၂၀၂၂ ခုနှစ် ဇူလိုင် ၈ ရက် နံနက်ပိုင်းက ပစ်ခတ်လုပ်ကြံခံရပြီး ကွယ်လွန်သွားပြီဖြစ်သည့် ဂျပန်နိုင်ငံဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးသည် တင်းမာသည့်နိုင်ငံခြားရေးမူဝါဒကြောင့် ထင်ရှားလှသကဲ့သို့ ၎င်းကျင့်သုံးခဲ့သည့်စီးပွားရေးဗျူဟာသည်လည်း “Abenomics” ဟု နာမည်တွင်သည့်အထိ နိုင်ငံအတွက် ထိရောက်မှုရှိခဲ့သည်။
အသက်၆၇ နှစ်ရှိပြီဖြစ်သည့် ဝန်ကြီးချုပ်ဟောင်းရှင်ဇိုအာဘေးသည် လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) ကို နှစ်ကြိမ်တိုင်တိုင် အနိုင်ရရှိအောင် ဦးဆောင်ခဲ့သည်။အာဘေး၏ ပထမဆုံးဝန်ကြီးချုပ်သက်တမ်းသည် တိုတောင်းခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် နိုင်ငံရေးလောကသို့ ပြန်လည်ဝင်လာကာ ၂၀၂၀ ပြည့်နှစ်တွင် တာဝန်မှနုတ်မထွက်မီအထိ ဝန်ကြီးချုပ်နေရာကို ရယူထားခဲ့သည်။
ဒုတိယအကြိမ် ဝန်ကြီးချုပ်သက်တမ်းကို အာဘေးစတင်ထမ်းဆောင်စဉ် ဂျပန်သည် စီးပွားရေးကျဆင်းနေချိန်ဖြစ်ပြီး ၎င်း၏ စီးပွားရေးပေါ်လစီကြောင့်သာ ယိမ်းယိုင်နေသည့် နိုင်ငံ့စီးပွားရေးမှာ ပြန်လည်အားကောင်းလာခြင်းဖြစ်သည်။ ၂၀၁၁ ခုနှစ်က လူပေါင်း ၂၀,၀၀၀ နီးပါး အသက်ဆုံးရှုံးခဲ့ရ၊ ဖူကူရှီးမား နျူကလီးယားဓာတ်ပေါင်းဖိုများလည်း ပျော်ကျခဲ့ရသည့် ဆိုးရွားပြင်းထန်သည့် မြေငလျင်နှင့်ဆူနာမီဘေးဒဏ်တို့ ကြုံရအပြီး နိုင်ငံခေါင်းထောင်လာအောင် အာဘေးက ဦးဆောင်ဦးရွက်ပြုခဲ့သည်။
ကျန်းမာရေးကြောင့် ရာထူးမှ ဆင်းပေးလိုက်ပြီးနောက် အာဘေး၏နေရာကို ၎င်းနှင့်ရင်းနှီးသည့် ပါတီတူဖြစ်သည့် ယိုရှီဟီဒဲဆူဂါက ဆက်ခံလိုက်သည်။ သို့သော် ရာထူးတာဝန်မှ အနားယူလိုက်သည့်တိုင် အာဘေးသည်ဂျပန်နိုင်ငံရေးလောကတွင် သြဇာတိက္ကမကြီး သည့်ပုဂ္ဂိုလ်အဖြစ် အရှိန်အဝါ ဆက်လက်ကြီးနေခဲ့သည်။
ရှင်ဇိုအာဘေး၏ ဘဝဇာတ်ကြောင်း
ရှင်ဇိုအာဘေးသည် တိုကျိုမြို့ရှိ အထင်ကရနိုင်ငံရေးမိသားစုတစ်စုမှ ဆင်းသက်လာသူဖြစ်သည်။ အဘိုးဖြစ်သူ နိုဘူဆူကီကီရှီက ဝန်ကြီးချုပ်တာဝန်ယူခဲ့သူ၊ ဖခင် ရှင်တာရို အာဘေးက နိုင်ငံခြားရေးဝန်ကြီးတာဝန် ယူခဲ့သူဖြစ်သည်။
အာဘေးသည် တိုကျိုရှိ Seikei တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံဖြင့် ဘွဲ့ရပြီး အမေရိကန်တွင် ပြည်သူ့ရေးရာ ပေါ်လစီကို သင်ယူခဲ့သည်။ နိုင်ငံရေးလောကသို့ ခြေမချမီ ၎င်းသည် ဂျပန်သံမဏိကုမ္ပဏီတစ်ခုတွင် ဝင်ရောက် လုပ်ကိုင်ခဲ့သည်။ အာဘေးသည် ဂျပန်ရေဒီယိုဒီဂျေ အာကီနှင့် ၁၉၈၇ ခုနှစ်တွင် လက်ထပ်ခဲ့သည်။
အာဘေးတို့ဇနီးမောင်နှံတွင် သားသမီးမထွန်းကားပေ။ အိမ်ထောင်သက် အစောပိုင်းတွင် သားသမီးရရန် ကုသမှုများ ပြုလုပ်ခဲ့သော်လည်း မအောင်မြင်ခဲ့ကြပေ။
ဘိုးဘေးများ၏ခြေရာကို နင်းရန် ဆုံးဖြတ်ထား
အဘိုးနှင့် ဖခင်ဖြစ်သူတို့၏ ခြေရာကို ဆက်နင်းသည့်အနေဖြင့် ၎င်း၏တာဝန်က ပို၍ခိုင်မာတောင့်တင်းသည့် ဂျပန်နိုင်ငံဖြစ်လာရေး ၊ နိုင်ငံတကာစင်မြင့်ထက်တွင်စာရင်း သွင်းခံရသည့် အင်အားစုဖြစ်လာရေးကို ကြိုးပမ်းရမည်ဟု အာဘေးက ခံယူထားသည်။
အဘိုးဖြစ်သူ ကီရှီသည် ဒုတိယကမ္ဘာစစ်အတွင်း တရုတ်နှင့်မန်ချူးရီးယားတို့ထက် ဂျပန်စီးပွားရေးကြီးစိုးမှု အားကောင်းလာအောင် ကြိုးပမ်းခဲ့သူ၊ လစ်ဘရယ်ဒီမိုကရက် တစ်ပါတီ၏ နိုင်ငံရေးသြဇာကြီးလာအောင် အဓိကစွမ်းဆောင်သူဖြစ်ပြီး အာဘေးအတွက်လည်း လေးစားရသူဖြစ်သည်။
၁၉၉၃ ခုနှစ်က လွှတ်တော်တွင် အာဘေး ပထမဆုံးရွေးကောက်ခံရပြီး ၂၀၀၅ ခုနှစ်တွင် အစိုးရအဖွဲ့ အတွင်းဝန်ချုပ်ဖြစ်လာသည်။ သိပ်မကြာလိုက်၊ ၂၀၀၆ ခုနှစ်တွင် ရှင်ဇိုအာဘေးက ဂျပန်၏ အသက်အငယ်ဆုံး စစ်ပြီးခေတ်ဝန်ကြီးချုပ် ဖြစ်လာသည်။
သို့သော် အူရောင်နာခံစားနေရသည် ဆိုကာ ၂၀၀၇ ခုနှစ်တွင် ကျန်းမာရေးကိုအကြောင်းပြ နုတ်ထွက်လိုက်ပြီး ၂၀၁၂ ခုနှစ် တွင် ဝန်ကြီးချုပ်ပြန်ဖြစ်လာကာ၂၀၁၄ နှင့် ၂၀၁၇ ခုနှစ်များတွင်လည်း ပြန်အရွေးခံရပြီး ဂျပန်၏သက်တမ်းအကြာဆုံး ဝန်ကြီးချုပ်ဖြစ်လာသည်။
အဘိုးဖြစ်သူ၏လွှမ်းမိုးမှုကြောင့် အာဘေးသည် အာရှကို စိုးမိုးလာတော့မည့် တရုတ်ကို သတိထားမိခဲ့ပြီး ၎င်း၏အမျိုးသား ရေးစိတ်ဓာတ်အမြင်များကြောင့် တရုတ်၊ တောင်ကိုရီးယားတို့နှင့် မကြာခဏတင်းမာမှုများဖြစ်ခဲ့ရသည်။ အထူးသဖြင့်တိုကျိုရှိယာဆူကူနီဗိမာန်ကို ၂၀၁၃ ခုနှစ်က သွားခဲ့ပြီး နောက်၌ဖြစ်သည်။ ၎င်းနေရာသည် ဒုတိယကမ္ဘာစစ်မတိုင်မီနှင့် ကမ္ဘာစစ်အတွင်းဂျပန်၏စစ်ဝါဒီဆန်မှုနှင့် ပတ်သက်နေသည့် အငြင်းပွားဖွယ်နေရာ ဖြစ်သည်။
နိုင်ငံရေးသြဇာကြီးမှု
အာဘေး နုတ်ထွက်သည့်ကြေညာချက် LDP ပါတီဝင်များအကြား အလုအယက် ယှဉ်ပြိုင်မှုဖြစ်စေခဲ့သည်။ အကြောင်းကား ဆက်ခံမည့်သူကို ၎င်းက မရွေးပေးခဲ့သောကြောင့်ပင်။ နောက်ဆုံးတွင် ယိုရှီဟီဒဲဆူဂါက ဆက်ခံလိုက်သည်။ သို့သော်လည်း ဆူဂါနေ ရာကို ဖူမီယိိုကီရှီဒါ (လက်ရှိဝန်ကြီးချုပ်)က တာဝန်ယူပြီးနောက်၌ပင် အာဘေးသည် ဂျပန်နိုင်ငံရေးဇာတ်ခုံတွင် သြဇာကြီးနေခဲ့သည်။
မထင်မှတ်စရာ အမှောင်နေ့
ဇူလိုင် ၈ ရက်နံနက်ပိုင်းက ရှင်ဇိုအာဘေးသည် နိုင်ငံတောင်ပိုင်း နာရာမြို့တွင် ဂျပန်အထက်လွှတ်တော်အတွက် ဝင်ပြိုင်မည့် ကိုယ်စားလှယ်လောင်းတစ်ဦးကိုယ်စား ဘူတာရုံရှေ့ မဲဆွယ်စည်းရုံးပြောကြားနေချိန် သေနတ်ဖြင့် နှစ်ကြိမ်ပစ်ခတ်ခံခဲ့ရသည်။ကျူးလွန်သူ အသက် ၄၁ နှစ်အရွယ် အမျိုးသားသည် ဂျပန်ရေကြောင်းကိုယ်ပိုင်ကာကွယ်ရေးတပ် (ဂျပန်ရေတပ်ဟုလည်းခေါ်) မှ အဖွဲ့ဝင်ဟောင်းတစ်ဦး ဖြစ်သည်။
မိန့်ခွန်းပြောရန် ထွက်လာသည့် အာ ဘေးကိုလက်ခုပ်သြဘာများဖြင့် ကြိုဆိုကြချိန် အနောက်တွင် ရောက်နေသည့် ထသွား ထလာပုံစံနှင့်အမျိုးသားတစ်ဦးကို ဘေးလူများက သတိထားမိလိုက်ကြပုံမရ။ အာဘေး မိန့်ခွန်းစပြောပြီး မိနစ်ပိုင်းအကြာ ဒေသစံတော်ချိန် နံနက် ၁၁ နာရီ မိနစ် ၃၀ အချိန် ခန့်တွင် ၎င်းသေနတ်သမားက ရှေ့သို့ လှမ်းလာခဲ့သည်။ သေနတ်သံများ ထွက်လာပြီး နောက်တွင်မူ အာဘေးမှာ မြေပြင်သို့ လဲကျနေပြီး သွေးများလည်း ထွက်နေခဲ့လေပြီ။
ထို့နောက် ၎င်းကို နာရာဆေးတက္ကသိုလ် ဆေးရုံသို့ လေယာဉ်ဖြင့် အရေးပေါ်ပို့ဆောင် လိုက်ကြသည်။ မီဒီယာသတင်းများအရ အာဘေးသည် လုပ်ကြံခံရပြီး မိနစ်ပိုင်းအကြာတွင် စကားပြောနိုင်သေးသည်။ နောက်မှ သတိမေ့သွားတော့သည်။
ဆေးရုံရောက်ချိန်တွင် အာဘေးသည် နှလုံးမခုန်တော့သည့်အတွက် ၎င်းကို အ သက်ပြန်ရှူလာအောင် ဆရာဝန်များက ကြိုးစားခဲ့ရသည်။ သွေးလည်း သွင်းခဲ့ရသည်။သို့သော် မအောင်မြင်ခဲ့ပေ။
ဆရာဝန်များ၏ ပြောကြားချက်အရ အာဘေး ရရှိခဲ့သည့်ဒဏ်ရာနှစ်ခုသည် သွေးလွှတ်ကြောတစ်ခုကို ထိသွားပြီး နှလုံးကို အကြီးအကျယ် ထိခိုက်စေခဲ့သည်။ ဒဏ်ရာနှစ်ခု စလုံးက နက်ပြီး သွေးဆုံးရှုံးမှုများခြင်းက သေဆုံးသည့် အကြောင်းရင်းဟု ၎င်းတို့က ဆိုသည်။
ရဲတပ်ဖွဲ့၏ သတင်းစာရှင်းလင်းပွဲအရ သေနတ်သမားက ရှင်ဇိုအာဘေးနှင့်ပတ် သက်မှုရှိနေဖွယ်ရှိသော အဖွဲ့အစည်းတစ်ခုကို မကျေမနပ်ဖြစ်နေသူဖြစ်သည်။ မဲဆွယ်စုဝေးပွဲသို့ အာဘေး တက်ရောက်မည့် သတင်းက ဇူလိုင် ၇ ရက်ညမှ အတည်ဖြစ်သော်လည်း သေနတ် သမားက မည်သို့ကြိုသိနေသည်ကိုမူ ကွဲကွဲပြားပြား မသိရသေးပေ။
VIP ပုဂ္ဂိုလ်များလုံခြုံရေးအတွက် မေးခွန်းထုတ်စရာ ဖြစ်လာ
ဂျပန်သည် လက်နက်ကိုင်ဆောင်ခွင့်ဥပဒေ အလွန်တင်းကျပ်သည့် နိုင်ငံဖြစ်သည်။ ဘေးကင်းသည့်နိုင်ငံဖြစ်သည့်အတွက် လုံခြုံရေးပိုင်းတွင် အလွန်တင်းကျပ်ပုံမရ။ ရွေး ကောက်ပွဲမဲဆွယ်မှုများတွင် နိုင်ငံရေးသမားများသည် စျေးဝယ်သွားလာသူများ၊ ဖြတ်သွားဖြတ်လာလူများနှင့်ပင် လက်ဆွဲ နှုတ်ဆက်တတ်ကြသည်။
သို့သော် ရှင်ဇိုအာဘေးကို အနီးကပ် လုပ်ကြံလိုက်မှုက သေနတ်ကြောင့်ဖြစ်သည့် ရာဇဝတ်မှုများ၊ နိုင်ငံရေးအကြမ်းဖက်မှုများ အလွန်တရာ ဖြစ်ခဲလှသည့် ဂျပန်နိုင်ငံတွင် အထင်ကရပုဂ္ဂိုလ်များလုံခြုံရေးအတွက် စဉ်းစားစရာဖြစ်လာသည်။
Nippon TV ရုပ်သံအဆိုအရ သေနတ် သမားသည် သုံးမီတာ ( ၁၀ ပေ ) ခန့်အကွာမှ ပစ်လိုက်ခြင်းဖြစ်ကာ အာဘေး၏လုံခြုံရေး အတွက် လက်နက်ကိုင်အထူးရဲတစ်ဦးနှင့် မြို့ခံရဲအချို့သာ ရှိနေခဲ့သည်။ ရဲအင်အား မည်မျှတာဝန်ယူခဲ့သည်ကိုမူ နာရာရဲတပ်ဖွဲ့က ထုတ်ပြန်ခြင်းမရှိပေ။
အာဏာရပါတီ LDP မှ သတင်းရင်းမြစ် တစ်ဦးက အာဘေးသည် အထင်ကရပုဂ္ဂိုလ် ဖြစ်လင့်ကစား ၂၀၂၀ ပြည့်နှစ်တွင် ရာထူးမှ အနားယူလိုက်ပြီးကတည်းက ၎င်းကို ပေးထားသည့်လုံခြုံရေးသည် လျော့သွားဖွယ်ရှိသည်ဟု ရိုက်တာသတင်းဌာနသို့ ပြောဆိုထားသည်။










