သီရိလင်္ကာနိုင်ငံသည် သမိုင်းတစ်လျှောက် အဆိုးရွားဆုံး စီးပွားရေးအကျပ်အတည်းနှင့် ရင်ဆိုင်နေရသဖြင့် ပြည်ပနိုင်ငံများ၏ အကူအညီများကို အရေးတကြီးလို အပ်နေသည်။
လောင်စာပြတ်လပ်မှုကြောင့် စာသင်ကျောင်းများကို ပိတ်ခဲ့ရပြီး နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF ထံမှ ချေးငွေရယူရန် ကြိုးပမ်းအားထုတ်မှုများသည်လည်း နိုင်ငံ၏ ဘဏ္ဍာရေးအကျပ်အတည်းဆိုးရွားမှုကြောင့် အဆင်မပြေဖြစ်နေရသည်ဟု သီရိလင်္ကာဝန်ကြီးချုပ်က ပြောကြားခဲ့သည်။
သို့သော်လည်း ယူကရိန်းစစ်ပွဲ ဖြစ်ပွားမှုနှင့်အတူ အစားအစာနှင့် လောင်စာစျေးနှုန်းများ အဆမတန်မြင့်တက်မှုနှင့် ရင်ဆိုင်နေရသည်မှာ သီရိလင်္ကာတစ်နိုင်ငံတည်းတော့ မဟုတ်ပေ။
စီးပွားရေးအကျပ်အတည်း သတိပေး ခေါင်းလောင်းသံများသည် လာအိုနှင့် ပါကစ္စတန်မှအစ ဗင်နီဇွဲလားနှင့် ဂီနီနိုင်ငံအဆုံး ကမ္ဘာတစ်ဝန်းမှ စီးပွားရေးအခက်တွေ့နေသည့် နိုင်ငံများတွင် ကျယ်လောင်စွာ မြည်ဟီးလျက်ရှိသည်။
ကမ္ဘာ့နိုင်ငံပေါင်း ၉၄ နိုင်ငံမှ လူပေါင်း ၁.၆ ဘီလျံခန့်သည် အစားအစာ အကျပ်အတည်း သို့မဟုတ် လောင်စာအကျပ်အတည်း သို့မဟုတ် ဘဏ္ဍာရေးအကျပ်အတည်းအစရှိသဖြင့် အကျပ်အတည်းတစ်ခုခုနှင့် ရင်ဆိုင်နေရသည်။
လူပေါင်း ၁.၂ ဘီလျံမှာမူ စားဝတ်နေရေးအကျပ်အတည်းကို ခံနိုင်ရည်စွမ်း ဆိုးရွားစွာနိမ့်ကျနေသည့် နိုင်ငံများထဲတွင် နေထိုင်နေရသည်ဟု ကုလသမဂ္ဂအတွင်ရေးမှူးချုပ်၏ ကမ္ဘာလုံးဆိုင်ရာ အ ကျပ်အတည်းတုံ့ပြန်ရေးအဖွဲ့က ပြီးခဲ့သည့်လတွင် ထုတ်ပြန်ခဲ့သည်။
ယင်းအကျပ်အတည်းများကို ဖြစ်စေနိုင်သည့် အကြောင်းရင်းများမှာ အများအပြားရှိသော်လည်း ယူကရိန်းစစ်ပွဲကြောင့် အစားအစာနှင့် လောင်စာစျေးနှုန်းများ မြင့်တက်သည့် အန္တရာယ်က ကပ်ရောဂါကြောင့် ထိခိုက်ခဲ့ရသည့် စီးပွားရေးကို ပြန်လည်နာလန်ထူရန် ကြိုးပမ်းနေသည့် နိုင်ငံများအတွက် ပြင်းထန်စွာရိုက်ခတ်နေသည်။
စီးပွားရေးမပြေလည်မှုများသည် နိုင်ငံအများစုတွင် ဆန္ဒပြမှုများဖြစ်ပွားစေသည့် အဓိကအကြောင်းရင်းဖြစ်သည်။ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများထဲမှ ထက်ဝက်ခန့်သည် ကြွေးမြီပြဿနာများနှင့် ရင်ဆိုင်နေရသည်ဟု ကုလသမဂ္ဂက ပြောကြားခဲ့သည်။
ကမ္ဘာ့နိုင်ငံများတွင် ဖြစ်ပွားနေသည့် အဆိုးရွားဆုံး အကျပ်အတည်းတချို့သည် အကျင့်ပျက်ခြစားမှု၊ ပြည်တွင်းစစ်၊ အာဏာသိမ်းမှု သို့မဟုတ် အခြားကပ်ဘေးများကြောင့် ပိုမိုဆိုးရွားလာစေခဲ့သည်။ လက်ရှိ စီးပွားရေးအရ ဆိုးရွားသည့်အကျပ်အတည်းများကို ရင်ဆိုင်နေရသည့် သို့မဟုတ် ရင်ဆိုင်ရနိုင်ခြေများသည့် နိုင်ငံအချို့ကို သုံးသပ်ကြည့်မည်ဆိုပါက အောက်ပါအတိုင်းတွေ့ရမည်ဖြစ် သည်။
အာဖဂန်နစ္စတန်
အာဖဂန်နစ္စတန်တွင် ပြီးခဲ့သည့်နှစ်က အမေရိကန်နှင့် နေတိုးမဟာမိတ်တပ်များဆုတ်ခွာသွားပြီး တာလီဘန်တို့ အာဏာရယူ ခဲ့ချိန်ကတည်းက စီးပွားရေးအကျပ်အတည်းမှာ အလွန်ဆိုးရွားလာခဲ့သည်။ ပြည်ပအထောက်အပံ့များ ရပ်ဆိုင်းသွားပြီး တာလီဘန် အစိုးရအဖွဲ့သည်လည်း နိုင်ငံတကာ၏ ပိတ်ဆို့မှုများနှင့်ရင်ဆိုင်ခဲ့ရကာ ဘဏ်ငွေလွှဲပြောင်းမှုများ ရပ်တန့်ခဲ့သဖြင့် ကုန်သွယ်ရေးလည်း တုံ့ဆိုင်သွားခဲ့သည်။ ထို့ပြင် တာလီဘန်အစိုးရသည် နိုင်ငံကတာ၏ အသိအမှတ်ပြုမှုကိုလည်း မရရှိခဲ့ပေ။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်အစိုးရအဖွဲ့သည် အမေရိကန်တွင်ရှိသည့် အာဖဂန်၏ နိုင်ငံခြားအရန်ငွေကြေး ဒေါ်လာ ၇ ဘီလျံကို ထိန်းချုပ်ခဲ့သည်။
ထိုအချိန်အတောအတွင်း အာဖဂန်၏ လူဦးရေ ၃၉ သန်းအနက် ထက်ဝက်ခန့်သည် အစားအစာမလုံခြုံမှုအဆင့်အတန်းမှာ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေသည့် အခြေအနေအထိ ရောက်ရှိခဲ့သည်။ ဆရာဝန်များ၊ သူနာပြုများနှင့် ဆရာ၊ ဆရာမများ အပါအဝင် ပြည်သူ့ဝန်ထမ်းအများစုသည် လပေါင်းများစွာကြာ လစာမရဘဲနေခဲ့ရသည်။
ထို့ပြင် မကြာသေးမီက လူပေါင်း ၁၀၀၀ ကျော်သေဆုံးစေခဲ့သည့် အင်အားပြင်းငလျင်သည် အာဖဂန်၏ စီးပွားရေးအကျပ်အတည်းကို ပိုမိုဆိုးရွားစေခဲ့သည်။
အာဂျင်တီးနား
အာဂျင်တီးနားနိုင်ငံတွင်လည်း လူ ၁၀ ဦးလျှင် လေးဦးမှာ ဆင်းရဲနေကြပြီး နိုင်ငံ၏ငွေတန်ဖိုးမှာ အားနည်းနေသဖြင့် ဗဟိုဘဏ် တွင် နိုင်ငံခြားငွေကြေးပမာဏသည် အန္တ ရာယ်ရှိသည့်အဆင့်သို့ ကျဆင်းနေသည်။ ယခုနှစ်အတွင်း ငွေကြေးဖောင်းပွမှုနှုန်းသည် ၇၀ ရာခိုင်နှုန်းကျော်အထိ ရှိလာနိုင်သည်ဟု ခန့်မှန်းထားသည်။
သန်းနှင့်ချီသည့် အာဂျင်တီးနားပြည်သူများသည် ချို့တဲ့သူများကို အာဟာရကျွေးမွေး သည့်နေရာများနှင့် အစိုးရ၏ လူမှုဖူလုံရေးစီမံ ကိန်းများကို မှီခိုနေရသည်။ မကြာသေးမီက IMF နှင့် သဘောတူညီမှုရရှိခဲ့သည့် ချေးငွေ ဒေါ်လာ ၄၄ ဘီလျံသည်လည်း IMF ၏ တောင်းဆိုချက်များအတိုင်း လိုက်လျောခဲ့ရသဖြင့် စီးပွားရေးကို ပြန်လည်နာလန်ထူရန် ခက်ခဲစေလိမ့်မည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
အီဂျစ်
အီဂျစ်တွင် ဧပြီလအတွင်း ငွေကြေး ဖောင်းပွမှုနှုန်းမှာ ၁၅ ရာခိုင်နှုန်းနီးပါး မြင့်တက်ခဲ့သည်။ ထို့ကြောင့် ဆင်းရဲမွဲတေနေသည့် နိုင်ငံ့လူဦးရေ ၁၀၃ သန်း၏ သုံးပုံတစ်ပုံကို ဆိုးရွားစွာထိခိုက်စေခဲ့သည်။ အီဂျစ်တွင် လောင်စာ၊ သောက်သုံးရေနှင့် လျှပ်စစ်ဓာတ် အားများအတွက် အစိုးရ၏ ထောက်ပံ့ကြေး များကို လျှော့ချမှုများနှင့် နိုင်ငံသုံးငွေကြေးကို စျေးကွက်တင်မှုကဲ့သို့ ခြိုးခြံချွေတာရေး စီမံချက်များအပါအဝင် ပြုပြင်ပြောင်းလဲရေး စီမံချက်များသည် ပြည်သူများကို အထိနာစေခဲ့သည်။
ထို့ပြင် ဗဟိုဘဏ်သည် ငွေကြေးဖောင်းပွမှုနှင့် ငွေတန်ဖိုးကျဆင်းမှုတို့ကို ရှောင်လွှဲရန် အတိုးနှုန်းများကို မြှှင့်တင်ခဲ့သဖြင့် ပြည်ပ ကြွေးမြီများကို ပြန်လည်ပေးချေရာတွင် အခက်အခဲများ ဖြစ်ပေါ်စေခဲ့သည်။ အီဂျစ်၏ နိုင်ငံခြားအရန်ငွေကြေးမှာလည်း ကျဆင်းခဲ့သည်။
အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ဆော်ဒီအာရေဗျ၊ ကာတာနှင့် ယူအေအီးနိုင်ငံများကမူ အီဂျစ်ကို ကူညီထောက်ပံ့မှုအဖြစ် ဒေါ်လာ ၂၂ ဘီလျံကို ရင်းနှီးမြှုပ်နှံမည်ဟု ကတိပြုခဲ့သည်။
လာအို
သေးငယ်ပြီး ကုန်းတွင်းပိတ်နိုင်ငံဖြစ်သည့် လာအိုသည် COVID-19 ကပ်ရောဂါ မဖြစ်ပွားမီက စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်း အမြန်ဆုံးနိုင်ငံများထဲတွင် ပါဝင်ခဲ့သည်။
လက်ရှိတွင် လာအို၏ ကြွေးမြီပမာဏသည် ပိုမိုများပြားလာခဲ့ပြီး သီရိလင်္ကာကဲ့သို့ ပင် ဒေါ်လာဘီလျံချီသည့် ကြွေးမြီများကို မည်ကဲ့သို့ ပြန်လည်ပေးချေမည်ဆိုခြင်းကို ချေးငွေထုတ်ပေးသူများနှင့် ဆွေးနွေးနေရသည်။
အစိုးရ၏ ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲမှုများအားနည်းခြင်းကြောင့် လာအို၏ နိုင်ငံခြား အရန်ငွေကြေးသည် နှစ်လစာသွင်းကုန် ပမာဏအောက်တွင်ရှိနေသည်ဟု ကမ္ဘာ့ဘဏ်က ပြောကြားခဲ့သည်။ ထို့ပြင် ငွေတန်ဖိုးလျော့ကျမှုက ယင်းအခြေအနေများကို ပိုမိုဆိုးရွားစေခဲ့သည်။ ကပ်ရောဂါကြောင့် ကုန်စျေးနှုန်းများမြင့်တက်မှုနှင့် အလုပ်အကိုင်ဆုံးရှုံးမှုများက လာအို၏ ဆင်းရဲတွင်းကို ပိုပြီးနက်ရှိုင်းစေခဲ့သည်။
လက်ဘနွန်
လက်ဘနွန်နိုင်ငံသည်လည်း သီရိလင်္ကာကဲ့သို့ပင် ငွေကြေးပြိုလဲခြင်း၊ အခြေခံ ကုန်ပစ္စည်းများပြတ်လပ်ခြင်း၊ ဆိုးရွားသည့် ငွေကြေးဖောင်းပွမှု၊ ငတ်မွတ်ခေါင်းပါးမှုတို့နှင့် ရင်ဆိုင်နေရပြီး ဆီဆိုင်များတွင် ဆီဖြည့်ရန် တန်းစီစောင့်ဆိုင်းနေရကာ လူလတ်တန်းစားများကို လျော့ပါးလာစေခဲ့သည်။ ထို့ပြင် ကာလကြာရှည်ဖြစ်ပွားနေသည့် ပြည်တွင်းစစ်နှင့် ရုန်းကန်ခဲ့ရပြီး ပြန်လည်နာလန်ထူရေးအစီ အစဉ်များမှာလည်း အစိုးရယန္တရား ပျက်ယွင်းမှု၊ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် အရာမထင်နိုင်ခဲ့ပေ။
၂၀၁၉ ခုနှစ်ကုန်ပိုင်းက အစိုးရ၏ အခွန်ကောက်ခံမှုဆိုင်ရာ အဆိုပြုချက်တစ်ခုကြောင့် နိုင်ငံအတွင်း အုပ်ချုပ်သူလူတန်းစား များအပေါ်ဆန့်ကျင်သည့် ဆန္ဒပြမှုများ လပေါင်းများစွာကြာ ဖြစ်ပွားခဲ့သည်။ နိုင်ငံ၏ ငွေတန်ဖိုးမှာလည်း လျော့ကျလာကာ ပြန်လည်ပေးဆပ်ရမည့် ပြည်ပကြွေးမြီမှာ ဒေါ် လာ ၉၀ ဘီလျံရှိခဲ့ကာ ယင်းပမာဏသည် ကမ္ဘာပေါ်တွင် အမြင့်ဆုံး ကြွေးမြီပမာဏများထဲတွင် ပါဝင်ခဲ့သည်။
၂၀၂၁ ခုနှစ်ဇွန်လတွင် လက်ဘနွန်ငွေ တန်ဖိုး၏ ၉၀ ရာခိုင်နှုန်းနီးပါး ကျဆင်းခဲ့ပြီး ယင်းသည် ကမ္ဘာတွင် နှစ်ပေါင်း ၁၅၀ အတွင်း အဆိုးရွားဆုံး ငွေတန်ဖိုးကျဆင်းမှုတစ်ခုအဖြစ် သတ်မှတ်ခံခဲ့ရသည်။
မြန်မာ
ကပ်ရောဂါနှင့် နိုင်ငံရေးမတည်ငြိမ်မှု များကလည်း မြန်မာနိုင်ငံ၏ စီးပွားရေးအပေါ် ထိုးနှက်ချက်များဖြစ်ခဲ့သည်။ နိုင်ငံရေးအကျပ် အတည်းဖြစ်ပွားနေချိန်တွင် နိုင်ငံတကာ၏ ပိတ်ဆို့မှုများကိုလည်း ခံခဲ့ရသည်။ မြန်မာနိုင်ငံ၏ စီးပွားရေးသည် ပြီးခဲ့သည့်နှစ်က ၁၈ ရာခိုင်နှုန်း ကျုံ့သွားခဲ့ပြီး ၂၀၂၂ ခုနှစ်တွင်မူ မပြောပလောက်သည့် အတိုင်းအတာတစ်ခု အထိသာ တိုးတက်လာလိမ့်မည်ဟု ကျွမ်းကျင်သူများက ခန့်မှန်းခဲ့ကြသည်။
ယင်းအခြေအနေများကြောင့် မကြာသေးမီက ကမ္ဘာ့ဘဏ်၏ ၂၀၂၂-၂၀၂၄ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးနောက်ဆုံးအခြေအနေ ဖော်ပြချက်တွင် မြန်မာနိုင်ငံအတွက် ခန့်မှန်း ချက်ကိုချန်လှပ်ထားခဲ့သည်။
ပါကစ္စတန်
ပါကစ္စတန်နိုင်ငံသည်လည်း သီရိလင်္ကာကဲ့သို ဒေါ်လာ ၆ ဘီလျံ ချေးငွေရရှိရန် IMF နှင့် ဆွေးနွေးမှုများ အရေးတကြီးပြုလုပ်နေသည်။ ယင်းချေးငွေရယူရေး အခြေအနေကြောင့် ဝန်ကြီးချုပ် အမ်မရန်ခန်း၏ အစိုးရအဖွဲ့သည် ဧပြီလကဖြုတ်ချခံခဲ့ရသည်။ ရေနံစိမ်းစျေးနှုန်းများမြင့်တက်မှုက လောင်စာစျေးနှုန်းများကို မြင့်တက်စေခဲ့ပြီး ငွေကြေးဖောင်းပွမှုနှုန်း ၂၁ ရာခိုင်နှုန်းကျော် အထိ မြင့်တက်ခဲ့သည်။
အစိုးရဝန်ကြီးတစ်ဦးက လက်ဖက်ခြောက် တင်သွင်းဝယ်ယူမှုများအတွက် ဒေါ် လာသန်း ၆၀၀ ကိုချွေတာရန် လက်ဖက်ရည် သောက်သုံးမှုကို လျှော့ချရေး အဆိုပြုချက်ကြောင့် လက်ဖက်ရည်ကြိုက်သည့် ပါကစ္စတန်ပြည်သူများကို ဒေါသထွက်စေခဲ့သည်။ ပြီးခဲ့သည့်နှစ်အတွင်း ပါကစ္စတန်နိုင်ငံသုံး ရူပီးငွေကြေးတန်ဖိုးမှာလည်း ဒေါ်လာနှင့် ယှဉ်လျှင် ၃၀ ရာခိုင်နှုန်း လျော့ကျခဲသည်။
ယခုနှစ်မတ်လက ပါကစ္စတန်၏ နိုင်ငံခြားအရန်ငွေကြေးသည် ၁၃.၅ ဘီလျံအထိ လျော့ကျခဲ့ကာ ယင်းသည် နှစ်လစာ သွင်းကုန်ပမာဏနှင့် တူညီခဲ့သည်။
တူရကီ
တူရကီအစိုးရ၏ ဘဏ္ဍာရေးစီမံခန့်ခွဲမှု အားနည်းခြင်းနှင့် ကုန်သွယ်ရေးလိုငွေပြမှုများ မြင့်တက်နေခြင်းသည် ငွေကြေးဖောင်းပွမှုနှုန်း ၆၀ ကျော်ရှိနေပြီး အလုပ်လက်မဲ့နှုန်း မြင့်တက်နေသည့် တူရကီ၏ စီးပွားရေးအကျပ်အတည်းကို ပိုမိုဆိုးရွားစေခဲ့သည်။
၂၀၂၁ ခုနှစ်အတွင်း နိုင်ငံသုံးငွေကြေးသည် ဒေါ်လာ၊ ယူရိုများနှင့် နှိုင်းယှဉ်ပါက အနိမ့်ဆုံးအဆင့်အထိ ကျဆင်းသွားခဲ့ပြီးနောက် ငွေကြေးအကျပ်အတည်းကို ကာမိစေရန် တူရကီဗဟိုဘဏ်သည် နိုင်ငံခြားအရန် ငွေကြေးများကို မဖြစ်မနေအသုံးပြုခဲ့ရသည်။
ထို့ပြင် တူရကီ၏ ပြည်ပကြွေးမြီသည် ၎င်း၏ ဂျီဒီပီစုစုပေါင်း၏ ၅၄ ရာခိုင်နှုန်း ရှိနေမှုနှင့်အတူ တူရကီမိသားစုများသည် အစားအစာနှင့် အခြားအခြေခံကုန်ပစ္စည်းများကိုဝယ်ယူရန် ရုန်းကန်နေရသည်။
ဇင်ဘာဘွေ
ဇင်ဘာဘွေနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းမှာ ၁၃၀ ရာခိုင်နှုန်းကျော်အထိ မြင့်တက်ခဲ့သည်။ ထို့ကြောင့် ငွေကြေးဖောင်းပွမှုနှုန်း ၅၀၀ ဘီလျံရာခိုင်နှုန်းအထိရှိခဲ့သည့် ၂၀၀၈ ခုနှစ်က ငွေကြေးဖောင်းပွမှုနှုန်း အဆမတန် မြင့်တက်ခဲ့သည့်အခြေအနေသို့ ပြန်လည်ရောက်ရှိမည့်အရေးကို စိုးရိမ်မှုများ မြင့်တက်စေခဲ့သည်။
ယခင်ကတည်းက ကျိုးပျက်လွယ်သည့် ဇင်ဘာဘွေ၏ စီးပွားရေးသည် အကျင့်ပျက်ခြစားမှု၊ ရင်းနှီးမြှုပ်နှံမှုနည်းပါးမှု၊ ပို့ကုန်ကဏ္ဍ နိမ့်ကျမှုနှင့် များပြားသည့် ကြွေးမြီများနှင့် အတူ ရုန်းကန်နေရသည်။ ငွေကြေးဖောင်းပွမှုသည် ဇင်ဘာဘွေပြည်သူများ၏ စားဝတ်နေရေးကို အလွန်ဆိုးရွားစွာ ထိခိုက်စေခဲ့ပြီး ပြည်သူအများစုမှာ ပုံမှန်စားနေကျ အစားအစာများထက် တစ်နပ် သို့မဟုတ် နှစ်နပ်ခန့်လျှော့ပြီး စားသောက်နေရသည်။
Ref: AP










