ဂျာမနီနိုင်ငံ ကိုလုံးမြို့၏ လေဆိပ်အနီးက ဓာတ်ဆီဆိုင်တွင်ဖြစ်သည်။ ဘန်းမူလာသည် ယူရို ၂၂ ဒေါ်လာ၊ ယူရို ၂၃ ဒေါ်လာ ၊ ယူရို ၂၄ ဒေါ်လာစသည်ဖြင့် လျင်မြန်စွာတိုးလာသော ဂဏန်းများကို ကြည့်နေသည်။ ထိုဂဏန်းများသည် လောင်စာစျေးများနှုန်းမြင့်လာသည်ကို ပြနေသည်။ လောင်စာစျေးများသည် ဖြည်းဖြည်းချင်း မြင့်တက်လာသည်။ မခံမရပ်နိုင်လောက်အောင် မြင့်တက်လာသော စျေးနှုန်းများပင်တည်း။
“အခုအောက်တိုဘာနဲ့ နိုဝင်ဘာတို့မှာ ကျွန်တော့်ကားကို အနားပေးတော့မယ်” ဟု အသက် ၈၀ အရွယ် မူလာက ပြောကြားသည်။ “ကျွန်တော်က အငြိမ်းစားယူထားတာပါ။ ပြီးတော့ ဓာတ်ဆီနဲ့ လောင်စာအားလုံးကိုလည်း အငြိမ်းစားပေးမယ်ဗျာ။ တစ်ချိန်ချိန်မှာတော့ (သုံးစွဲတာတွေကို) လျှော့ချပစ်ရမှာပါပဲ” ဟု သူက ပြောသည်။
ကမ္ဘာတစ်ဝန်းရှိ မူလာကဲ့သို့ ကားဆရာများသည် အလေ့အကျင့်များကို ပြင်နေကြရသည်။ သုံးစွဲမှုများကို ပြန်လည်စိစစ်နေကြရသည်။ ယူကရိန်းတွင် ရုရှားဆင်နွှဲနေသော စစ်ပွဲက လောင်စာထိုးပေးလိုက်သဖြင့် ဓာတ်ဆီစျေးများနှင့် ဒီဇယ်စျေးများ ထောင်တက်သွားသည်။ ထို့အပြင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါ အလွန်ကာလတွင် ကမ္ဘာ့စီးပွားရေးပြန်လည်ကောင်းမွန်လာစေရန် ကြိုးစားနေချိန်စဉ် လောင်စာစျေးများ မြင့်တက်နေခြင်းဖြစ်သည်။ စွမ်းအင်စျေးနှုန်းများသည်ကား ကမ္ဘာတစ်ဝန်း၌ တစ်ရိပ်ရိပ်တက်နေသော ငွေဖောင်းပွမှုနှင့် နေထိုင်စရိတ်တို့ကို ပိုမိုကြီးမားလာစေသည့် အဓိကမောင်းနှင်အားဖြစ်လာသည်။
ဗီယက်နမ်က ဆိုင်ကယ်အငှားလိုက်သူသည် ရုံးတက်ရုံးဆင်းချိန် အရန်အဖြစ်အသုံးပြုသော အဖိုးတန်ဓာတ်ဆီများကို အကုန်မခံတော့ဘဲ ဆိုင်ကယ်အော်ဒါ အက်ပလီကေးရှင်းကို ပိတ်ထားလိုက်ရသည်။ ပြင်သစ်မိသားစုတစ်စုသည် သြဂုတ်လအတွင်းသွားရန် စီစဉ်ထားသော အားလပ်ရက်ခရီးကို ချုံ့ပစ်လိုက်ရသည်။ ကယ်လီဖိုးနီးယားက ဂရပ်ဖစ်ဒီဇိုင်နာသည် ညဘက်အပြင်ထွက်ရာ၌ ဓာတ်ဆီစျေးကို ထည့်တွက်နေရသည်။ ရောမမြို့တွင် သမီးကို တက္ကသိုလ်ကျောင်းသို့ ကားဖြင့် လိုက်ပို့ရန် ကုန်ကျစရိတ်တွက်နေသော မိခင်မှာ ပီဆာစားမည့် ညကို စိတ်ထဲကသာ ရည်မှန်းနိုင်တော့သည့်အနေအထားဖြစ်လာသည်။
ကမ္ဘာ့စီးပွားရေးနှင့်ပတ်သက်၍ ဆုံးဖြတ်ချက်များ ပြောင်းလဲနေသကဲ့သို့ စားသုံးသူများနှင့် နိုင်ငံများ၏ ဆုံးဖြတ်ချက်များသည်လည်း ပြောင်းလဲနေပါသည်။ လမ်းများများ လျှောက်ကြပါ။ စက်ဘီးကို ဖုန်သုတ်ပါ။ မြေအောက်ရထား၊ ရထား သို့မဟုတ် ဘတ်စ်ကားတို့ကို စီးပါ။ လောင်စာချွေတာရေးအတွက် လီဘာကို ဖွဖွလေးနင်းပါ။ ကားဖြင့် သွားရမည့်ခရီးသည် သွားထိုက်သောခရီးဟုတ်မဟုတ်ဆိုသည်ကို ဆန်းစစ်ပါ။ သို့တည်းမဟုတ် ကားမပါဘဲ သွားပါ။
ပြည်သူ့ သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှု အလုံအလောက်မရနိုင်သူများ၊ ကားကို မရှိမဖြစ်သုံးနေရသူ များအနေဖြင့်မူ အခြားနေရာများအတွက်အသုံးစရိတ်များကို လျှော့ချကာ လောင်စာကို မသုံးမဖြစ် သုံးနေရကြရသည်။ ဗီယက်နမ်နိ်ုင်ငံ ဟနွိုင်းမြို့တွင် Grab အွန်လိုင်းအငှားလိုက်သောဝန်ဆောင်မှုအတွက် အလုပ်လုပ်ပေးနေသော ဆိုင်ကယ်အငှားလိုက်သူ ငုယင်ထရွန်တူယင်သည် လူအသွားအလာများသည့်အချိန်များတွင် အက်ပလီကေးရှင်းကို ပိတ်ထားရသည်ဟု ပြောကြားသည်။
“ယာဉ်ကြောကျပ်တဲ့အခါ ငှားခက ပို့ရမယ့်လမ်းကြောင်းအတွက် ဓာတ်ဆီဖိုးမကျေပါဘူး” ဟု ပြောကြားသည်။ ဆိုင်ကယ်အငှားလိုက်သူ အများစုမှာ အွန်လိုင်းမှတစ်ဆင့် ငှားနိုင်သော Tuyen လို အပလီကေးရှင်းများကို ပိတ်ထားကြခြင်းက ဆိုင်ကယ်ငှားလိုသော ဖောက်သည်အများကို အခက်အခဲဖြစ်စေသည်။
မနီလာမြို့မှာ အကြီးစားဂျစ်ကားဖြင့် လိုင်းကားဆွဲနေသော ရော်နယ်ဆီဘာရီသည် တစ်နေ့လျှင် ဒီဇယ်စရိတ် ပီဆို ၉၀၀ (အမေရိကန်ဒေါ်လာ ၁၆.၈၃) ဖိုး အသုံးပြုနေရသည်။ ဖိလစ်ပိုင်တွင် အများပြည်သူသယ်ယူ ပို့ဆောင်ရေးလုပ်ငန်း၌ အသုံးပြုနေသော အဆိုပါအကြီးစားဂျစ်ကားများသည် ဒုတိယကမ္ဘာစစ်အပြီးတွင် အမေရိကန်တို့ ထားခဲ့သည့် စစ်သုံးဂျစ်ကားများမှ ဆင့်ကဲပြောင်းလဲလာသော ကားများဖြစ်သည်။ ဖိလစ်ပိုင်တို့က အဆိုပါကားများကို ရောင်စုံခြယ်ကာ လိုင်းကားဆွဲရာတွင် အသုံးပြုလျက်ရှိသည်။ ဂျစ်မနေးကားဟုခေါ်သည့် အကြီးစားဂျစ်ကားကို ဖိလစ်ပိုင်တွင်သာ တွေ့ရပြီး ပြည်ပခရီးသွားများ စိတ်ဝင်တစား စီးနင်းကြသည်ဟု သိရသည်။ ယနေ့အချိန်တွင် ဂျစ်မနေးကားအတွက် တစ်ရက်စာ ဒီဇယ်စရိတ်သည် ပီဆို ၂၂၀၀ (၄၁.၄၀ ဒေါ်လာ) လောက်အထိ ကုန်ကျနေသည်။
“ပီဆိုငွေ ၂၂၀၀ ဆိုတာ ကျွန်တော်တို့ရဲ့နေ့စဉ်ဝင်ငွေဖြစ်သင့်တာပါ။ အခုတော့ ဘာမှမကျန်ဘူး” ဟု ဆီဘာရီက ပြောကြားသည်။ လောင်စာစျေးများ မြင့်တက်လာသောကြောင့် သူ၏ဝင်ငွေသည် ၄၀ ရာခိုင်နှုန်း ကျဆင်းသွားသည်ဟု ဆိုသည်။
ဓာတ်ဆီနှင့် ဒီဇယ်စျေးများသည် ရေနံစိမ်းစရိတ်၊ အခွန်များ၊ တစ်နိုင်ငံချင်းစီ၏ ဝယ်နိုင်စွမ်းအားနှင့် ကြွယ်ဝမှု၊ ထောက်ပံ့ကြေးပေးသည့် အစိုးရ၊ ရေနံသန့်စင်စက်ရုံများလို ကြားလုပ်ငန်းများက ဖြတ်တောက်လျှော့ချမှုတို့ပါနေသည့် ကိန်းထွေညီမျှခြင်း (Complex Equation) ဖြစ်သည်။ ရေနံစျေးကို ဒေါ်လာဖြင့် စျေးဖြတ်ခြင်းဖြစ်ရာ နိုင်ငံတစ်နိုင်ငံသည် စွမ်းအင်တင်သွင်းသောနိုင်ငံဖြစ်ပါက ငွေလဲနှုန်းသည် အရေးပါလာသည်။ မကြာမီက ယူရိုငွေတန်ဖိုး အားနည်းသွားခြင်းမှာ ဥရောပ၌ ဓာတ်ဆီစျေးမြင့်တက်စေသည့် အကြောင်းရင်းဖြစ်နေသည်။
ထို့အပြင် ယူကရိန်းစစ်ပွဲကဲ့သို့သော ပထဝီနိုင်ငံရေးဆိုင်ရာ အကြောင်းအရင်းများသည်လည်း စွမ်းအင်စျေးမြင့်တက်စေသည့် အကြောင်းရင်းများဖြစ်သည်။ ရုရှားရေနံကို လက်ရှောင်ကြသော ဝယ်လက်များနှင့် အနောက်နိုင်ငံများက ရုရှားရေနံကို ပိတ်ပင်ရန် စီမံမှုတို့က ကိုရိုနာကပ်ရောဂါကြောင့်ဖြစ်ရသည့် ရေနံရှားပါးမှုနှင့် ရင်ဆိုင်နေရသော စွမ်းအင်စျေးကွက်များကို ကိုင်လှုပ်နေသည်။
ကမ္ဘာ့ရေနံစိမ်းစျေးနှုန်းသည် တစ်စည်ကို အမေရိကန်ဒေါ်လာ ၁၁၀ ဝန်းကျင်ရှိသည်။ အခွန်များနှင့် အခြားအချက်များကြောင့်ဟုဆိုကာ ကမ္ဘာ့ရေနံစိမ်းစျေးကို သတ်မှတ်တာမျိုး မဟုတ်ပါ။ ရောင်းလိုအားနှင့် ဝယ်လိုအားအပေါ်မူတည်၍ ရေနံစိမ်းစျေးကို သတ်မှတ်ခြင်းဖြစ်သည်။ ဟောင်ကောင်နှင့် နော်ဝေတို့တွင် တစ်ဂါလန်ကို ၁၀ ဒေါ်လာ ပိုပေးရနိုင်သည်။ ဂျာမနီတွင် တစ်ဂါလန်ကို ၇.၅၀ ဒေါ်လာဝန်းကျင် ပိုပေးရနိုင်ပြီး ပြင်သစ်တွင် ရှစ်ဒေါ်လာခန့် ပိုပေးရနိုင်သည်။ လောင်စာအခွန်နည်းသဖြင့် အမေရိကန်တွင် ဓာတ်ဆီတစ် ဂါလန်အတွက် ပျမ်းမျှစျေးမှာ ငါးဒေါ်လာလောက်သာတက်သဖြင့် အခြားနေရာများနှင့်ယှဉ်လျှင် သက်သာသည်ဆိုသော်လည်း အမေရိကန်၌ စျေးနှုန်းထိုမျှတက်သွားခြင်းမှာ ပထမဆုံးဖြစ်သည်။
ဆင်းရဲသောနိုင်ငံများက ပြည်သူများသည် ပိုမိုမြင့်တက်လာသော စွမ်းအင်စျေးနှုန်းများ၏ဒဏ်ကို လျင်လျင်မြန်မြန်ခံစားကြရသည်ဆိုသော်လည်း လောင်စာစျေးမြင့်တက်မှုကို ဥရောပတိုက်သားများနှင့် အမေရိကန်ပြည်သူများလည်း ခံစားကြရသည်။ အမေရိကန်ပြည်သူများသည် ဘတ်စ်ကား၊ ရထားစသည် ပြည်သူ့သယ်ယူပို့ဆောင်ရေးကို နည်းနည်းသာရရှိကြသည်။ ဥရောပ၏သ ယ်ယူပို့ဆောင်ရေးကွန်ရက်များသည်ပင် ကျေးလက်ဒေသများအထိ ခရီးမပေါက်။
ပါရီတောင်ပိုင်း အက်ဆွန်းအရပ်ရှိ အဝတ်အထည်စတိုးဆိုင်၏ မန်နေဂျာ ချားလ်ဒူပွန့်သည် အလုပ်ကို ကားမောင်းသွားရသည်။
“ကျွန်တော်ကတော့ ချွေချွေတာတာ မောင်းတဲ့ပုံစံကို ကျင့်သုံးနေရတယ်။ ကားကို ဖြည်းဖြည်းမောင်း၊ ရုတ်တရက်ဘရိတ်မအုပ်မိအောင် မောင်းဆိုတဲ့ပုံစံနဲ့ မောင်းနေရတာဖြစ်ပါတယ်” ဟု သူက ပြောကြားသည်။
အခြားသူများသည်လည်း အသုံးစရိတ်လျှော့ချမှုများ လုပ်နေကြရသည်။ ရောမက ဓာတ်ဆီဆိုင်တွင် ကားကို ဆီဖြည့်နေသော လတ်တီဇီယာဆီစီနယ်လီကမူ သွား၍ရသည့် နေရာများကို စက်ဘီးစီးသွားကာ ကားဖြင့် သွားရမည့်ခရီးများကို လျှော့ချရန် ကြိုးစားနေသည်ဟု ပြောသည်။
“ကျွန်မမှာ သမီးရှိတယ်၊ သူ့ကို ကားနဲ့ ကျောင်းကို လိုက်ပို့ရမယ်ဆိုရင်တော့ ပီဆာအပိုမစားတော့ဘဲ သူ့ကို လိုက်ပို့ရမှာပါ” ဟု သူက ပြောကြားသည်။
လောင်စာစျေးနှုန်းများသည် နိုင်ငံရေးအရ ပေါက်ကွဲစေနိုင်သောအရာများဖြစ်လာနိုင်သည်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် လောင်စာစျေးများ ကျဆင်းစေရေးအတွက် လာမည့်လတွင် ဆော်ဒီအာရေဗျနိုင်ငံကို သွားမည်ဖြစ်သည်။ ရေနံပိုမိုထုတ်လုပ်ရန် သူက ဆော်ဒီကို ဖိအားပေးမည်ဟု ယူဆရသည်။ ဆော်ဒီဦးဆောင်သော အိုပက်နှင့် ရေနံမဟာမိတ်အဖွဲ့တို့က ရေနံထုတ်လုပ်မှုတိုးမြှင့်ရန် ဆုံးဖြတ်ခဲ့ကြပြီးနောက် သမ္မတဂျိုးဘိုင်ဒင်၏ ဆော်ဒီခရီးစဉ်ဖြစ်ပေါ်လာခြင်းဖြစ်သည်။ အမေရိကန်နှင့် အခြားသောနိုင်ငံများက မိမိတို့၏ မဟာဗျူဟာမြောက် အရန်ရေနံများမှ ရေနံများကို ထုတ်ယူခဲ့ကြရာ ထိုလုပ်ရပ်က လောင်စာစျေးများ ကျဆင်းလာအောင် အထောက်အကူပြုသည်ဆိုသော်လည်း အဆုံးအဖြတ်ပေးသည့် လုပ်ရပ်မဟုတ်ပေ။
ဟန်ဂေရီအပါအဝင် နိုင်ငံအချို့က လောင်စာစျေးနှုန်း ထိန်းချုပ်မှုများကို လုပ်ဆောင်ခဲ့ကြသည်။ ထိုနိုင်ငံများတွင် ပြည်ပလိုင်စင်ပြားတပ်ဆင်ထားသော ယာဉ်များကို လျှော့စျေးမပေးတော့ပေ။ ဂျာမနီနိုင်ငံတွင် အစိုးရက ဓာတ်ဆီ တစ်လီတာကို ယူရို ၃၅ စင့်နှင့် ဒီဇယ်တစ်လီတာကို ယူရို ၁၇ ဆင့်ဖြင့် အခွန်များကို လျှော့ချပေးခဲ့သော်လည်း မကြာမီဓာတ်ဆီနှင့် ဒီဇယ်စျေးများ ပြန်တက်လာခဲ့သည်။
ရထား၊ ဘတ်စ်ကားစသည်တို့စီးနင်းရန် လစဉ်လက်မှတ်ဝယ်ထားသူများကို ယူရိုကိုးဒေါ်လာ လျှော့ပေးသည့်အစီအစဉ်အား ဂျာမနီအစိုးရက အကောင်အထည်ဖော်ခဲ့သည်။ မကြာသေးမီ သီတင်းပတ်ကုန်နှစ်ရက်တွင် ရထားဘူတာရုံများနှင့် ရထားများပေါ်တွင် ခရီးသည်များ ပြည့်ကျပ်ကုန်တော့သည်။ သို့ရာတွင် လစဉ်လက်မှတ်ဝယ်ထားသူများကို စျေးလျှော့ပေးသည့်စနစ်သည် သုံးလသာကြာမည်ဟုဆိုထားရာ အနီးနားတွင် ရထားဘူတာမရှိသော ကျေးလက်နေပြည်သူများအဖို့ ထိုစနစ်က အနည်းငယ်သာအလုပ်ဖြစ်သည်ဟု ဆိုရမည်။
သို့ရာတွင် ဂျာမနီပြည်သူများသည် ကူးစက်ရောဂါမတိုင်မီက အနေအထားအတိုင်း လောင်စာဖြည့်နေကြသည်ဟု ဂျာမနီ Gas Station Association က ထုတ်ပြန်ခဲ့သည်။ လောင်စာစျေးများတက်လာသည်ကို လက်ခံလျက် ဂျာမနီပြည်သူများသည် ယခင်ကအနေအထားတိုင်း လောင်စာသုံးစွဲနေကြသည်ဟု ဆိုသည်။
ဖော်ပြခဲ့သော အခင်းအကျင်းများအရ လောင်စာစျေးများ ကျဆင်းလာနိုင်သလားဟု မေးခွန်းထုတ်စရာရှိသည်။ ယူကရိန်းစစ်ပွဲက ကမ္ဘာ့ရေနံစျေးကွက်အပေါ် ဘယ်လိုဘယ်ပုံသက်ရောက်နေသလဲဆိုသည့်အပေါ် အများအပြား မူတည်နေသည်ဟု ဆိုရမည်။ ဥရောပသမဂ္ဂ (အီးယူ)က ရုရှားထံမှ ရေနံအများဆုံးဝယ်ယူနေမှုကို ခြောက်လအတွင်း အဆုံးသတ်မည်ဟု ပြောကြားထားသောကြောင့် စျေးကွက်ထဲတွင် ရုရှားရေနံအချို့ကို တွေ့ရတော့မည်မဟုတ်ဟု လေ့လာဆန်းစစ်သူများက ပြောကြားသည်။
ယင်းသို့သော အနေအထားတွင် တရုတ်နှင့် အိန္ဒိယတို့က ရုရှားရေနံများကို ပိုမိုဝယ်ယူနေကြသည်။ ဥရောပကမူ အရှေ့အလယ်ပိုင်းကဲ့သို့သော ဒေသများမှ ရေနံများကို ဝယ်ယူဖို့ရှိနေသည်။ သို့ရာတွင် ရုရှားပါဝင်နေသော OPEC+ အဖွဲ့သည် ထုတ်လုပ်မှုရည်မှန်းချက်များ ပြည့်မီခြင်းမရှိပေ။
ထို့ကြောင့် ဥရောပတွင် ညဘက်အပြင်ထွက်ကာ သုံးဖြုန်းသည့်ကိစ္စများ၊ နွေရာသီ အားလပ်ရက်ခရီးထွက်ခြင်းများ လျော့နည်း လာတော့မည်ဟု ယူဆရသည်။ သို့ဖြစ်ရာ လောင်စာစျေးမြင့်တက်မှုကို တိုက်ဖျက်ရန် အကောင်းဆုံးနည်းများမှာ လမ်းများများလျှောက်ခြင်းနှင့် စက်ဘီးများများစီးခြင်းဆိုသော ချွေတာရေး အယူအဆများဖြစ်မည်ဟု ဆိုရမလိုရှိသည်။










