အရှေ့ဘက် စစ်နံတွင် အင်အားဖြည့်တင်းမည့် နေတိုးမဟာမိတ်အဖွဲ့

အရှေ့ဘက် စစ်နံတွင် အင်အားဖြည့်တင်းမည့် နေတိုးမဟာမိတ်အဖွဲ့
Photo : AFP
Photo : AFP
Published 17 June 2022
ဖြိုးဟိန်းကျော်

ယူကရိန်း ကျူးကျော်ခံရပြီးနောက်တွင် ရုရှား၏ နောက်ထပ် ကျူးကျော်ရန်စမည့် အစီအစဉ်များကို ဟန့်တားရန်အတွက် နေတိုးမဟာမိတ်အဖွဲ့၏ အရှေ့ဘက် နယ်နိ မိတ်တစ်လျှောက်တွင် တပ်ဖွဲ့ဝင်အင်အားနှင့် စစ်လက်နက်များ ဖြည့်တင်းမည့် နည်းလမ်း များကို အဖွဲ့ဝင် နိုင်ငံများ၏ ကာကွယ်ရေး ဝန်ကြီးများက ဇွန် ၁၆ ရက်တွင် ဆွေးနွေးခဲ့ကြသည်။

အဆိုပါ ဆွေးနွေးမှုအတွင်း မြောက်အတ္တလန္တိတ် စာချုပ်ဝင်နိုင်ငံများအဖွဲ့ (နေတိုး)၏ မဟာဗျူဟာများကို ပြန်လည်သုံးသပ်ခဲ့ပြီး ၎င်းတို့အရှေ့ဘက် စစ်နံတွင် တပ်ဖွဲ့ဝင် အင်အား တိုးမြှင့်ချထားသင့်ကြောင်းကိုလည်း အဖွဲ့ဝင်နိုင်ငံများ၏ ကာကွယ်ရေးဝန်ကြီး များက သဘောတူညီခဲ့ကြသည်။ အဓိကအားဖြင့် အရှေ့ဘက် စစ်နံတွင် နေတိုးအဖွဲ့၏ တိုက်ရိုက်ကွပ်ကဲမှု အောက်၌လက်ရှိချထားသော တပ်ဖွဲ့ဝင်အင်အားသည် လေးသောင်း ကျော်ရှိပြီး ၎င်းင်းတို့၏ တပ်အင်အား ချထားမှု၊ တိုက်ပွဲဝင်ရန် အသင့်ဖြစ်မှုနှင့် စွမ်းရည်တို့ကို ထပ်မံဖြည့်တင်းမည့် နည်းလမ်းများကို နေတိုး တာဝန်ရှိသူများက စဉ်းစားလျက်ရှိသည်။

“ဒါဟာ နေတိုးအဖွဲ့ရဲ့ အရှေ့ဘက်ခြမ်းမှာ မိမိတို့ရဲ့ တိုက်ပွဲဝင်တပ်တွေကို အင်အား ဖြည့်တင်းတာ၊ လေကြောင်း၊ ရေကြောင်းနဲ့ ဆိုက်ဘာလုံခြုံရေး တိုးမြှင့်တာနဲ့ စစ်လက်နက်ခဲယမ်းတွေ ကြိုတင်ဖြန့်ကြက်တာတွေလုပ်ဆောင်ပြီး ရှေ့တန်းတိုက်ခိုက်ရေး အင်အားကို ပိုမိုဖြန့်ကြက်သွားမယ့် အဓိပ္ပာယ်ပဲ ဖြစ်တယ်”ဟု နေတိုးအတွင်းရေးမှူးချုပ် ယန်စ် စတော်တန်ဘာ့ဂ်က ဆိုသည်။

လာမည့်နှစ်များအတွင်း နေတိုးမဟာ မိတ်အဖွဲ့အတွက် လမ်းပြမြေပုံတစ်ခု ချမှတ်သွားမည့် နေတိုးထိပ်သီးအစည်းအဝေးကို မက်ဒရစ်မြို့တွင် ဇွန် ၂၉ မှ ၃၀ ရက်အထိ မကျင်းပမီတွင် အဖွဲ့ဝင် နိုင်ငံများ၏ ကာကွယ်ရေး ဝန်ကြီးများ တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ဂျာမနီကလစ်သူယေးနီးယားနှင့် ဆက်ဆံရေး တိုးမြှင့်မည့် အစီအစဉ်များကို ကြေညာခဲ့ပြီး ဖြစ်သကဲ့သို့ ပြင်သစ်ကလည်း ရိုမေးနီးယားတွင် ဖြန့်ကျက်ထားသော တပ်အင်အားကို တိုးမြှင့်ရန် ဆန္ဒရှိနေပြီး ယခုနှစ်ကုန်တွင် Leclerc တင့်ကားများနှင့် တပ်ဖွဲ့ဝင် တစ်ထောင်ခန့်ကို ဖြန့်ကြက်ထားရှိရန် စီစဉ်လျက်ရှိသည်။

အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က ဥရောပတစ်လွှားတွင် အမေရိကန် တပ်ဖွဲ့ဝင်များ ဖြန့်ကြက်ချထားမှု အပြောင်းအလဲများနှင့် ပတ်သက်၍ အသေးစိတ်ပြောဆိုရန် ငြင်းဆန်ထားသော်လည်း အခြေအနေအရ လိုအပ်လာမည်ဆိုလျှင် တပ်အင်အား ဖြန့်ကြက်မှုကို အလျင်အမြန် လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့သည်။ ထို့ပြင် ဥရောပ၌ စစ်လက်နက်များ ထပ်မံချ ထားခြင်းနှင့် အမေရိကန်တပ်ဖွဲ့ဝင်များကို  တပ်လှန့်မှုအဆင့် တိုးမြှင့်ခြင်းတို့လည်းပြုလုပ် သွားမည်ဟု သိရသည်။

“အတိတ်က ချို့ယွင်းချက်တွေ၊ အားနည်းချက်တွေကနေ ကျွန်တော်တို့ မဟာမိတ်တွေအားလုံး သင်ခန်းစာယူခဲ့ပြီး အရေးကြီးတဲ့ အချိန်မျိုးမှာ မိမိတို့ တပ်ဖွဲ့ဝင်တွေကို ပြောင်းလွယ်ပြင်လွယ်ရှိပြီး တာဝန်ယူမှုရှိအောင် တိုက်ပွဲဝင်နိုင်စွမ်း ပြည့်ဝနေအောင် အခိုင်အမာ ပြင်ဆင်သွားမှာဖြစ်တယ်”ဟု အော်စတင်က ဆိုသည်။

နေတိုးစစ်မဟာမိတ်အဖွဲ့ အနေဖြင့် ဘောလ်တစ်နိုင်ငံများတွင် တပ်ဖွဲ့ဝင်များနှင့် စစ်လက်နက်များ တိုးမြှင့် ချထားသင့်သည်ဟု လတ်ဗီးယား ကာကွယ်ရေးဝန်ကြီး အာတစ်ပါဘရစ်က ဆိုသည်။

“မိမိတို့အနေနဲ့ ပိုမိုကောင်းမွန်တဲ့ စီမံချက်တစ်ခု၊ ဌာနချုပ် ဖွဲ့စည်းပုံတစ်ခုကို လိုအပ်ပါတယ်။ လက်နက်ခဲယမ်းမျိုးစုံကိုလည်း ကြိုတင်ဖြန့်ကြက်ချထားဖို့ လိုအပ်ပါတယ်။ အဲဒါမှအန္တရာယ် ကျရောက်လာပြီဆိုရင် စောင့်ဆိုင်းနေစရာ မလိုတော့ပါဘူး”ဟုလည်း သူက ပြောကြားခဲ့သည်။

သံချပ်ကာယာဉ်များ၊ ထောက်ပ့ံရေးပစ္စည်းများနှင့် စစ်လက်နက်များ ရွှေ့ပြောင်း သယ်ဆောင်ခြင်းသည် အချိန်ယူရသည့်အတွက် လက်နက်ခဲယမ်းများကို ကြိုတင်ဖြန့်ကြက် ထားရှိရန် အရေးကြီးပြီး လိုအပ်ချိန်၌ စစ်လက်နက်အင်အား ဖြည့်တင်းရာတွင် ပိုမိုမြန်ဆန်လွယ်ကူစေလိမ့်မည်ဟုနေတိုး အကြီးအကဲ စတော်တန်ဘာ့ဂ်က ဆိုသည်။

ထို့ပြင် တပ်ဖွဲ့ဝင်များ၏ တိုက်ပွဲဝင်ရန် အသင့်ဖြစ်မှုကို မြှင့်တင်ခြင်းနှင့် စီမံချက်အရ သတ်မှတ်ထားသော မဟာမိတ်များကို အကာအကွယ်ပေးသည့် လုပ်ငန်းစဉ်များ ပါဝင်သော စစ်အင်အားစုဖွဲ့မှု ပုံစံသစ်နှင့် ပတ်သက်၍ ဆွေးနွေးမှုများတွင် သိသာထင်ရှား သည့်တိုးတက်မှုများရရှိခဲ့သည်ဟု သိရသည်။

ဘရက်ဆဲလ်တွင် ပြုလုပ်ခဲ့သည့် ဆွေးနွေးမှုများအတွင်း ကာကွယ်ရေး အသုံးစရိတ်တိုးမြှင့်ရန် လိုအပ်မှုနှင့် ဆွီဒင်နှင့် ဖင်လန်တို့၏ အဖွဲ့ဝင်အဖြစ် ဝင်ရောက်ရန် ကြိုးပမ်းမှုတို့ကိုလည်း အလေးထားဆွေးနွေးခဲ့သည်။

ယူကရိန်းအတွက် ဒေါ်လာတစ်ဘီလျံဖိုး စစ်ရေးအကူအညီများ ထပ်မံပေးအပ်မည့် အမေရိကန် ပြည်ထောင်စု၏ ဆုံးဖြတ်ချက်ကို နေတိုးအကြီးအကဲက ချီးကျူးပြောဆိုခဲ့ပြီး မဟာမိတ်များအနေဖြင့် ယူကရိန်းအတွက် မကြုံဖူးလောက်သည့် ထောက်ပံ့မှု အများအပြားကို ဆက်လက်ပေးအပ်သွားရန် အသင့်ရှိနေကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

အမေရိကန်က လတ်တလော ပေးအပ်မည့် စစ်ရေးအကူအညီများတွင် သင်္ဘောဖျက် ဒုံးပစ်လောင်ချာများ၊ ဟောင်ဝစ်ဇာအမြောက်များနှင့် အမေရိကန်တပ်ဖွဲ့ဝင်များက ယူကရိန်းကို ပစ်ခတ်နည်း သင်ကြားပေးနေသည့် လှုပ်ရှားစစ်ကစားနိုင်စွမ်း မြင့်မားသော အတွဲ လိုက်ဒုံးပစ်လောင်ချာစနစ် (HIMARS)များ အတွက် ဒုံးကျည်များ ပါဝင်မည်ဖြစ်သည်။ အဆိုပါ လက်နက်အမျိုးအစား အားလုံးသည် ဒွန်းဘတ်စ်ဒေသကို သိမ်းယူရန် ထိုးစစ်ဆင်နေသော ရုရှားတပ်များကို အပြင်းအထန်ခုခံကာကွယ်နေရချိန်တွင် ယူကရိန်း ခေါင်းဆောင်များက အရေးပေါ် တောင်းခံထားသည့် အဓိက လက်နက်စနစ်များလည်းဖြစ်သည်။

နေတိုးအဖွဲ့ထဲသို့ ဝင်ရောက်ရန် ဖင်လန်နှင့် ဆွီဒင်တို့၏ လျှောက်ထားမှုသည်လည်း သမိုင်းဝင် ဆုံးဖြတ်ချက်ဖြစ်သည်ဟု အမေရိကန် ကာကွယ်ရေးဝန်ကြီးက ချီးကျူးခဲ့ပြီး ယင်းနှင့်ပတ်သက်သည့် ဆွေးနွေးမှုများကိုလည်း ကောင်းမွန်စွာ ဆက်လက်လုပ်ဆောင် နိုင်မည်ဟု မျှော်လင့်ကြောင်း ၎င်းက ပြော ကြားခဲ့သည်။

သို့ရာတွင် စကန်ဒီနေဗီးယန်း နိုင်ငံများဖြစ်သည့် ဆွီဒင်နှင့် ဖင်လန်တို့၏ နေတိုး အဖွဲ့ထဲသို့ ဝင်ရောက်မည့် အစီအစဉ်ကို တူရကီက ကန့်ကွက်ထားသည့်အတွက်နေတိုး အကြီးအကဲ အနေဖြင့် ယင်းအကျပ်အတည်းကို ဖြေရှင်းရန် ကြိုးပမ်းလျက်ရှိသည်။ တူရကီ သမ္မတ ရီဆပ် တေယစ် အာဒိုဂန်ကမူ ဆွီဒင် နှင့် ဖင်လန်တို့က ကာ့ဒ်စစ်သွေးကြွများကို ထောက်ပံ့နေသည်ဟူသော ယူဆချက်ကို ပြောင်းလဲလိုခြင်း မရှိသေးပေ။

ဥရောပခေါင်းဆောင်လေးဦးသည် ဇွန် ၁၆ ရက်တွင် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးနှင့် ကိယက်ဗ်တွင် တွေ့ဆုံမှုအတွင်း ယူကရိန်းအပေါ် ထောက်ခံမှုကိုပြသခဲ့ပြီး ဥရောပသမဂ္ဂထဲသို့ ယူကရိန်းဝင်ရောက်မှုကို ထောက်ခံအားပေးကြောင်းနှင့်ရုရှား၏ထိုးစစ်ကို ခုခံတွန်းလှန်ရန် လက်နက်များ ထပ်မံပေးအပ်သွားမည်ဖြစ်ကြောင်း ကတိ ပြုခဲ့ကြသည်။

ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က ယူကရိန်းအား ယာဉ်တင်အမြောက် ခြောက်လက် ထပ်မံပေးအပ်မည်ဟု ထိုခရီးစဉ်အတွင်း ကတိပြုခဲ့သည်။

“ယူကရိန်းဟာ ဥရောပရဲ့ မိသားစုဝင် ဖြစ်တယ်ဆိုတာကို ရှင်းလင်းပြတ်သားစွာပြသဖို့ ကျွန်တော်နဲ့ ကျွန်တော့်ရဲ့ အဆွေတော်တွေ ကိယက်ကို ဒီကနေ့ လာရောက်ခဲ့တာပဲ ဖြစ်တယ်”ဟု ဂျာမနီဝန်ကြီးချုပ် အိုလက်ဖ် ရှောဇ်ကလည်း ပြောကြားခဲ့သည်။

စစ်ပွဲကြာညောင်းလာသည့်နှင့်အမျှ အနောက်နိုင်ငံများ၏ ကျောထောက် နောက်ခံပေးမှုများ လျော့ကျလာမည်ကို ယူကရိန်းက စိုးရိမ်နေစဉ် ဥရောပခေါင်းဆောင်များ၏ ကိယက်ဗ်ခရီးစဉ်သည် ခိုင်မာလေးနက်သော အမှတ်သင်္ကေတ ဖြစ်လာခဲ့သည်။ ပြင်သစ်၊ ဂျာမနီနှင့် အီတလီတို့သည် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ထိတွေ့ဆက်ဆံမှုများ ဆက်လက်လုပ်ဆောင်နေမှုနှင့် ကိယက်ဗ်အ တွက် လိုအပ်နေသည့် စစ်လက်နက်များ ပေးအပ်ရန် ပျက်ကွက်ခဲ့မှုအတွက် ဝေဖန်ပြစ်တင်မှုများနှင့် ရင်ဆိုင်နေရသည်။

အဆိုပါ ခေါင်းဆောင်များသည် စစ်ပွဲ အစောပိုင်းကာလတွင် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့ပြီး အရပ်သား အများအပြား သေဆုံးခဲ့ရသည့် ကိယက်ဗ်မြို့ ဆင်ခြေဖုံး ဒေသတစ်ခုဖြစ်သော အာပင်သို့လည်း သွားရောက်ခဲ့သည်။ အဆိုပါဒေသတွင် စစ်ရာဇဝတ်မှုများ ဖြစ်ပွားခဲ့သည့် အရိပ်အ ယောင်များ တွေ့ရသည်ဟု ခရီးစဉ်အတွင်း ပြင်သစ်သမ္မတ မက်ခရွန်က ပြောကြားခဲ့သည်။

အမေရိကန်နှင့် ၎င်း၏ ဥရောပမဟာမိတ်များသည် ဒေါ်လာဘီလျံနှင့်ချီ တန်ကြေးရှိသည့် စစ်လက်နက်များ ထောက်ပံ့ခဲ့သည့် အပြင် စစ်လက်နက်များ ထပ်မံပေးပို့သွားမည်ဟု ဂျာမနီနှင့် အမေရိကန်တို့က မကြာသေး မီကပင် ကြေညာခဲ့သည်။ အဆိုပါ စစ်လက်နက်များသည် မြို့တော်ကိယက်ဗ်ကို ရုရှားလက်သို့ မကျရောက်အောင် ကာကွယ်ရာတွင် အလွန်အရေးပါနေမည် ဖြစ်သော်လည်း အကူအညီများစွာ လိုအပ်နေသေးသည်ဟု ယူကရိန်းက ပြောဆိုထားသည်။

Most Read

Most Recent