ဂျပန်နိုင်ငံသားနှစ်ဦး ရန်ကုန်မြို့ ဗိုလ်ချုပ်လမ်းနှင့် ဆူလေဘုရားလမ်းထောင့်တွင် အုပ်စုဖွဲ့လုယက်ခံရပြီး ဂျပန်နိုင်ငံသားတစ်ဦး ဓားထိုးခံရ

ဂျပန်နိုင်ငံသားနှစ်ဦး ရန်ကုန်မြို့ ဗိုလ်ချုပ်လမ်းနှင့် ဆူလေဘုရားလမ်းထောင့်တွင် အုပ်စုဖွဲ့လုယက်ခံရပြီး ဂျပန်နိုင်ငံသားတစ်ဦး ဓားထိုးခံရ
Published 16 January 2023
ကြည်နိုင်

ဂျပန်နိုင်ငံသားနှစ်ဦး ရန်ကုန်မြို့ ဗိုလ်ချုပ်လမ်းနှင့် ဆူလေဘုရားလမ်းထောင့်တွင် အုပ်စုဖွဲ့လုယက်ခံရပြီး ဂျပန်နိုင်ငံသားတစ်ဦး ဓားထိုးခံရမှု ဇန်နဝါရီ ၁၄ ရက် ည ၉ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်မြို့အတွင်း နေထိုင်သူများထံမှ သိရသည်။ 

လုယက်သူ ၄ ဦးပါရှိသည့် အဖွဲ့က ဂျပန်နိုင်ငံသားနှစ်ဦးကို လုယက်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့နှစ်ဦးအနက် ဓားဖြင့်အထိုးခံရသည့် ဂျပန်နိုင်ငံသားသည် အသက်သေဆုံးမှုမရှိဘဲရန်ကုန်ဆေးရုံကြီးတွင် တက်ရောက် ကုသနေရကြောင်းလည်း သိရသည်။ 

ရန်ကုန်မြို့အတွင်းနေထိုင်သူတစ်ဦးက " စနေနေ့ ညပိုင်းက  ဖြစ်သွားတာပေါ့။  ဆူလေရှန်ဂရီလာဟိုတယ်ရှေ့ မီးရထားဟိုတယ်ဝန်းနားနဲ့ မီးရထားကုန်းကျော်တံတားအကျော်မှာ လုယက်မှု ဖြစ်သွားတယ်။

 ဂျပန်နိုင်ငံသားနှစ်ယောက်မှာ တစ်ယောက်ကို ဓားနဲ့ထိုးပြီး လုသွားတာ။ ရန်ကုန်ဆေးရုံကြီးကို  ပို့ထားတယ်လို့ ကြားတယ် " ဟု ပြောကြားခဲ့သည်။ 

ဓားဖြင့်အထိုးခံရသည့် ဂျပန်နိုင်ငံသား၏ အမည်မှာ Mr.Narita Yuichi ဆိုသူဖြစ်ပြီး ပြည်တွင်းရှိ ကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်ကိုင်နေသူဖြစ်ပြီး ဓားဖြင့်အထိုးခံရမှုကြောင့်နောက်ကျောယာဘက်တွင် အရှည် တစ်လက်မခန့်ရှိ ပေါက်ပြဲဒဏ်ရာရရှိခဲ့ကြောင်း၊ Samsung A12 အမျိုးအစား လက်ကိုင်ဖုန်းတစ်လုံး လုယက်ခံရကြောင်း ကနဦးသိရသည်။ 

ထိုသို့ လုယက်မှုဖြစ်ပွားပြီး ဂျပန်နိုင်ငံသားတစ်ဦကို ဓားဖြင့်ထိုးမှု ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံသို့ရောက်ရှိနေသည့် ဂျပန်နိုင်ငံသားများ အသိုင်းအဝန်းတွင် ပြောကြားမှုများရှိပြီး အသက်သေဆုံးမှုမရှိကြောင်း ကြားသိရသည်။ 

အဆိုပါဖြစ်ရပ်နှင့် ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖြေကြားနိုင်မည့်သူ ပြင်ပသို့ သွားရောက်နေသဖြင့် နောက်မှပြန်လည်မေးမြန်ရန် ဖြေကြားမှုသာ ရရှိခဲ့သည်။ 

 

Most Read

Most Recent