၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ဒုတိယသုံးလပတ်အတွင်း မြန်မာနိုင်ငံမှ ဂျပန်နိုင်ငံသို့ ပို့ကုန်တင်ပို့မှုတန်ဖိုး ဒေါ်လာ ၃၂၉ သန်း ကျော်ရှိပြီး ယခင်ဘဏ္ဍာနှစ်ကာလတူထက် ၂၅ ရာခိုင်နှုန်းကျော်မြင့်တက်ခဲ့ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဗဟိုစာရင်းအင်းအဖွဲ့မှ ထုတ်ပြန်ချက်အရ သိရသည်။
၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ဒုတိယသုံးလပတ်ကာလအတွင်း မြန်မာနိုင်ငံမှ ဂျပန်နိုင်ငံသို့ ပို့ကုန်တင်ပို့မှုတန်ဖိုးဒေါ်လာ ၃၂၉ ဒသမ ၇၁ သန်းရှိသည်။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ဒုတိယသုံးလပတ်ကာလအတွင်း မြန်မာမှဂျပန်သို့ ပို့ကုန်တင်ပို့မှုတန်ဖိုးမှာ ဒေါ်လာ ၂၆၂ ဒသမ ၅၂ သန်းရှိသည်။ အဆိုပါကာလတူနှစ်ခုတွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ဒုတိယသုံးလပတ်မှာ ယခင်ဘ ဏ္ဍာနှစ်ကာလတူထက် ပို့ကုန်တင်ပို့မှု ၂၅ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာလကုန်အထိ မြန်မာ-ဂျပန်နှစ်နိုင်ငံကုန်သွယ်မှု ဒေါ်လာ ၁၂၉၆ သန်းကျော်ရှိပြီး မြန်မာဘက်မှ ပို့ကုန်တင်ပို့မှု ဒေါ်လာ ၉၄၄ သန်းကျော်ဖြင့် ကုန်သွယ်မှုအသာစီးရရှိခဲ့ကြောင်း စီးပွားရေးနှင့်ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။ အဆိုပါကာလအတွင်း မြန်မာဘက်မှ ပို့ကုန်တန်ဖိုးဒေါ်လာ ၉၄၄ ဒသမ ၂၀၄ သန်း တင်ပို့ထားပြီး ဂျပန်ဘက်မှသွင်းကုန် တန်ဖိုးဒေါ်လာ ၃၅၂ ဒသမ ၄၆၂ သန်းဖြင့် နှစ်နိုင်ငံကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၂၉၆ ဒသမ ၆၆၆ သန်းရရှိထားသည်။
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် မြန်မာဘက်မှပို့ကုန်တင်ပို့မှုတန်ဖိုးဒေါ်လာ ၁၄၁၅ ဒသမ ၇၁၁ သန်း၊ဂျပန်ဘက်မှသွင်းကုန် တန်ဖိုးဒေါ်လာ ၄၈၀ ဒသမ ၅၇၁ သန်းဖြင့် ကုန်သွယ်မှုပမာဏဒေါ်လာ ၁၈၉၆ ဒသမ ၂၈၃ သန်းရရှိခဲ့သည်။
ဂျပန်ကုမ္ပဏီများက မြန်မာနိုင်ငံတွင် ကုန်ပစ္စည်းထုတ်လုပ်ပြီး အိန္ဒိယ၊တရုတ်နှင့် ထိုင်းနိုင်ငံများသို့ တင်ပို့မည့်လုပ်ငန်းများ လာရောက်လုပ်ကိုင်ရန် စိတ်ဝင်စားမှုမြင့် တက်နေကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး H.E Mr.Ichiro Maruyama က ၂၀၁၉ ခုနှစ် အောက်တိုဘာလအတွင်းက ပြောကြားထားသည်။
“ မြန်မာနိုင်ငံက လူဦးရေများတဲ့အတွက် ပြည်တွင်းစျေးကွက်ကိုလည်း အင်မတန်မှစိတ်ဝင်စားတဲ့ ဂျပန်ကုမ္ပဏီတွေများပါတယ်။ မြန်မာနိုင်ငံဆိုရင် ထိုင်းနိုင်ငံတို့ အိန္ဒိယတို့ တရုတ်နိုင်ငံတို့နဲ့ ထိစပ်နေပါတယ်။ အဲဒီကြောင့်မို့ ဥပမာမြန်မာပြည်မှာ ထုတ်တဲ့ ပစ္စည်းများကို အိမ်နီးနားချင်းနိုင်ငံများကို Export လုပ်ဖို့ အဲဒီမှာစိတ်ဝင်စားတဲ့ ဂျပန်ကုမ္ပဏီတွေများပါတယ်” ဟု H.E Mr.Ichiro Maruyama က ပြောကြားသည်။
ထို့အပြင် အိန္ဒိယ၊ တရုတ်နှင့် ထိုင်းနိုင်ငံတို့မှ ကုန်ကြမ်းများတင်သွင်းပြီး ကုန်ချော ပြန်လည်ထုတ်လုပ်ကာ ပြည်တွင်းစျေးကွက် အတွင်းသို့ ဖြန့်ဖြူးရောင်းချမည့်လုပ်ငန်းများကိုလည်း စိတ်ဝင်စားမှုရှိကြောင်း သိရသည်။
၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၁၉ ခုနှစ် စက်တင်ဘာ ၃၀ ရက်အထိ ဂျပန်နိုင်ငံက မြန်မာနိုင်ငံအတွင်း လာရောက်ရင်းနှီး မြှုပ်နှံထားသည့် လုပ်ငန်းပေါင်း ၁၁၇ ခု ရှိပြီး ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလျံကျော်ရှိကြောင်း ရင်းနှီးမြှုပ် နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
ထို့အပြင် အထူးစီးပွားရေးဇုန်ဥပဒေအရ သီလဝါအထူးစီးပွားရေးဇုန်အတွင်းလာ ရောက်ရင်းနှီးမြှပ်နှံထားသည့် လုပ်ငန်းပေါင်း ၃၉ ခုရှိပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာသန်း ၆၇၀ ကျော်အထိရှိသည်။










