အစားအစာနှင့် လောင်စာ စျေးနှုန်းများ မြင့်တက်လာခြင်းက ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများရှိ ပြည်သူ ၇၁ သန်းကို ဆင်းရဲမွဲတေမှုဆီ တွန်းပို့ခဲ့သည်ဟု ဇူလိုင် ၇ ရက်တွင် ထုတ်ပြန်ခဲ့သည့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ၏ အစီရင်ခံစာအရ သိရသည်။
လွန်ခဲ့သောသုံးလတွင် ဖွံ့ဖြိုးဆဲကမ္ဘာ၏ ဆင်းရဲမွဲတေမှုနှုန်း မြင့်တက်လာခြင်းသည် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ၏ ရှော့ခ်ထက် သိသိသာသာမြန်ဆန်နေသည်ဟု သတင်းမီဒီယာကို ထုတ်ပြန်ပေးခဲ့သော အစီရင်ခံစာတွင် UNDP က ဖော်ပြထားပြီး ယူကရိန်း၌ ဖြစ်ပွားနေသော စစ်ပွဲ၏အစိတ်အပိုင်းတစ်ရပ်အနေဖြင့် စျေးနှုန်းများတက်လာခြင်းကို အပြစ်တင်ထားသည်။ ပြဿနာကြီးထွားလာမှုကို ကိုင်တွယ်ဖြေရှင်းရန် စွမ်းအင်အတွက် အစိုးရထောက်ပံ့ကြေးများပေးသည်ဆိုခြင်းထက် အိမ်ထောင်စုများထံ ငွေသားလွှဲပြောင်းပေးခြင်းများက ပိုမိုသင့်လျော်ပြီး အကုန်အကျပိုမိုသက်သာသည်ဟု ဆိုသည်။
ငွေဖောင်းပွမှုကို ကိုင်တွယ်ရန် ဗဟိုဘဏ်များက အတိုးနှုန်းများကို မြှင့်တင်ခြင်းသည် စီးပွားကျဆင်းမှုကြောင့် ဖြစ်ပေါ်သော ဆင်းရဲမှုကို ပိုမိုဆိုးရွားစေမည်ဟု UNDP က သတိပေးထားသည်။
ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး၏ အလားအလာသည် ဧပြီလကတည်းက သိသိသာသာ ဆိုးရွားလာသည်ဟု ဇူလိုင် ၆ ရက်တွင် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၏ အကြီးအကဲက ထုတ်ဖော်ပြောကြားလိုက်ပြီး မြင့်မားလာသော ဘေးအန္တရာယ်များကြောင့် ရှေ့နှစ်တွင် ဖြစ်လာနိုင်စရာရှိသည့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကျဆင်းမှုကို ၎င်းက ငြင်းဆန်ခဲ့ခြင်းမရှိပေ။
ကမ္ဘာလုံးဆိုင်ရာစီးပွားရေး တိုးတက်မှု ၃ ဒသမ ၆ ရာခိုင်နှုန်းရှိမည်ဟု ယခုနှစ်တွင် တတိယအကြိမ်မြောက် ခန့်မှန်းချက်ဖြစ်သည့် IMF ၏၂၀၂၂ ခုနှစ်ခန့်မှန်းချက်အရလာမည့် သီတင်းပတ်များတွင် ရန်ပုံငွေသည် ကျဆင်းသွားလိမ့်မည်ဟု IMF စီမံခန့်ခွဲမှု ဒါရိုက်တာ ခရစ္စတယ်လီနာဂျော်ဂျီဗာက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပြီး IMF စီးပွားရေးပညာရှင်များသည် ကိန်းဂဏန်းသစ်များကို အချောသတ် လုပ်ဆောင်နေဆဲ ဖြစ်သည်ဟု ဖြည့်စွက်ပြောကြားခဲ့သည်။
IMF သည်ဧပြီလတွင် ၎င်း၏ ခန့်မှန်းချက်ကို ရာနှုန်းပြည့်ပွိုင့်နီးပါး လျှော့ချခဲ့ပြီးနောက် ၂၀၂၂ ခုနှစ်နှင့် ၂၀၂၁ ခုနှစ်တို့အတွက် ၎င်း၏ ပြန်လည်ပြင်ဆင်ထားသော ခန့်မှန်းချက်ကို ဇူလိုင်လနှောင်းပိုင်းတွင် ထုတ်ပြန်မည်ဟု မျှော်လင့်ရသည်။ ကမ္ဘာလုံးဆိုင်ရာစီးပွားရေးသည် ၂၀၂၁ ခုနှစ်တွင် ၆ ဒသမ ၁ ရာခိုင်နှုန်းတိုးတက်ခဲ့သည်။
“ဧပြီလမှာ ကျွန်မတို့ရဲ့ ပြင်ဆင်မွမ်းမံမှုကို လုပ်ပြီးကတည်းက အလားအလာဟာ သိသိသာသာဆိုး ရွားလာခဲ့ပါတယ်”ဟု ၎င်းက ရိုက်တာကို ပြောကြားခဲ့သည်။
ယင်းသို့ ဖြစ်ရခြင်းမှာ နေရာတိုင်း၌ ငွေဖောင်းပွမှုများ ဖြစ်ပေါ်နေခြင်း၊ အတိုးနှုန်းများ သိသိသာသာမြင့်တက်နေခြင်း၊ တရုတ်စီးပွားရေးတိုးတက်မှု နှေးကွေးနေခြင်း၊ ယူကရိန်း၌ ရုရှားဆင်နွှဲနေသော စစ်ပွဲနှင့် ဆက်စပ်သည့် ပိတ်ဆို့မှုများပြားလာခြင်းတို့ကြောင့် ဖြစ်သည်ဟု ရိုက်တာနှင့် အင်တာဗျူးတွင် ဂျော်ဂျီဗာက ပြောကြားခဲ့သည်။
“ကျွန်မတို့ဟာ အလွန်လှိုင်းထန်တဲ့ ပင်လယ်ထဲကို ရောက်နေကြပါတယ်။ ဘေးအန္တရာယ်က မြင့်တက်လာတယ်။ ဒါကြောင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကျဆင်းမှုကို ကျွန်မတို့ မငြင်းနိုင်ပါဘူး”ဟု ၎င်းက ပြောကြားခဲ့သည်။
တရုတ်နှင့် ရုရှားတို့အပါအဝင် စီးပွားရေး အင်အားကြီးနိုင်ငံအချို့သည် ဒုတိယသုံးလပတ်တွင် စီးပွားရေးကျဆင်းသွားသည်ဟု မကြာခင်က ရရှိခဲ့သော စီးပွားရေးဆိုင်ရာအချက်အလက်များတွင် ဖော်ပြထားပြီး ၂၀၂၃ ခုနှစ်တွင် ဘေးအန္တရာယ်သည် ပိုမိုမြင့်မားလာမည်ဟု ဖော်ပြထားသည်။
“ခက်ခဲတဲ့၂၀၂၂ ဖြစ်လာနေ ပါတယ်။ ဒါပေမဲ့ ပိုလို့တောင်ခက်ခဲတဲ့ ၂၀၂၃ လည်း ဖြစ်လာနိုင်ပါတယ်။ စီးပွားရေးကျဆင်းမှု အန္တရာယ်တွေဟာ ၂၀၂၃ မှာ တိုးလာမှာပါ” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ရင်းနှီးမြှုပ်နှံသူများသည် ဇူလိုင် ၆ ရက်က အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန၏ အကျိုးအမြတ် မျဉ်းကွေးနှစ်ရက်ဆက်ပြောင်းပြန်ဖြစ်သွားသဖြင့် စီးပွားရေးကျဆင်းမှု အန္တရာယ်နှင့်ပတ်သက်၍ စိုးရိမ်မှု ကြီးထွားလာခဲ့သည်။
အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန၏ အကျိုးအမြတ်မျဉ်းကွေးသည် စီးပွားရေးကျဆင်းမှု နီးကပ်လာပြီဖြစ်ကြောင်း ဖော်ပြနေသည့် ယုံကြည်စိတ်ချရသော အညွှန်းတစ်ခု ဖြစ်သည်။
စီးပွားရေးတိုးတက်မှု ပိုမိုနှေးကွေးနေခြင်းသည် ကုန်စျေးနှုန်းများ ပြန်လည်တည်ငြိမ်ရေးအတွက် အရေးပေါ်လိုအပ်ချက်တစ်ခုဖြစ်သောကြောင့် လိုအပ်သည့် တန်ဖိုးကို ပေးဆပ်ရနိုင်သည်ဟု ၎င်းကပြောကြားခဲ့ပြီး ကမ္ဘာ့စီးပွားရေးပြန်လည်တည်ငြိမ်ရန် ကုန်စျေးနှုန်းများကို ထိန်းချုပ်ရမည်ဟု ပြောကြားခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့် စွမ်းအင်အကျပ်အတည်းနှင့် ကုန်ကြမ်းပြတ်လပ်မှုများအပြင် သုံးစွဲသူများ၏ဝယ်လိုအား ပျော့လာမှုကြောင့် မြန်မာနိုင်ငံရှိ ကုန်ထုတ်လုပ်ငန်းများမှာ မြန်ဆန်စွာ ဆုတ်ယုတ်လာနေကြောင်း စစ်တမ်းတစ်ခုတွင် ဖော်ပြထားသည်။
အာဆီယံ၏ ထုတ်လုပ်ရေးကဏ္ဍသည် ဇွန်လတွင် လုပ်ကိုင်မှု အခြေအနေများ တိုးတက်လာကြောင်း မှတ်တမ်းတင်ခဲ့သည်ဟု ၂၀၂၂ ခု နှစ် ဇွန်လအတွက် ထုတ်ပြန်သည့် S&P Global အာဆီယံထုတ်လုပ်မှု PMI (Manufacturing Purchasing Manager’s Index-ထည့် ကုန်ဝယ်ယူရေးမန်နေဂျာများ၏ အညွှန်း) စစ်တမ်းအရ သိရသည်။
“စောင့်ကြည့်လေ့လာနေတဲ့ ခုနစ်နိုင်ငံထဲက လေးနိုင်ငံတွင် ဇွန်လမှာ တိုးထုတ်လုပ်မှု နှေးလာခဲ့ပြီး မြန်မာနိုင်ငံကမူ ကျဆင်းမှုကို မှတ်တမ်းတင်ဖြစ်ခဲ့ပါတယ်။ မြင့်တက်လာနေတဲ့ ငွေကြေးဖောင်းပွမှု၊ ကုန် ကြမ်းပစ္စည်း ပြတ်လပ်မှုနဲ့ စွမ်းအင်စရိတ်များ ထိုးတက်သွားမှုတို့က နိုင်ငံတိုင်းအပေါ်ကို တစ်နည်းနည်းနဲ့ သက်ရောက်မှုရှိခဲ့ပါတယ်”ဟု S&P Global Market Intelligence မှ စီးပွားရေးပညာရှင် Maryam Baluch က ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ ထုတ်လုပ်ရေးကဏ္ဍ တစ်ဝန်းတွင် လုပ်ကိုင်မှုအခြေအနေများ ပိုမိုလျင်မြန်စွာဆုတ် ယုတ်လာနေကြောင်း ၂၀၂၂ ခုနှစ် ဇွန်လအတွက် ထုတ်ပြန်သည့် S&P Global မြန်မာထုတ်လုပ်မှု (Manufacturing Purchasing Manager’s Index-ထည့်ကုန် ဝယ်ယူရေး မန်နေဂျာများ၏ အညွှန်း) စစ်တမ်းအရ သိရသည်။
ထုတ်လုပ်မှုနှင့် အော်ဒါအသစ်များ နှစ်ခုစလုံး ပိုမြန်သည့်နှုန်းဖြင့် ကျဆင်းလာသည်။ ထို့ပြင် ထည့်ကုန် စရိတ်များနှင့် ထုတ်လုပ်ရေးကုမ္ပဏီများ၏ ရောင်းစျေးများမှာ ဇွန်လတွင် တစ်ဟုန်ထိုး မြင့်တက်သွားရာ စစ်တမ်းကို စတင်ခဲ့သည့် ၂၀၁၅ ခုနှစ် မှစပြီး အမြန်ဆုံးနှုန်းများအနက် တစ်ခုဖြစ်လာသည်။
အဓိကအကျဆုံးအညွှန်းကိန်း ကျဆင်းလာခဲ့ရမှုမှာ ထုတ်လုပ်မှု ပမာဏများ ပိုမိုမြန်ဆန်စွာ ကျဆင်းလာမှုကြောင့်ဖြစ်သည်။ ကုမ္ပဏီများက ထုတ်လုပ်မှုနိမ့်ကျလာခြင်းကို သုံးစွဲသူများဘက်မှ ဝယ်လိုအား ပျော့လာခြင်းနှင့်လည်းကောင်း၊ ကုန်ကြမ်းများနှင့် လျှပ်စစ်ပြတ်လပ်မှုများနှင့်လည်းကောင်း ဆက်စပ်နေကြောင်း ရှင်းပြကြသည်။
ထို့ပြင် ရောင်းစျေးများ မြင့်တက်လာပြီး သုံးစွဲသူများ၏ ဘဏ္ဍာရေးကန့်သတ်ချက်များရှိနေခဲ့ခြင်းကြောင့် ထုတ်လုပ်ရေးကုမ္ပဏီများ ရရှိခဲ့ကြသည့်လုပ်ငန်းများမှာ နှစ်လဆက်တိုက် နည်းပါးလာခဲ့သည်။ ကျဆင်းမှုနှုန်းမှာ မတ်လမှစပြီး အနက်ရှိုင်းဆုံးဖြစ်လာသည်။
ရောင်းချရမှုများ ကျဆင်းလာခဲ့သည်နှင့်အညီ ဝယ်ယူရေးလုပ်ငန်းများပါ တစ်ဟုန်ထိုးကျသွားခဲ့ပြီး ကုမ္ပဏီများသည် ထည့်သုံးရသည့် ပစ္စည်းများကို ဝယ်ယူရန် လက်တွန့် နေခဲ့ကြသည်။
ကျဆင်းမှုအရှိန်မှာ ၂၀၂၁ ခု နှစ် စက်တင်ဘာလမှစပြီး အမြန်ဆုံး ဖြစ်လာသည်။ ပါဝင်ဖြေကြားသူတို့က ကုန်ကြမ်းပစ္စည်းများ၏ စျေးနှုန်းများ မြင့်တက်လာမှုပါထည့်ကုန်ဝယ်ယူမှုများအပေါ် ဖိစီးနေခဲ့ကြောင်းကို ညွှန်ပြခဲ့ကြကြောင်း၊ ကုမ္ပဏီများသည် အော်ဒါများကို ဖြည့်စွမ်းပေးရန် လက်ရှိသိုလှောင်ကုန်များကို ဆက်အားကိုးခဲ့ကြောင်း ဇွန်လ၏ဒေတာက ထောက်ပြနေကြောင်း၊ သို့ဖြစ်ရာ ထုတ်လုပ်မှုအကြိုနှင့် ထုတ်လုပ်မှုအပြီး လက်ကျန်စာရင်း နှစ်ရပ်စလုံး ကျဆင်းသွားခဲ့ကြောင်း ဖော်ပြထားသည်။
“ဝယ်လိုအားအခြေအနေ အားပျော့လာခဲ့ကာ ပစ္စည်းပေးသွင်းမှုဆိုင်ရာ စိန်ခေါ်မှုတွေဟာ ထုတ်လုပ်ရေးကဏ္ဍအပေါ် ဆက်ဖိစီးနေခဲ့ကြတယ်။ ဒါ့အပြင် စွမ်းအင် အကျပ်အတည်းနဲ့ ကုန်ကြမ်း ပစ္စည်းပြတ်လပ်မှုတွေ ရှိမြဲရှိနေခြင်းက ထုတ်လုပ်ရေးကုမ္ပဏီတွေ ရင်ဆိုင်နေကြရတဲ့ ပြဿနာတွေကို ပိုမိုဆိုးရွားလာစေပါတယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။
စျေးနှုန်းများနှင့်ပတ်သက်ပြီး ပျမ်းမျှကုန်ကျစရိတ်များနှင့် ကုန်စည်ထုတ်လုပ်သူတို့က တောင်းဆိုကြသည့် ရောင်းစျေးနှစ်ရပ်စလုံး တစ်ဟုန်ထိုးမြင့်တက်လာခဲ့သည်။ ကုမ္ပဏီများက ကုန်ကြမ်းပစ္စည်းများနှင့် ပို့ဆောင်ရေးကဲ့သို့သော စရိတ်စကများစွာတို့မှာ မြင့်တက်လာခဲ့ကြောင်း ထောက်ပြလျက် ရောင်းစျေးများကို မြှင့်တင်ပေးခြင်းဖြင့် တစ်စိတ်တစ်ဒေသကို စျေးဝယ်များအပေါ်သို့ လွှဲချခဲ့ရကြောင်း ဖော်ပြကြသည်။
“လာမယ့်တစ်နှစ်ကာလအတွက် မျှော်မှန်းချက်မှာ အားပျော့လာခဲ့ပြီး ငွေကြေးဖောင်းပွမှုမှာ အားကောင်းနေလျက် နိုင်ငံရေးမှာ မရေမရာဖြစ်မြဲဖြစ်နေခြင်းက ကဏ္ဍရဲ့အခြေအနေကို ပိုခက်ခဲလာစေပါတယ်။ အလားအလာတွေက မြန်မာနိုင်ငံရဲ့ ထုတ်လုပ်ရေးကဏ္ဍနဲ့ ဆန့်ကျင်ဘက်ဖြစ်နေကြတဲ့အတွက် ဒီကဏ္ဍဟာ မကြာတော့တဲ့အနာဂတ်တစ်ချိန်ချိန်မှာ တိုးတက်မှုဘက်ဆီ ဦးမော့လာမယ်လို့ ပြောဖို့မလွယ်ပါဘူး”ဟု စီးပွားရေးပညာရှင် Maryam Baluch က သုံးသပ်ပြောကြားခဲ့သည်။
ကမ္ဘာ့ဘဏ်က ၂၀၂၂ ခုနှစ် ဇွန်တွင် နှစ်စဉ်ထုတ်ပြန်သည့် ကမ္ဘာ့စီးပွားရေးအလားအလာခန့်မှန်းမှုတွင် မြန်မာ့စီးပွားရေး အခြေအနေကို မခန့်မှန်းတော့ဘဲ ချန်လှပ်ထားကြောင်း ၂၀၂၂ ခုနှစ် ဇွန်လအတွက် ထုတ်ပြန်သည့် ကမ္ဘာ့စီးပွားရေးအလားအလာတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံမှအပ ကျန်အာဆီယံဒေသတွင်း အဖွဲ့ဝင်နိုင်ငံအားလုံး စီးပွားရေး တိုးတက်မှုရှိနိုင်ကြောင်း အစီရင်ခံစာက ဖော်ပြခဲ့ပြီး အရှေ့အာရှနှင့် ပစိဖိတ်ဒေသ (EAP) နိုင်ငံအတွင်း စီးပွားရေး အလားအလာခန့် မှန်းချက်မှ ဖယ်ထုတ် ခြင်းခံရသည့် တစ်ခုတည်းသော နိုင်ငံလည်းဖြစ်သည်။
အာဆီယံနိုင်ငံများအတွင်း ၂၀၂၂ ခုနှစ်အတွင်း စီးပွားရေးတိုးတက်မှုများရှိသည်ဟုဆိုထားသော်လည်း မြန်မာနိုင်ငံအတွက် ၂၀၂၂ ခုနှစ်၏ စီးပွားရေးအခြေအနေများကို ခန့်မှန်းနိုင်စွမ်းမရှိတော့ကြောင်း ကမ္ဘာ့ဘဏ်က ဆိုသည်။










