန်းသူရမှာ ဇန်နဝါရီ ၂၁ ရက် မွန်းလွဲ သုံး နာရီဝန်းကျင်အချိန်က သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။
ဒုတပ်ကြပ်ဟိန်းသူရမှာ ရေးမြို့၊ နန္ဒာလမ်းမကြီး တွင် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ကြောင်း နှင့် အခင်းဖြစ်ပွားရာနေရာ၌ပင် ပွဲချင်းပြီးသေဆုံးခဲ့သည်ဟု သိရကြောင်း ရေးမြို့ခံတစ်ဦးက ပြောကြားသည်။
“သေနတ်ပစ်သံ ဆက်တိုက်ကြားလိုက်ရတယ်။ နောက်မှ ရေးမြို့မရဲစခန်းက နယ်ထိန်းတစ်ဦးဖြစ်တဲ့ ဟိန်းသူရ အသတ်ခံရတာလို့ သိရတယ်။ သူက ရေးမြို့ အဏ္ဏဝါရပ်ကွက်နဲ့ နန္ဒရပ်ကွက် အပိုင်းနယ်ထိန်းတစ်ဦးဖြစ်တယ်လို့ သိရတယ်” ဟု ၎င်းမြို့ခံက ဆက်လက်ပြောကြားသည်။
ထိုပစ်ခတ်မှုများအပြီးတွင် သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များရောက်ရှိလာကာ စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ဒုတပ်ကြပ်ဟိန်းသူရ ၏ ရုပ်အလောင်းအား ရေးခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်လိုက်သည်ဟု သိရကြောင်း မြို့ခံများ၏ ပြောကြားချက်များအရ သိရသည်။
ရေးမြို့မရဲစခန်းမှ နယ်ထိန်းတစ်ဦးဖြစ်သူ ဒုတပ်ကြပ်ဟိန်းသူရ အား ရေးဘီလူးအဖွဲ့မှ ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့အသုံးပြုသည့် လူမှုကွန်ယက်စာမျက်နှာပေါ်ထုတ်ပြန်ထားချက်အရ သိရသည်။
မွန်ပြည်နယ် ရေးခရိုင် ရေးမြို့နယ်အတွင်း ရဲစခန်းများနှင့် ရဲတပ်ဖွဲ့ဝင်များ မကြခဏ ပစ်ခတ်တိုက်ခိုက်ခံရသည့်အပြင် ဌာနဆိုင်ရာများလည်း မကြာခဏ တိုက်ခိုက်ခံနေရကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ (၁၁) ရက် နံနက်အစောပိုင်းက ရေးမြို့နယ်၊ လမိုင်းမြို့၊ နှစ်ကရင်ကျေးရွာရှိ ရဲကင်းစခန်းမှာ ရေးပြောက်ကျားတပ်ဖွဲ့ (YGF) မှ ဝင်ရောက် စီးနင်းတိုက်ခိုက်ကာ မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း၊ ထို့အပြင် ဇန်နဝါရီလ (၁၁) ရက် ညပိုင်းကလည်း ရေးခရိုင် ဒုစရိုက်နှိမ်နင်းရေးအဖွဲ့ခေါင်းဆောင်ဖြစ်သူ ဒုရဲမှူး လှိုင်မင်းသိန့် မှာ ရေးမြို့၊ အောင်သုခရပ်ကွက် တွင် မိုင်းခွဲတိုက်ခိုက်ခံခဲ့ရကြောင်း၊ ၎င်းအပြင် ဇန်နဝါရီလ (၉) ရက်ကလည်း ရေးမြို့နယ် လမိုင်းမြို့တွင် ရဲသတင်းတပ်ဖွဲ့မှ ရဲအုပ်ညီညီဝင်း မှာလည်း သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။