တောင်ကိုရီးယားဝါရင့်သရုပ်ဆောင် Youn Yuh Jung သည် Hook Entertainmentကို စွန့်ခွာပြီးနောက် ဟောလိဝုဒ်လှုပ်ရှားမှုများကိုသာ အာရုံစိုက်လုပ်ကိုင်သွားတော့မည်ဖြစ်သည်။
Deadline ဖော်ပြချက်အရ Youn Yuh Jung သည် အမေရိကန်ရှိထိပ်တန်းဖျော်ဖြေရေးအေဂျင်စီကြီး သုံးခုအနက် တစ်ခုဖြစ်သည့် Creative Artists Agency (CAA) နှင့် လက်တွဲထားသည်။
အောင်မြင်ခဲ့သည့် အမေရိကန်ရုပ်သံဇာတ်လမ်းတွဲ Pachinko (လီမင်ဟိုက အဓိက ဇာတ်ကောင်အဖြစ်ပါဝင်ထား) က season 2 ဆက်ရိုက်မည်ဖြစ်ပြီး အချို့သတင်းများက season 2 တွင်ပါဝင်ရန် Youn Yuh Jung ကိုရီးယားမှထွက်ခွာသွားပြီဟုပင် ဖော်ပြနေကြသည်။
၎င်းလက်တွဲလိုက်သည့် အေဂျင်စီက ဘရတ်ပစ်၊ တွမ်ဟန့်စ်၊ ဘီယွန်းဆေး၊ လေဒီဂါဂါ၊ ဂျက်စတင်ဘီဘာစသည့် ဟောလိဝုဒ်စတားများနှင့် လက်တွဲထားသည့် ကုမ္ပဏီဖြစ်ပြီး Squid Game သရုပ်ဆောင်များဖြစ်သည့် လီဂျန်ဂျေး၊ ဂျန်ဟိုယွန်းတို့နှင့်လည်း စာချုပ် ချုပ်ထားသေးသည်။
Youn Yuh Jung သည် Minari ဇာတ်ကားမှ ပိုင်နိုင်သည့်သရုပ်ဆောင်ချက်များကြောင့် ၂၀၂၁ အော်စကာရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် အကောင်းဆုံးဇာတ်ပို့မင်းသမီးဆု ဆွတ်ခူးခဲ့ပြီး ယင်းဆုကိုရသည့် ပထမဆုံးကိုရီးယားသရုပ်ဆောင်ဖြစ်လာခဲ့သည်။
မင်းသားလီဆောင်ဂီနှင့် Hook အေဂျင်စီတို့အကြား အရှုပ်အရှင်းဖြစ်နေစဉ် ၎င်းက Hook နှင့်လက်တွဲဖြုတ်လိုက်ခြင်းဖြစ်သည်။