Marvel ၏ Avengers ရုပ်ရှင်များတွင် Hawkeye ဇာတ်ကောင်နေရာမှ ပါဝင်သရုပ်ဆောင်ခဲ့သည့် မင်းသားဂျရမီရန်နာသည် နှင်းများကို ဖယ်ရှားနေစဉ်အတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနောက် ဆေးရုံတက်ရောက် ကုသမှုခံယူခဲ့ရပြီး ဇန်နဝါရီ ၃ ရက်တွင် ပြန် လည်သက်သာခဲ့ကာ Instagram တွင် ဆယ်ဖီပုံတစ်ပုံတင်၍ ၎င်းအတွက် ဆုတောင်းပေးခဲ့သည့် ပရိသတ်များကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။
ရန်နာသည် နီဗားဒါးရှိ ဆေးရုံကုတင်ပေါ်မှနေ၍ ဆယ်ဖီရိုက်ကူးခဲ့ထားသည့်ပုံကို တင်ခဲ့ခြင်းဖြစ်ပြီးမျက်နှာတွင်ဒဏ်ရာများနှင့် အတူ နှာခေါင်းတွင် အောက်ဆီဂျင်ပိုက်တပ်ထားရသည်ကို မြင်တွေ့ရသည်။
ရန်နာ၏ ပြောရေးဆိုခွင့်ရှိသူနှင့် ဒေသခံတာဝန်ရှိသူများ၏ ဇန်နဝါရီ ၂ ရက်တွင် ပြောကြားချက်အရ ရန်နာသည် နှစ်သစ်ကူးနေ့ မတော်တဆမှုအတွင်း အရေးပေါ်အခြေအနေဖြစ်ခဲ့သော်လည်း လက်ရှိတွင် အခြေအနေ တည်ငြိမ်ကောင်းမွန်သွားပြီဖြစ်သည်ဟု ဆိုသည်။
သူသည် ယင်းမတော်တဆမှုအတွင်း ရင်ဘတ်နှင့် အရိုးအကြောပိုင်းဆိုင်ရာဒဏ်ရာများ ရရှိခဲ့သည်ဟု ၎င်း၏ပြောရေးဆိုခွင့် ရှိသူက ပြောကြားခဲ့သည်။
အသက် ၅၁ နှစ်အရွယ် ရန်နာသည် နှစ်သစ်ကူးနေ့တွင် နှင်းများထူထပ်နေသော တောင်၏နံဘေးရှိ ၎င်း၏အိမ်အပြင်ဘက်၌ သောင်တင်နေသောကားတစ်စီးကို ကူညီရန်ကြိုးပမ်းခဲ့စဉ် ၎င်း၏ကိုယ်ပိုင်မော်တော်ယာဉ်ဖြင့် တိုက်ခံခဲ့သည်ဟု ရီနိုမြို့တော်ဝန် ဟီလာရီချိဗ်က ပြောကြားခဲ့သည်။
“ရန်နာဟာ နှင်းထုထဲမှာ သောင်တင်နေတဲ့သူကို ကူညီခဲ့တာပါ”ဟု ချိဗ်က ဆိုသည်။ ချိဗ်က သူနှင့်ရန်နာတို့သည် သူငယ်ချင်းများဖြစ်ကြောင်း ရီနိုမြို့မှ တာဟိုးကန်ကို ဆက်သွယ်ထားသည့် မောင့်ရို့စ်အဝေးပြေးလမ်း အနီးတွင် ယင်းမတော်တဆမှုဖြစ်ပွားခဲ့ပြီး နောက်ဖုန်းခေါ်ဆိုမှုတစ်ခုကို လက်ခံရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။
ရန်နာသည် ၂၀၀၈ ခုနှစ်ကထွက်ရှိသည့် The Hurt Locker ရုပ်ရှင်ဖြင့် အကောင်းဆုံးသရုပ်ဆောင်အကယ်ဒမီဆုအတွက် ဆန်ခါ တင်စာရင်းဝင်ခဲ့သည်။ သူသည် ၂၀၁၀ ခုနှစ်က The Town ရုပ်ရှင်ဖြင့် ဇာတ်ပို့ဆုအတွက် ဆန်ခါတင်စာရင်းဝင်ခဲ့သည်။