လက်နက်ကိုင် ပဋိပက္ခ၊ အရပ်သား လုံခြုံရေးနှင့် မြန်မာ့နိုင်ငံရေး ဖြစ်စဉ်

လက်နက်ကိုင် ပဋိပက္ခ၊ အရပ်သား လုံခြုံရေးနှင့် မြန်မာ့နိုင်ငံရေး ဖြစ်စဉ်
Published 10 July 2022

ကျောက်ကြီးမြို့နယ်အတွင်း ကျေးရွာများတွင် တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် ဒေသခံပြည်သူအချို့ နီးစပ်ရာမြို့နယ်များသို့ ရွှေ့ပြောင်းနေသည်ကို တွေ့ရစဉ်

တပ်မတော်က နိုင်ငံတော်၏ အာဏာကို ရယူပြီးနောက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ PDF များနှင့် တပ်မတော်တို့ အကြား ပြင်းထန်သော လက်နက်ကိုင်ပဋိပက္ခ များ လက်ရှိအချိန်အထိ ဖြစ်ပွားနေဆဲ ဖြစ် သည်။

ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ စစ် ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် လက်နက်ကိုင်ပဋိပက္ခများ ပြင်းထန်နေသည်။     

ကရင်ပြည်နယ်နှင့် ကယားပြည်နယ်တို့ တွင်မူ လက်ရှိအချိန်အထိ လက်နက်ကိုင်ပဋိပက္ခ အပြင်းထန်ဆုံးဟု ဆိုရမည်။ 

KNU ဗဟို၏ ဇူလိုင် ၆ ရက် သတင်းထုတ် ပြန်ချက်အရ KNU  ထိန်းချုပ်နယ်မြေများတွင် ၂၀၂၂ ခုနှစ် ဇန်နဝါရီမှ  ဇွန်အထိ ခြောက်လအတွင်း ကရင်အမျိုးသား လွတ်မြောက်ရေးတပ် ဖွဲ့ (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေး တပ်ဖွဲ့ (KNDO) နှင့် တပ်မတော်၊ နယ်ခြား စောင့်တပ် (BGF) တို့အကြား တိုက်ပွဲကြီး၊ တိုက်ပွဲငယ် စုစုပေါင်း ၂၆၈၆ ကြိမ် ဖြစ်ပွားခဲ့ သည်။

အဆိုပါ တိုက်ပွဲများအတွင်း တပ်မတော်၊ BGF ဘက်မှ ၂၂၀၈ ဦး သေဆုံးပြီး ၁၅၄၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

KNLA၊ KNDO ဘက်မှ ၈၄ ဦး သေဆုံး ခဲ့ပြီး ၁၇၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

အဆိုပါ တိုက်ပွဲများတွင် တပ်မတော်ဘက်မှ လေကြောင်းပစ်ကူ၊ လက်နက်ကြီး ပစ်ကူများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အရပ်သား ၇၂ ဦး သေဆုံးခဲ့ပြီး ၁၅၅ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်။

အဆိုပါစစ်ရေးလှုပ်ရှားမှုများတွင် တပ် မတော်က လေကြောင်းပစ်ကူ၊ လက်နက်ကြီး ပစ်ကူများဖြင့် ကူညီပေးရသည့်အထိ လက်နက်ကိုင်ပဋိပက္ခမှာ ပြင်းထန်ခဲ့သည်။

ကရင်ပြည်နယ် မြဝတီမြို့ နယ် ဝေါလေ ဒေသရှိ ဥကရစ်ထ စစ်ဆင်ရေးခြေကုပ်စခန်း ကို KNLA နှင့် PDF တို့က ဇွန် ၂၆ ရက်မှစတင် ကာ ပူးပေါင်းတိုက်ခိုက်ခဲ့သည်။

ရက်သတ္တတစ်ပတ်ခန့် ကြာမြင့်ခဲ့သည့် ဥကရစ်ထစခန်းတိုက်ပွဲတွင် KNLA ၊ KNDO၊ PDF နှင့် တပ်မတော်တို့အကြား နှစ်ဖက်သေ ဆုံး ဒဏ်ရာရရှိမှုများ မြင့်တက်ခဲ့သည်။

တပ်မတော်ဘက်က တိုက်လေယာဉ်များ၊ ပေါက်ကွဲအား ပြင်းထန်သည့် လက်နက်ကြီး များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် တိုက်ပွဲဧရိယာရှိ ဒေသခံများ ဘေးလွတ်ရာ သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

တပ်မတော်မှ လေကြောင်းနှင့် လက်နက် ကြီးပစ်ကူများဖြင့် ပစ်ခတ်တိုက်ခိုက်ချေမှုန်း ခြင်း၊ စစ်ကူစစ်ကြောင်းများအား လေကြောင်း မှတစ်ဆင့် ပို့ဆောင်၍ နယ်မြေလုံခြုံရေးလုပ် ငန်းများကို တိုးမြှင့်လုပ်ဆောင်ခဲ့သည်ဟု ဥကရစ်ထစခန်း တိုက်ပွဲအခြေအနေနှင့်ပတ် သက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရုံးက ဇူလိုင် ၁ ရက်တွင် သတင်းထုတ်ပြန် သည်။                            

ထိုသို့ လေကြောင်းပစ်ကူ၊ လက်နက်ကြီး ပစ်ကူနှင့် စစ်အင်အားစစ်ကူများ လေကြောင်း မှ ပို့ဆောင်၍ နယ်မြေရှင်းလင်းရေး ဆောင် ရွက်မှုများကြောင့် ဇူလိုင် ၁ ရက် မွန်းလွဲ ပိုင်းတွင် ဥကရစ်ထစခန်းအား သိမ်းပိုက်ရရှိ ခဲ့သည်ဟုလည်း တပ်မတော်၏ သတင်းထုတ် ပြန်ချက်တွင် ဖော် ပြထားသည်။

တပ်မတော်၏ သတင်းထုတ်ပြန်ချက် တွင် ၎င်းတို့ဘက်မှ ထိခိုက်မှုမရှိကြောင်းဖော်ပြ ထားသည်။

သို့သော်လည်း KNU ဗဟို၏ ဇူလိုင် ၆ ရက် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထား သော နှစ်ဖက်ထိခိုက်သေဆုံးမှုစာရင်းသည် ဥကရစ်ထစခန်းတိုက်ပွဲလည်း အပါအဝင် ဖြစ်သည်။

ဥကရစ်ထစခန်းတိုက်ပွဲအပါအဝင် KNU ထိန်းချုပ်နယ်မြေများတွင် ဖြစ်ပွားခဲ့ သော တိုက်ပွဲများကြောင့် အရပ်သား သေဆုံး ဒဏ်ရာ ရရှိမှုများရှိခဲ့ပြီး အရပ်သားအများ အပြား နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေ သည်။

ဇူလိုင် ပထမပတ်တွင် ရှမ်းပြည်နယ် (တောင်ပိုင်း) နှင့် ကယားပြည် နယ် နယ်စပ်ရှိ ဖယ်ခုံမြို့နယ်တွင် တပ်မတော်နှင့် ဒေသတွင်း လက်နက်ကိုင်အဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွား ခဲ့သည်။

ယင်းတိုက်ပွဲအတွင်း နှစ်ဖက် သေဆုံး ထိခိုက်ဒဏ်ရာရရှိမှုများ ရှိခဲ့သည်။

တပ်မတော်က နိုင်ငံတော်၏ အာဏာရ ယူပြီးနောက် ကယားပြည်နယ်အတွင်းရှိ ဒေသအချို့တွင် တပ်မတော်နှင့် ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ဒေ သတွင်းလက်နက်ကိုင်အဖွဲ့များအကြား တိုက်ပွဲများဖြစ်ပွားခဲ့ကြသည်။

အချို့သော တိုက်ပွဲများတွင် တပ်မတော် ဘက်က လေကြောင်းနှင့် လက်နက်ကြီးပစ်ကူ များ အသုံးပြုကာ ပြင်းထန်စွာ ထိုးစစ်ဆင်ခဲ့ သည်။

နှစ်ဖက်တိုက်ပွဲများအကြား ကျေးရွာများ မီးလောင်ပျက်စီးဆုံးရှုံးမှုများရှိခဲ့ပြီး အရပ်သား သေဆုံးမှုများနှင့် နေရပ်စွန့်ခွာထွက်ပြေး တိမ်း ရှောင်မှုဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့သည်။

ကယားပြည်နယ်တွင် လက်ရှိအချိန်အထိ မြေပြင်တွင် ပြင်းထန်သော စစ်ရေးလှုပ်ရှားမှုများနှင့် စစ်ရေးတင်းမာမှုများ ဖြစ်နေ ဆဲပင်ဖြစ်သည်။

စစ်ကိုင်းတိုင်းဒေသကြီးရှိ ဒေသအချို့တွင် ဒေသကာကွယ်ရေး တပ်ဖွဲ့များနှင့် တပ်မတော်တို့ တိုက်ပွဲများ ဖြစ်ပွားနေဆဲဖြစ်သည်။

ရွာလုံးကျွတ် မီးတင်ရှို့ခံနေရသည့် ဖြစ်စဉ်များအပါအဝင် နေအိမ်အများအပြား မီးရှို့ခံရမှုဖြစ်စဉ်များကြောင့် အရပ်သားများ ဘေး လွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။

မိုင်းထောင်၊ မိုင်းဆွဲတိုက်ခိုက်ခြင်းများ အပါအဝင် နှစ်ဖက်လက်နက်ကိုင်ပဋိပက္ခများ အတွင်း နှစ် ဖက်တပ်ဖွဲ့ဝင်များနှင့် အရပ်သား များ သေဆုံးထိခိုက်ဒဏ်ရာရှိမှုများလည်း ရှိနေသည်။

ရွာလုံးကျွတ် ပြာကျနေသည့် မီးလောင် ပြင်များသည် အနိဋ္ဌာရုံ များ ပြည့်နှက်နေသည့်  စစ်တလင်းသဖွယ်ဖြစ်နေသည်။

ထို့ပြင် အရပ်သားများအကြား တစ်ဖက် နှင့် တစ်ဖက် သူလျှိုဒလန်ဟူသော စွပ်စွဲ ချက်များဖြင့် အကြမ်းဖက်သတ်ဖြတ်မှုများ လည်း ကြီးစိုးနေသည်။

မကွေးတိုင်းဒေသကြီးတွင်လည်း ဒေသ ကာကွယ်ရေးတပ်ဖွဲ့များနှင့် တပ်မတော်တို့ အကြား တိုက်ပွဲဖြစ်ပွားမှုများ ရှိနေသည်။

စစ်ကိုင်းတိုင်းဒေသကြီးတွင် ဖြစ်ပွား နေသော ဖြစ်စဉ်များကဲ့သို့ အပြန်အလှန် စွပ် စွဲသတ်ဖြတ်မှုများနှင့် နေအိမ်မီးရှို့ခံရမှု ဖြစ် စဉ်များလည်း မကွေးတိုင်းဒေသကြီးရှိ ဒေသ အချို့တွင် ရှိနေသည်။

မြန်မာနိုင်ငံအတွင်းရှိ ဒေသအသီးသီး တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ၊ PDF များအကြား ဖြစ်ပွားနေသော တိုက်ပွဲများကြောင့်   အရပ် သားများ လုံခြုံရေးအပေါ် ထိခိုက်မှုများ ရှိလာ သည်။

မြို့ကြီးပြကြီးများတွင်  နေ့ခင်းကြောင် တောင် အကြမ်းဖက်လုယက်သတ်ဖြတ်မှုများ ကြီးစိုးလာသည်။

လက်နက်ကိုင်ပဋိပက္ခနှင့် နိုင်ငံရေးဆိုင် ရာ ၀ိ၀ါဒကွဲပြားမှုများက အရပ်သားများ၏ အသက်အိုးအိမ် စည်းစိမ်လုံခြုံရေးအပေါ် ကြီးမားစွာ ထိခိုက်ခြိမ်းခြောက်လာနေခြင်း ဖြစ်သည်။

နစကတာဝန်ရှိသူများက လုံ ခြုံရေးကဏ္ဍနှင့်ပတ်သက်၍ တတ်နိုင်သမျှဆောင်ရွက်နေ သည်ဟုဆိုသော်လည်း လက်ရှိအချိန်အထိ အရပ်သားများအပေါ် အကာအကွယ်ပေးရေး မှာ ထိရောက်မှုမရှိသည်ကို တွေ့ရသည်။

လက်နက်ကိုင်ပဋိပက္ခများကြောင့်ပင် နိုင်ငံတစ်ဝန်း၌ သန်းနှင့်ချီသော အရပ်သား များမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင် နေရသည်။

မြန်မာ-ထိုင်း နယ်စပ်တွင် ဖြစ်ပွားနေ သော တိုက်ပွဲများကြောင့် မြန်မာနိုင်ငံသား အများအပြား ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေး တိမ်းရှောင် နေရသည်။

မိုးတွင်းကာလဖြစ်သဖြင့် စစ်ဘေးရှောင် နေရသော သက်ကြီးရွယ်အိုများနှင့် ကလေး သူငယ်များမှာ များပြားလှသော လူမှုဒုက္ခများ ကို ခါးစည်းခံစားကြရမည်ဖြစ်သည်။

တပ်မတော်က နိုင်ငံတော်၏ အာဏာရ ယူပြီးနောက် ပြည်တွင်းတွင် ရင်ဆိုင်နေရသည့် လူမှုစီးပွား ဘဝဆိုင်ရာ အကျပ်အတည်းမျိုးစုံ အား ဖြေရှင်းနိုင်ရေးအတွက် နိုင်ငံတကာ အသိုင်းအဝိုင်းက ကြိုးစားနေသော်လည်း လက်ရှိအချိန်အထိ ထူးခြားမှုမရှိသေးပေ။

မြန်မာနိုင်ငံတွင် ရင်ဆိုင်ကြုံ တွေ့နေရ သည့် အထွေထွေအကျပ်အတည်းအား ဖြေ ရှင်းနိုင်ရေးအတွက် မြန်မာနိုင်ငံဆိုင်ရာ အာ ဆီယံ အထူးကိုယ်စားလှယ် ပရက်ခ်ဆော့ခွန်း သည် ဇွန် ၂၉ ရက်မှ ဇူလိုင် ၃ ရက်အထိ မြန် မာနိုင်ငံသို့ ရောက်ရှိလာသည်။

၎င်းင်းသည် နစကဥက္ကဋ္ဌ၊ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်နှင့် နေပြည်တော်တွင် ဇွန် ၃၀ ရက်က တွေ့ဆုံခဲ့သည်။

အဆိုပါတွေ့ဆုံမှုတွင် အာဆီယံဘုံ သဘောတူညီချက် ငါးရပ်အား အကောင် အထည်ဖော်ဆောင်ရွက်မှုနှင့် တိုးတက်မှုရှိ သည့်အခြေအနေများ၊ PDF ၏ တိုက်ခိုက်မှု များနှင့် ငြိမ်းချမ်းရေးအတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဆွေးနွေး မှုအခြေအနေများအား ဆွေးနွေးခဲ့ကြသည်ဟု တပ်မတော်ဘက်က သတင်းထုတ်ပြန်သည်။

ထို့ပြင် မြန်မာပြည်သူလူထုအတွက် လူ သားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူ အညီများ ရရှိ ရေး ဆောင်ရွက်နေမှုအခြေအနေ များအား ဆွေးနွေးခဲ့ကြောင်းလည်း ဇွန် ၃၀ ရက်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရုံးက သတင်းဖော်ပြသည်။

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူး ကိုယ်စားလှယ်သည် ဇူလိုင် ၁ ရက်တွင် နေ ပြည်တော်၌ NCA စာချုပ် လက်မှတ်ရေးထိုး ထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းခုနစ်ဖွဲ့နှင့် တွေ့ဆုံသည်။

ယင်းတွေ့ဆုံမှုတွင် အပစ်အခတ်ရပ်စဲ ရေး၊ အမှန်တကယ် ဒုက္ခရောက်နေသူများထံ လူသားချင်းစာနာထောက်ထားမှု အကူအညီ များ ရောက်ရှိရေး၊ နိုင်ငံရေးတွေ့ဆုံဆွေးနွေး ပွဲဖြစ်မြောက်ရေးတို့ကို ဖော်ဆောင်နိုင်ရေး အတွက် ကြိုးပမ်းသွားမည့်အကြောင်းကို အာ ဆီယံ အထူးကိုယ်စားလှယ်က ဆွေးနွေးခဲ့ သည်။

ညှိနှိုင်းအဖြေရှာနိုင်သော နိုင်ငံ ရေး အခင်းအကျင်းတစ်ရပ် ဖြစ်ပေါ်လာရေးနှင့် ပါဝင်သင့် ပါဝင်ထိုက်သူများအားလုံးနှင့် တွေ့ ဆုံဆွေးနွေးနိုင်ရေးတို့အတွက် အစွမ်းကုန် ကူညီပေးရန် NCA စာချုပ် လက်မှတ်ရေး ထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ခုနစ်ဖွဲ့က အာဆီယံအထူးကိုယ်စား လှယ်ထံ တိုက်တွန်းတောင်းဆိုခဲ့သည်။

လက်ရှိ နိုင်ငံရေးပဋိပက္ခများ ဖြေရှင်းရေး နှင့် ရေရှည်လုပ်ငန်းများဖြစ်သော ပြန်လည် ထူထောင်ရေး၊ ဖွံ့ဖြိုးရေးအစီအစဉ်များတွင် အာဆီယံအနေဖြင့် NCA စာချုပ် လက်မှတ် ရေးထိုးစဉ်က အသိသက်သေအဖြစ် ပါဝင်ခဲ့ သည့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူး ပေါင်းဆောင်ရွက်ပေးရန်လည်း NCA- S EAO  ခုနစ်ဖွဲ့က တောင်းဆိုသည်။

ထို့ပြင် အားလုံးလက်ခံနိုင်သော အရပ်သားများအား ကာကွယ်ပေးနိုင်သော ယန္တရား ဖော်ဆောင်ရေးနှင့် လူသားချင်းစာနာထောက် ထားမှုဆိုင်ရာ အထောက်အပံ့များကို သက် ဆိုင်သူများအားလုံး ခွဲခြားဆက်ဆံခြင်းမရှိဘဲ လွတ်လပ်စွာ လက်ခံရရှိနိုင်ရေး ကူညီဆောင် ရွက်ပေးရန်လည်း NCA-S EAO ခုနစ်ဖွဲ့က အာဆီယံအထူးကိုယ်စားလှယ်ထံ တောင်းဆို ခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူး ကိုယ်စားလှယ်၏ ဒုတိယအကြိမ် မြန်မာနိုင်ငံ ခရီးစဉ်တွင် နိုင်ငံရေးပါတီတချို့နှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့သည်။

သို့သော် ဖနွမ်းပင်သို့ ပြန်လည်ရောက် ရှိလာသည့် အာဆီယံအထူးကိုယ်စားလှယ်က ၎င်းင်း၏ မြန်မာနိုင်ငံခရီးစဉ်သည် အကျိုးဖြစ် ထွန်းမှုအနည်းငယ်သာ ရှိခဲ့သည်ဟု သတင်း မီဒီယာများနှင့် ပြည်ပသံတမန်များကို ဇူလိုင် ၆ ရက်တွင် ပြောကြားခဲ့သည်။

နစကဥက္ကနှင့် အာဆီယံအထူးကိုယ်စား လှယ်တို့ တွေ့ဆုံစဉ် ဆွေးနွေးခဲ့သော အချက် တချို့ကိုလည်း အာဆီယံအထူးကိုယ်စား လှယ်က သတင်းမီဒီယာများနှင့် ပြည်ပသံတ မန်များကို ဇူလိုင် ၆ ရက်တွင် ထုတ် ဖော်ပြော ကြားသည်။

၎င်း၏ပြောကြားချက်အရ အတိုက်အခံ များအနေဖြင့် အစိုးရအဖွဲ့ထဲ ဝင်လိုပါက  အစိုးရအဖွဲ့အား ဖျက်ဆီးရန် ကြိုးပမ်းမှုအား ဆက်လက်လုပ်ဆောင်ခြင်းမပြုရန် ပါဝင် သည်။

အစိုးရအဖွဲ့ထဲ ဝင်လိုပါကဟု ဆိုသော် လည်း လက်ရှိ နစကအစိုးရအား အစားထိုး ခြင်း မဟုတ်ပေ။ 

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ငြိမ်းချမ်းရေး ဆွေးနွေးမှုများအတွက် အခြေ ခံဖြစ်ရမည်ဟုသည့် အချက်များကို နစက ဥက္ကဋ္ဌဘက်က ပြောကြားခဲ့ခြင်းဖြစ်သည်ဟု ၎င်းင်းက ဆိုသည်။

မြန်မာနိုင်ငံ၏ အခြေအနေသည် ဘာ မဆို ဖြစ်လာနိုင်စရာရှိသော်လည်း ပဋိပက္ခ တွင် ပါဝင်ပတ်သက်နေသည့် သက်ဆိုင်သူ အားလုံးအပေါ် မူတည်နေသည်ဟု အာဆီ ယံ အထူးကိုယ်စားလှယ်က ပြော ကြားသည်။

“တံခါးကတော့ ပွင့်နေပါတယ်။  ပွင့်နေ တဲ့တံခါးထဲ ဝင်လာမယ်၊ မဝင်လာဘူးဆိုတာက တော့ အစောပိုင်းမှာ ကျွန်တော်တို့ ပြောထား သလိုပဲ သူတို့အပေါ်မှာပဲ မူတည်ပါတယ်”ဟု အာဆီယံအထူးကိုယ်စားလှယ်က ပြောကြား သည်။

အာဆီယံအထူးကိုယ်စားလှယ်၏ ဒုတိ ယအကြိမ် မြန်မာနိုင်ငံခရီးစဉ်သည် မြန်မာ နိုင်ငံတွင် ဖြစ်ပေါ်နေသည့် အကျပ်အတည်း များ ဖြေရှင်းရေးအတွက် အကျိုးဖြစ်ထွန်းမှု နည်းပါးသည်ဟု နိုင်ငံရေးအသိုင်း အဝိုင်းက လေ့လာသုံးသပ်ကြသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် နိုင်ငံ ရေးဖြစ်စဉ် အပြောင်းအလဲနောက် ပဋိပက္ခနှင့် မလုံခြုံမှုများကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေး ရသူ ၇၅၈၀၀၀ ဦးအပါအဝင် မြန်မာနိုင်ငံ တစ်ဝန်း ပြည်တွင်းနေရပ်စွန့် ခွာထွက်ပြေးရသူ ဦးရေ စုစုပေါင်း တစ်သန်းကျော်ရှိသည်ဟု ကုလသမဂ္ဂလူသားချင်း စာနာမှုဆိုင်ရာ ညှိ နှိုင်းရေးမှူးရုံးက ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဖော်ပြခဲ့သည်။

အရပ်သားအများအပြား သေဆုံးမှု၊ သိန်းနှင့်ချီသော ပြည်တွင်းနေရပ်စွန့်ခွာ ထွက် ပြေးတိမ်းရှောင်သူများနှင့် မြန်မာနိုင်ငံ၏ အထွေထွေ အကျပ်အတည်းအား မည်သို့ဖြေ ရှင်းကြမည်နည်း။

Most Read

Most Recent