ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ တာလေမြို့နယ်တွင် ဇန်နဝါရီ ၇ ရက်က မူးယစ်ဆေးဝါးအလွန်အကျွံသုံးစွဲထားသည့် အမျိုးသားတစ်ဦးက အိမ်နီးချင်းဖြစ်သည့် သားအမိနှစ်ဦးကို ဓါးဖြင့်ခုတ်သတ်ခဲ့သဖြင့် ငါးနှစ်အရွယ် ကလေးငယ်သေဆုံးခဲ့ကြောင်း တာလေမြို့ လောကပါလ ပရဟိတလူမှုကူညီရေးအသင်းထံမှ စုံစမ်းသိရသည်။
တာချီလိတ်ခရိုင်၊ တာလေမြို့နယ် နားယောင်းအုပ်စု ရန်အောင်ကျေးရွာတွင် နေထိုင်သည့် အသက် ၃၀ ကျော် အမျိုးသားတစ်ဦးမှ မူးယစ်ဆေးဝါးအလွန်အကျွံသုံးစွဲထားပြီးနောက် အိမ်နီးချင်းဖြစ်သူ သားအမိနှစ်ဦးကို ဓါးကောက်ဖြင့်ခုတ်သတ်ခဲ့ကြောင်းနှင်း ဒဏ်ရာ ရရှိသူများကို တာလေမြို့နယ် လောကပါလ ပရဟိတလူမှုကူညီရေးအသင်းမှ တာလေမြို့နယ်ပြည်သူ့ဆေးရုံ၊ တာချီလိတ်မြို့နယ်ပြည်သူ့ဆေးရုံနှင့် ကျိုင်းတုံမြို့နယ်ပြည်သူ့ဆေးရုံများသို့ အဆင့်ဆင့်ပို့ဆောင်၍ ကူညီဆောင်ရွက်ပေးခဲ့ရကြောင်း စုံစမ်းသိရသည်။
"မူးယစ်ဆေးဝါးသုံးစွဲမှုလွန်ကဲပြီး သူ့အိမ်နီးချင်း သားအမိဖြစ်သူအား ဓားကောက်ဖြင့် ခုတ်မှု့ဖြစ်၍ မိခင်ဖြစ်သူမှာ ဘယ်ဖက်လက်ကျိုး၊ ဦးခေါင်းဒဏ်ရာရ၊ ငါးနှစ်ဝန်းကျင်ခန့် သားဖြစ်သူမှာ ဦးခေါင်းဒဏ်ရာပြင်းထန်ရရှိခဲ့သဖြင့် အရေးပေါ် တာလေမြို့နယ်ဆေးရုံတွင် ဆေးကုသမှုခံယူပြီးနောက် တာချီလိတ်မြို့နယ်ဆေးရုံကြီးသို့ ဆက်လက်ကုသရန် လိုအပ်လာခြင်းကြောင့် တာလေဆေးရုံမှ ဆေးလွှဲစာဖြင့် တာချီလိတ်ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးကြောင်း၊ တာချီလိတ်ဆေးရုံသို့ရောက်ရှိစဉ် ကလေးအထူးကုတာဝန်ကျဆရာဝန်မှ ကလေးဦးခေါင်းဒဏ်ရာကိုကြည့်ရှုပြီးနောက် ကျိုင်းတုံမြို့ပြည်သူ့ဆေးရုံကြီးသို့ အမြန်ဆုံးသွားရောက်ရန် လိုအပ်ကြောင်းပြောလာသဖြင့် လူနာသားအမိ နှစ်ယောက်ကို တာချီလိတ်ဆေးရုံကြီးမှ ကျိုင်းတုံပြည်သူ့ဆေးရုံသို့ ဆက်လက်ပို့ဆောင်ပေးခဲ့ကြောင်း၊ ထိုသို့ ကျိုင်းတုံမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီးနောက် ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည့် ငါးနှစ်အရွယ်ကလေးငယ်မှာ ဇန်နဝါရီ ၈ ရက် နံနက်ပိုင်းတွင် သေဆုံးသွားခဲ့သည်"ဟု တာလေမြို့နယ် လောကပါလ ပရဟိတလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားချက်အရ သိရသည်။
အဆိုပါ ဓါးခုတ်ခံရသည့်ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ရသည့် ငါးနှစ်သားအရွယ် ကလေးငယ်၏ ရုပ်အလောင်းကို သက်ဆိုင်ရာမှုခင်းဆရာဝန်ခွင့်ပြုချက်ဖြင့် လောကပါလ ပရဟိတလူမှုကူညီရေးအသင်းက ကျိုင်းတုံမြို့နယ်ပြည်သူ့ဆေးရုံကြီးမှ ဇန်နဝါရီ ၈ ရက် မွန်းလွဲပိုင်းတွင် တာလေမြို့နယ်သို့ ပြန်လည်သယ်ဆောင်ခဲ့ပြီး ကျန်ရစ်သူမိသားစုထံသို့ အပ်နှံပေးခဲ့ကြောင်း သိရသည်။ ဓါးခုတ်ဒဏ်ရာရရှိခဲ့သည့် မိခင်ဖြစ်သူမှာ ကျိုင်းတုံမြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုဆက်လက်ခံယူနေဆဲဖြစ်ကြောင်း စုံစမ်းသိရသည်။
ဆက်လက်ပြီး မူးယစ်ဆေးဝါးအလွန်အကျွံသုံးစွဲကာ အိမ်နီးချင်းဖြစ်သူ သားအမိနှစ်ဦးကို ဓါးဖြင့်ခုတ်သတ်ခဲ့သူ အမျိုးသားကို သက်ဆိုင်ရာမှ ဖမ်းဆီးအရေးယူထားကြောင်း စုံစမ်းသိရသည်။