အီလီနွိုက်ပြည်နယ် ချီကာဂိုမြို့ဆင်ခြေ ဖုံးရပ်ကွက် Highland Park တွင် ဇူလိုင် ၄ ရက် ချီတက်ပွဲတစ်ခု၌ သေနတ်သမားတစ်ဦးက အနည်းဆုံး လူခြောက်ဦးကို သေဆုံးစေခဲ့ပြီး ဒါဇင်နှင့်ချီ ဒဏ်ရာရရှိသွားစေသည့် ဖြစ်ရပ်ဆိုးတစ်ခုကြောင့် ယခုနှစ် အမေရိကန်၏ လွတ်လပ်ရေးနေ့သည် တုန်လှုပ်ချောက် ချားစရာအဖြစ်ဆိုးနှင့်ကြုံတွေ့ခဲ့ရသည်။
ပစ်ခတ်မှုတိုင်းသည် နိုင်ငံအဆင့်သတင်းများဖြစ်ရုံမျှမက လျော့ရဲလွန်းလှသည့်သေ နတ်ဥပဒေများကိုပါ ပြန်လည်သုံးသပ်သင့်သည်။ သို့သော်အမေရိကန်၏လူထု အခမ်းအနားတွင် ဖြစ်ပျက်ခဲ့သောကိစ္စတစ်ခုနှင့် ပတ်သက်၍အမေရိကန်နိုင်ငံသားများအနေဖြင့် “ငါတို့တိုင်းပြည်ကို ဒီလိုဖြစ်စေချင်တာလား”ဟု မေးခွန်းထုတ်သင့်သည်။
ရီပက်ဘလီကင်ပါတီနှင့် အမေရိကန်နိုင်ငံရေးကိုပိုမိုကျယ်ပြန့်စွာ ချုပ်ကိုင်ထား သည့်သေနတ်နှင့်ပတ်သက်၍ အစွန်းရောက်သောလူနည်းစုအတွက် အဖြေမှာ “ဟုတ်တယ်” ဟူ၍ဖြစ်ပါလိမ့်မည်။ သူတို့သည် လူတစ်ဦးချင်းစီက သူတို့လိုချင်သလောက် ပြင်းထန်စွာ လက်နက်ကိုင်ဆောင်ထားသည့် ကြောက်ရွံ့ထိတ်လန့်ဖွယ် အန္တရာယ်ရှိသော အဏုမြူယဉ်ကျေးမှုတစ်ရပ်ထဲသို့ နိုင်ငံသားအပေါင်းအား ပိုမိုနက်ရှိုင်းစွာ တွန်းပို့နေသည်။ အများပြည်သူနှင့်ဆိုင်သော နေရာများသည် လူကို သေစေနိုင်ခြေရှိနေပြီး လူတိုင်းသည် သေနတ်ကိုင်ထားသည့် အခြားတစ်ယောက်ယောက်၏ ရန်မှ မိမိကိုယ်ကိုယ် ကာကွယ်ရန် ၎င်းတို့ကိုယ်တိုင်ပေါ်တွင်သာ လည်းကောင်း၊ ဒဏ္ဍာရီဆန်သော “သေနတ် ကိုင်လူစွမ်းကောင်း”ကိုသာလည်းကောင်း မှီခိုအားထားနေရသည်။ ကံမကောင်းစွာပင် ဤလူနည်းစုသည် နက်ရှိုင်းသောအိတ်ကပ်များနှင့်ကြီးမားသော နိုင်ငံရေးအာဏာတို့ရှိ လေသည်။သို့သော်အမေရိကန်နိုင်ငံသား အများစုအတွက် ဤနည်းနှင်နှင်အသက်ရှင်နေရခြင်းမှာ နည်းလမ်းမကျပါ။
လွန်ခဲ့သည့်လက တက္ကဆက်တွင် ကျောင်းသား ၁၉ ဦးနှင့် ဆရာနှစ်ဦး သေဆုံးခဲ့သည့် အစုလိုက်အပြုံလိုက်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ ယင်းသည် ဆယ်စုနှစ်တစ်ခုအတွင်း
မူလတန်းကျောင်းသားများနှင့် ၎င်းတို့၏ ဆရာများကို ဒုတိယအကြိမ် အစုလိုက်အပြုံလိုက် ပစ်ခတ်မှု ဖြစ်လာသည်။ ဆယ်စုနှစ်တစ်ခု အတွင်းသေနတ်ထိန်းချုပ်ရေးအတွက် လူထုထောက်ခံမှုမှာ မြင့်တက်လာခဲ့ပြီး အမေရိကန် ၁၀ ဦးလျှင် ခြောက်ဦးခန့်က “သေနတ်အခွင့် အရေးကို ကာကွယ်ဖို့ထက် သေနတ်ကိုင်အကြမ်းဖက်မှုကိုထိန်းချုပ်ဖို့က ပို၍အရေးကြီးကြောင်း” ပြောကြသည်။ လူအများစုသည် (ရဲများ၊ မိသားစုဝင်များ သို့မဟုတ် ဆရာဝန်တစ်ဦးအား လူတစ်ဦးချင်းစီ၏ နေအိမ်မှ သေနတ်တစ်လက်ကိုဖယ်ရှားရန် အသနားခံ ခွင့်ပြုသည့်) အလံနီဥပဒေ၊ ချေမှုန်းရေးပုံစံ လက်နက်များကို တားမြစ်ခြင်းနှင့်တင်းကျပ်သော နောက်ခံစစ်ဆေးမှုများ ပြုလုပ်ခြင်းတို့ ကဲ့သို့သော သာမန်လူပင် သိနိုင်သည့်ဥပဒေ ပြုမှုများကို ထောက်ခံကြသည်။
သို့သော် ရီပက်ဘလီကင်ပါတီသည် ချင့်ချိန်မှုအရှိဆုံးနှင့် ရှဥ့်လျှောက်သာ ပျားစွဲသာ အရှိဆုံး သေနတ်ဥပဒေပြုမှုများကိုပင် အကြီးအကျယ် ငြင်းဆန်ခဲ့သည်။ နှစ်ပေါင်း ၃၀ နီးပါးအတွင်း အရေးအပါဆုံး သေနတ်ဥပဒေမူကြမ်းကို ကွန်ဂရက်လွှတ်တော်က အတည်ပြုပြီး ယခုအခါလက်မှတ်ရေးထိုးရန် သမ္မတဂျိုးဘိုင်ဒင်ထံသို့ ရောက်ရှိနေပြီဖြစ်သော်လည်း နိုင်ငံရေးလှုပ်ရှားမှုကိုမြင်ရရန် ကလေးများ ဒုတိယအကြိမ်မြောက်အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံလိုက်ရပြန်လေပြီ။ ထို့ပြင် ဥပဒေကြမ်း၌ပါဝင်သည့်အရာများကား လုံးဝအကန့်အသတ်ရှိနေပြန်သည် - ချဲ့ထွင်လိုက်သော ရာဇဝတ်မှုဆိုင်ရာနောက်ကြောင်းကို စစ်ဆေးမှုများ (သို့သော် သေနတ်ဝယ်သူအချို့အတွက်သာ၊ အထူးသဖြင့် အသက် ၂၁ နှစ်အောက်များ)၊ ပို၍ကြီးမား သော်လည်း မပြည့်စုံသေးသော အိမ်တွင်း အလွဲသုံးသူများအုပ်စု၌သေနတ်ရှိမရှိအပေါ် အကန့်အသတ်များနှင့် ဒုက္ခတွေ့နေပြီး အန္တ ရာယ်ရှိနိုင်သူများ၏သေနတ်များကို ဖော်ထုတ်သိမ်းဆည်းရမိစေရန် ဥပဒေထိန်းသိမ်းရေး အဖွဲ့အစည်းများအား ကူညီပေးသည့် ရန်ပုံငွေတစ်ရပ်သို့သာ ငွေကြေးပိုမိုစီးဝင်သွားမှုများ အစရှိသည်တို့ကို တွေ့ရသည်။ ဥပဒေပြုမှု၏အခြားသော မျက်နှာစာများကို ကြည့်ပြန်လျှင်လည်း “သေနတ်များ”ဟူသည့်ပြဿနာ၏ အရင်းအမြစ်ကို ရှောင်ရှားထားသည်။ယင်းအစား နည်းဥပဒေပါအချက်များသည် စိတ်ကျန်းမာရေးဝန်ဆောင်မှုများ (သေနတ်နှင့် ဆိုင်ဆိုင်မဆိုင်ဆိုင် ကောင်းမွန်ပြီး လိုအပ်သည်သာ) နှင့် ကျောင်းလုံခြုံရေး (သေနတ် ကိစ္စ မပါပါက များစွာလိုအပ်မည်မဟုတ်) တို့အတွက်သာ သန်းနှင့်ချီသောဒေါ်လာများ သုံးရန်ညွှန်ကြားထားသည်။
၎င်းအပြင် အထက်လွှတ်တော်ရှိ ဒီမိုကရက်တိုင်းက အဆိုပါဥပဒေကြမ်းကိုထောက် ခံမဲပေးခဲ့ကြသော်လည်း ရီပက်ဘလီကင် အမတ် ၁၅ ဦးသာ ထောက်ခံမဲပေးခဲ့ကြသည်။ ရီပက်ဘလီကင်တို့အနက် သုံးပုံနှစ်ပုံကျော်ဖြစ်သည့် အထက်လွှတ်တော်အမတ် ၃၃ ဦးက ကန့်ကွက်မဲ ပေးခဲ့ကြသည်။ အောက်လွှတ်တော်၌ကား ပိုမိုဆိုးရွားခဲ့သည်။အောက်လွှတ်တော်ဒီမိုကရက် ၂၂၀ လုံးကအဆိုပါ ဥပဒေကြမ်းကို ထောက်ခံမဲပေးခဲ့ကြသော်လည်း ရီပက်ဘလီကင်ကိုယ်စားလှယ် ၁၄ ဦး သာ ထောက်ခံမဲပေးခဲ့သည်။ ရီပက်ဘလီကင် ကွန်ဂရက်လွှတ်တော်အမတ် ၁၁၉ ဦးက ကန့် ကွက်မဲပေးခဲ့သည်။
ရီပက်ဘလီကင်တို့၏ခေါင်းမာမှုကြောင့် အမှန်တကယ်ပေးဆပ်ခဲ့ရသည်။ Highland Park တွင် အစုလိုက်အပြုံလိုက် ပစ်ခတ်ခံရမှု ဖြစ်ပွားပြီး သီတင်းပတ်အကုန်တွင် ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့ရှိ ကုန်တိုက်တစ်ခုတွင် သေနတ်သမားတစ်ဦး၏ ပစ်ခတ်မှုကြောင့် လူသုံးဦး သေဆုံးခဲ့သည်။ အချို့သောသေနတ် အစွန်းရောက်သမားများက ယင်းကိုတင်းကျပ် သောသေနတ်ဥပဒေများ အလုပ်မဖြစ်ပုံ ဥပမာအဖြစ် အသုံးပြုခဲ့သော်လည်း ၎င်းသည် အမှန်တကယ်၌ဆန့်ကျင်ဘက်ကိုသာ သက်သေပြနေလေသည်။ ကိုပင်ဟေဂင် ပစ်ခတ်မှုသည် ၂၀၁၅ ခုနှစ်ကတည်းက အစုလိုက်အပြုံလိုက် ပစ်ခတ်မှုမျိုး မတွေ့ခဲ့ရသည့် တင်းကျပ်သော သေနတ်ဥပဒေများရှိသည့် နိုင်ငံတစ်ခုတွင် တုန်လှုပ်ချောက်ချားဖွယ်ရာ မူမမှန်မှုတစ်ရပ်ဖြစ်ပြီး ယင်းသည်အကြမ်း ဖက်တိုက်ခိုက်မှုဖြစ်သည်။ ဒိန်းမတ်၌ ယင်းကဲ့သို့ ပစ်ခတ်မှုမျိုးသည် ရှားရှားပါးပါး ဖြစ် သောကြောင့် တိုင်းပြည်ကို တုန်လှုပ်စေခြင်းဖြစ်သည်။ အမေရိကန်တွင်မူ ယင်းတို့ သည် သမားရိုးကျဖြစ်ရပ်များသာဖြစ်သည်။ ဒိန်းမတ်နိုင်ငံတွင် အလားတူ အစုလိုက်အပြုံလိုက် ပစ်ခတ်ခံရမှုမျိုးကို ခုနစ်နှစ်အတွင်း တွေ့ရှိ ခဲ့ရခြင်း မရှိသော်လည်း အမေရိကန်တွင်မူ အစုလိုက် အပြုံလိုက်ပစ်ခတ်ခံရမှုသည် ယခုနှစ်အတွင်းမှာပင် သီတင်းတစ်ပတ်လျှင် ပျမ်းမျှ ၁၁ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ကြောင်း တွေ့ရှိရသည်။
အမေရိကန်၏ထိန်းချုပ်မှုမဲ့ သေနတ်ယဉ်ကျေးမှုက အသက်များကို ဆုံးရှုံးစေခဲ့သည်မှာ သိသာထင်ရှားသည်။ သို့သော် ယင်းသည်နိုင်ငံသားတို့၏ဆက်သွယ်ရေး၊ အသိုင်းအဝိုင်းနှင့် အများပြည်သူလုံခြုံစွာစုဝေးမှုကို ခံစားနိုင်စွမ်း အခြေခံတို့ကိုလည်း ထိခိုက်စေသည်။ ပြီးခဲ့သည့်နှစ်လအတွင်း အပြစ်မဲ့အမေရိကန်များသည် စူပါမားကက်များ၊ ကျောင်းများနှင့် ယခု ဇူလိုင် ၄ ရက်ချီတက်ပွဲတို့၌ သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်။ မည်သည့်နေရာတွင်မျှ လုံခြုံပုံမရ။ လူများစုဝေးခြင်းအတွက် လုံခြုံသည်ဟု မခံစားရပါက၊ လူများစုဝေးမှုနှင့် ပုံမှန်အလုပ်များသည်ပင်လျှင် ၎င်းတို့၏ အသက်အန္တရာယ်ကို ထိခိုက်စေမည်ကိုစိုး ရိမ်ရပါက ၎င်းတို့အနေဖြင့် အိမ်တွင်းအောင်း နေရဖို့သာရှိတော့မည်။ ယင်းသည် “အထီးကျန်မှုနှင့် အလုပ်ပျက်အကိုင်ပျက်ယဉ်ကျေး မှုတစ်ရပ်”ကို ဖြစ်စေသည်။ လူသားတို့သည် လူမှုသတ္တဝါများ ဖြစ်ကြသည်။ လူတို့ကား အထီးကျန်ရလေသောအခါ ညှိုးနွမ်းခြောက်သွေ့တတ်ရာ၏။ လူတို့သည် ကြီးပွားတိုးတက်ရန်အတွက် မိမိတို့၏လက်ငင်းမိသားစုများနှင့်သာမက ပိုမိုကျယ်ပြန့်သော လူ့အဖွဲ့အစည်းများနှင့်ပါ ဆက်သွယ်ရန်လိုအပ်သည်။နက်ရှိုင်းသော အပြန်အလှန်ဆက်သွယ်မှုရှိ သည့်ရပ်ကွက်များတွင် ကြီးပြင်းလာသော ကလေးများသည် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်း ဆိုင်ရာအရ ပိုမိုကောင်းမွန်စွာ လုပ်ဆောင် နိုင်ကြသည်။ အဆက်အစပ်နည်းသော ဘဝတွင် နေထိုင်သူများထက် ဆက်သွယ်မှုအား ကောင်းသော လူ့အဖွဲ့အစည်းများတွင် နေထိုင်ရသည့် အရွယ်ရောက်ပြီးသူများသည် ပိုမိုကျန်းမာပြီး ယုံကြည်မှုနှင့်လုံခြုံမှုကိုပိုမို ခံစားရသည်။
ကျောင်းကပွဲများ၊ စနေ-တနင်္ဂနွေစျေးများ၊ တေးဂီတဖျော်ဖြေပွဲများနှင့် လွတ်လပ်ရေးနေ့ ချီတက်ပွဲများကဲ့သို့သော စုဝေးမှုများက မျှဝေခံစားရသောအတွေ့အကြုံများ၊ မျှဝေထားသော စံတန်ဖိုးများဖြင့် လူသားတို့အား အတူတကွ ပေါင်းစည်းစေသည်။ သူတို့သည် နေရာတစ်ခုနှင့် ယင်းနေရာ၌ ပါဝင်သည့် အခြားလူများ အပြန်အလှန် ရင်းနှီးမြုပ်နှံမှု အသိတစ်ရပ်ကို ဖန်တီးကြခြင်းဖြစ်သည်။ ၎င်းတို့သည် ကျပန်းပျော်စရာသက်သက် မဟုတ်ပေ။ ယင်းတို့သည် နေရာတစ်ခုနှင့် အတူတကွစုဝေးနေသည့်လူများကို ပေါင်းစည်းစေသည့် ကော်များပင်ဖြစ်သည်။
သေနတ်များနှင့်ပတ်သက်သော တိုက်ပွဲကား အမေရိကန်သည် မည်သည့်နေရာမျိုး ဖြစ်လာမည်နည်းဟူသည့် တိုက်ပွဲဖြစ်သည်။ အမေရိကန်ပြည်သူအများစုသည် သာမန်အသိဖြင့် လက်ခံနိုင်သော သေနတ်ထိန်းချုပ်မှု (တင်းကျပ်သော နောက်ခံစစ်ဆေးမှုများ၊ စစ်တိုက်သည့် ပုံစံလက်နက်များကိုတားမြစ်ပိတ်ပင်မှု၊ မည်သည့်နေရာများသို့ သေနတ်ယူ ဆောင်နိုင်ပြီး မည်သူတို့ သေနတ်ဝယ်ယူနိုင် သည်ဟူသော စည်းမျဉ်းစည်းကမ်းများ)ကို မြင်လိုကြပြီး အသက်များ အာမခံချက်မရှိဘဲ လက်နက်ကိုင်အကြမ်းဖက်မှုကြောင့် ဘဝ ဆုံးရမှုများ ဖြစ်ပွားတတ်လွန်းသော အမေရိကကို မမြင်လိုကြပါ။ သေစေတတ်သော လက်နက်များကို အားလုံးလွတ်လပ်စွာကိုင် ဆောင်ခွင့်အား လိုလားကြသူများကမူ ဆန့်ကျင်ဘက်များကို ဖန်တီးချင်နေကြသည်။သူတို့ ဖန်တီးနေသော အမေရိကသည် ပိုမိုများပြားသော လူများက သူတို့ကိုယ်သူတို့ သေနတ်ပိုင်ရှင်များ ကဲ့သို့ဖြစ်နေသည့်၊ ပို၍ကြောက်မက်ဖွယ်ကောင်းသော ပို၍ဖောက်ပြန်သော ပို၍မလုံခြုံသော ပို၍ ထိတ်လန့် ချောက်ချားဖွယ်ကောင်းသော အမေရိကဖြစ်၏။ အကျိုးတရားအနေဖြင့် လူမှုဆက်သွယ် ရေး၊ လွတ်လပ်ပွင့်လင်းမှုနှင့် ကျိုးကြောင်းဆီ လျော်မှုတို့ ပိုမိုနည်းပါးလာပေလိမ့်မည်။ ယင်းသည် အကြောက်တရားနှင့် အထီးကျန်ဆန်မှုတို့သာ လွှမ်းမိုးကြီးစိုးသောအမေရိကဖြစ်ပါ၏။
ဤနေရာ၌ မေးခွန်းထုတ်စရာတစ်ခုသာ ရှိပါသည်။ ”ငါတို့နိုင်ငံမှာ သေစေနိုင်တဲ့သေနတ်ကိုင် အကြမ်းဖက်မှုတွေက အများပြည်သူဆိုင်ရာ နေရာတိုင်း - စူပါမားကက်တွေနဲ့ လမ်းမတွေကနေ ရုံးတွေနဲ့ ဘုရားကျောင်းတွေအထိ၊ စာသင်ကျောင်းတွေနဲ့လမ်းသွယ်တွေထဲအထိ စိမ့်ဝင်ပျံ့နှံ့နေတာမြင်ချင်တာလား”ဟူ၍ဖြစ်သည်။ အသုဘအခမ်းအနားများ၊ ဘွဲ့နှင်းသဘင်ပွဲများ၊ နိုက်ကလပ်များ၊ စားသောက်ဆိုင်များ၊ ဘားများ၊ အသားကင်ဆိုင်များ၊ ဆေးရုံများ၊ ကလေးငယ်တို့၏လက်တွန်းလှည်းများသာမက နေအိမ်အတွင်း၌ပင်လျှင် ... အမေရိကန်နိုင်ငံသားများအတွက် သေနတ်များ၏ ရန်မှဘေးကင်းလုံခြုံရာနေရာ ဟူ၍မရှိတော့ပါ။
အမေရိကန်နိုင်ငံသားများအနေဖြင့် ယင်းကဲ့သို့သော ပုံစံမျိုးနေထိုင်နေရမည် မဟုတ်။ သေနတ်ကိစ္စ ဝင်ရောက်လာသည့်အခါ အမေရိကန်သည် နိုင်ငံတကာနှင့် အကြီးအကျယ်ကွာဟ၍သွားတော့သည်။ အမေရိကန်နိုင်ငံသားများအနေဖြင့် အမှန်တကယ် လိုလားပါကသေနတ်ကြောင့် သေဆုံးမှုများကို အကြီးအကျယ် လျှော့ချနိုင်ပါသည်။
သို့သော် လုပ်ချင်မှသာ ရပါလိမ့်မည်။သောင်းနှင့်ချီသော အမေရိကန်တို့၏အသက်များနှင့် ကလေးထောင်ပေါင်းများစွာတို့၏ အသက်များသည် ကယ်တင်ရန် ထိုက်တန်ကြောင်း ဆုံးဖြတ်ရမည်သာဖြစ်သည်။ ဘေးကင်းသောလမ်းများ၊ လုံခြုံသောအများပြည် သူဆိုင်ရာနေရာများနှင့် လုံခြုံသော လူထုစုဝေးမှုများကိုအလိုရှိကြောင်း ဆုံးဖြတ်ရမည် သာဖြစ်သည်။ အစွန်းရောက် လူနည်းစုက ကျန်ပြည်သူတို့ကို ၎င်းတို့၏သေမင်းတမန် အစီအစဉ်၌ ဓားစာခံအဖြစ် ဆက်လက်ထား ရှိခြင်းမရှိစေရဟု ရီပက်ဘလီကင်ပါတီသည်လည်း သေချာပေါက်ဆုံးဖြတ်ရမည်ဖြစ်သည်။
Ref: CNN










