သူတို့သည် ယူကရိန်းစစ်ပွဲအတွင်း ကိယက်ဗ်မြို့တော်ရှိ ပြည်ပနိုင်ငံများမှ ခေါင်းဆောင်များနှင့် သန်းနှင့်ချီသည့် ယူကရိန်းပြည်သူများကို ဘေးကင်းလုံခြုံသည့်နေရာ ဒေသများသို့ ပို့ဆောင်ပေးခြင်း၊ မရေမတွက်နိုင် တန်နှင့်ချီသည့် ကုန်ပစ္စည်းများကို ပို့ဆောင်ပေးခြင်း အစရှိသည့်အခန်းကဏ္ဍများတွင် အဓိကနေရာမှ ပါဝင်ခဲ့ကြသည်။
သူတို့ဆိုသည်မှာ အခြားမဟုတ်။ ရုရှား၏ ထိုးစစ်ကို တန်ပြန်ရာတွင် အဓိကအခန်း ကဏ္ဍမှ ပါဝင်ခဲ့သည့် ရထားများဖြစ်သည်ဟု ယူကရိန်းမီးရထားဌာန၏အကြီးအကဲ အို လက်ဆန်းဒါးကာမီရှင်က ပြောကြားခဲ့သည်။
“တစ်ချို့တွေကတော ့ မီးရထားတွေနဲ့ မီးရထားလမ်းတွေကို ယူကရိန်းရဲ့ ဒုတိယစစ်တပ်တစ်ခုနဲ့ အလားသဏ္ဌာန်တူတယ်လို့ အမွှမ်းတင်ပြောဆိုနေကြပါတယ်။ စစ်ပွဲစတင်ဖြစ်ပွားချိန်မှာ ကျွန်တော်တို့ဟာ ကျွန်တော်တို့လုပ်ရမယ့်အရာကို လျင်မြန်တိကျစွာ လုပ်ဆောင်ခဲ့ကြပါတယ်”ဟု ကာမီရှင်က ပြောကြားခဲ့သည်။
ဖေဖော်ဝါရီ ၂၄ ရက်က ရုရှားတပ်ဖွဲ့များသည် ယူကရိန်းသို့ဝင်ရောက်လာခဲ့ချိန်ကတည်းက ယူကရိန်း၏ ရထားများသည် ပြည်သူများကို ဘေးကင်းလုံခြုံသည့်နေရာများသို့ ပို့ဆောင်ပေးရာတွင် မရှိမဖြစ်သည့် အခန်းကဏ္ဍတွင်ရှိခဲ့သည်ဟု ၎င်းကဆိုသည်။
“စစ်ပွဲစတင်ခဲ့ချိန်ကတည်းက နိုင်ငံအရှေ့ပိုင်းနဲ့ တောင်ပိုင်းက လူပေါင်း ၃.၈ သန်း လောက်ကို နိုင်ငံအနောက်ပိုင်းဆီ ရွှေ့ပြောင်းပေးနိုင်ခဲ့ပြီး နိုင်ငံအနောက်ပိုင်းက လူပေါင်း ၆၀၀,၀၀၀ လောက်ကိုတော့ ပိုလန်၊ ရိုမေးနီး ယားနဲ့ မော်လ်ဒိုဗာနိုင်ငံတို့လို အိမ်နီးချင်း နိုင်ငံတွေဆီ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်”ဟု ကာမီရှင်က ပြောကြားခဲ့သည်။
သို့သော်လည်း ရုရှားဗုံးကြဲလေယာဉ်များသည် ယူကရိန်းရထားလမ်းကွန်ရက်ကို သတိပြုမိခဲ့ပြီး ဧပြီလအတွင်း ရုရှားတပ်ဖွဲ့များသည် ယူကရိန်း၏ မီးရထားဆိုင်ရာ အခြေခံအဆောက်အအုံများကို အကွက်ကျကျပစ်မှတ်ထား တိုက်ခိုက်လာခဲ့သည်ဟု ဆိုသည်။ ယူကရိန်း၏ မီးရထားလမ်းကွန်ရက်များသည် အနောက်နိုင်ငံများထံမှ လက်နက်များကို နိုင်ငံအတွင်း သယ်ယူပို့ဆောင်ပေးနေဖွယ်ရှိသည်ဟု ရုရှားတို့က ယူဆခဲ့ကြသဖြင့် ရထားလမ်းကွန်ရက်များကို ပစ်မှတ်ထားခဲ့ခြင်းဖြစ်သည်။
ယူကရိန်း ရထားများသည် အနောက်နိုင်ငံများ၏ လက်နက်များကို သယ်ယူပို့ ဆောင်ရာတွင် ပါဝင်ခြင်းရှိ၊ မရှိ ကာမီရှင်က ပြောခဲ့ခြင်းမရှိသော်လည်း ရထားနှင့်ပတ်သက်သည့် အခြေခံအဆောက်အအုံများကို ပုံမှန်အနေအထားအတိုင်း ထိန်းသိမ်းထားပြီး ရထားများကို ဆက်လက်ပြေးဆွဲနေသည်ဟု ပြောကြားခဲ့သည်။
“ဒါဇင်နဲ့ချီတဲ့ တံတားတွေ ဖျက်ဆီးခံရတယ်။ ဒါပေမယ့် ကျွန်တော်တို့ဘက်က တည်ငြိမ်စွာနဲ့ပဲ ပြန်ပြီးတည်ဆောက်ခဲ့ကြတယ်” ဟု ၄င်းက ပြောကြားခဲ့ပြီး ကိယက်ဗ်မြို့တော် အနောက်ဘက်ရှိ မဟာဗျူဟာကျသည့် အိုင်ပင်မြို့တွင် ဖျက်ဆီးခံခဲ့ရသည့် တံတားတစ်စင်းကို ၂၉ ရက်အတွင်း ပြန်လည်တည် ဆောက်နိုင်ခဲ့သည့်အခြေအနေကို ကာမီရှင်က ရည်ညွှန်းပြောကြားခဲ့သည်။ ပုံမှန်အခြေ အနေဆိုပါက ယင်းတံတားကို ပြန်လည်တည် ဆောက်ရန်လပေါင်းများစွာ အချိန်ယူရလိမ့် မည်ဟုလည်း ဆိုသည်။
ယင်းကဲ့သို့ ပြန်တည်ဆောက်ရေးလုပ်ငန်းများကို လုပ်ဆောင်နိုင်ခဲ့သည်ဆိုသော်လည်း ဥရောပတွင် ဂျာမနီနှင့် ပြင်သစ်ပြီးလျှင် တတိယမြောက် အရှည်လျားဆုံးဖြစ်သည့် ယူကရိန်း၏ မီးရထားလမ်းကွန်ရက်ကို အကောင်းပကတိအတိုင်း ပြန်လည်တည်ဆောက်ရန် နှစ်ပေါင်းများစွာ အချိန်ယူရမည် ဖြစ်သည်။
မီးရထားဝန်ထမ်း ၁၆၆ ဦးသေဆုံး၊ ၂၅၂ ဦး ဒဏ်ရာရ
စစ်ပွဲစတင်ဖြစ်ပွားခဲ့ချိန်ကတည်းက ယူကရိန်း၏ မီးရထားဝန်ထမ်း၂၃,၀၀၀ ခန့်သည် ပြည်တွင်းသာမက ပြည်ပနိုင်ငံများ၏ ချီးကျူးထောပနာပြုမှုများကို ရရှိခဲ့သည်။ ယူ ကရိန်းမီးရထားဝန်ထမ်းများသည် “သံမဏိ လူသား”များဖြစ်သည်ဟု ဧပြီလအတွင်းက ကိယက်ဗ်မြို့တော်သို့ရောက်ရှိခဲ့သည့် ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ချီးကျူးခဲ့သည်။
မေလက ယူကရိန်းသို့ ရောက်ရှိခဲ့သည့် ကနေဒါဝန်ကြီးချုပ် ဂျပ်စတင်ထရူဒိုးကလည်း ယူကရိန်း၏ မီးရထားဝန်ထမ်းများကို ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ အသက် ၃၇ နှစ်အရွယ်ရှိ ကာမီရှင်ကမူ ၎င်းတို့ မီးရထားဌာန၏ အောင်မြင်မှုသည် ရိုးရှင်းလွယ်ကူသည့် ဆုံးဖြတ်ချက်ချမှတ်မှုများနှင့် ဗျူရို ကရေစီယန္တရားကို လျှော့ချနိုင်မှုတို့ကြောင့် ဖြစ်သည်ဟု ပြောကြားခဲ့သည်။
မီးရထားဌာနအကြီးအကဲအဖြစ် တာဝန်စတင်ထမ်းဆောင်သည့် ၂၀၂၁ ခုနှစ် သြဂုတ်လကတည်းက သူသည် ယူကရိန်း မီးရ ထားဌာနတွင် ပြုပြင်ပြောင်းလဲမှုများပြုလုပ်ရန် တွန်းအားပေးလုပ်ဆောင်ခဲ့သည်။ စစ်ပွဲမတိုင်မီက ယူကရိန်းမီးရထားစနစ်သည် ဆိုဗီယက်ခေတ်က စနစ်ဟောင်းဖြစ်ပြီး ဝန်ဆောင်မှုပိုင်းလည်း အားနည်းခဲ့သည်ဟု ဆိုသည်။
စစ်ပွဲဖြစ်ပွားချိန်တွင် တာဝန်ထမ်း ဆောင်နေရသည့် မီးရထားဝန်ထမ်းများသည် လစာငွေများ အများအပြား တိုးမြှင့်ရရှိခဲ့ပြီး စစ်ပွဲအတွင်း မီးရထားဝန်ထမ်း ၁၆၆ ဦးသေဆုံးခဲ့ကာ ၂၅၂ ဦးဒဏ်ရာရခဲ့ပြီး ငါးဦးခန့် ဓားစာခံအဖြစ် ဖမ်းဆီးခံခဲ့ရသည်ဟု ကာမီရှင်က ပြောကြားခဲ့သည်။
ရုရှားတပ်ဖွဲ့များသည် နိုင်ငံတောင်ပိုင်း နှင့် အရှေ့ပိုင်းရှိနယ်မြေများကို သိမ်းပိုက်ထားသည့်တိုင် မီးရထားလမ်းကွန်ရက်၏ ၉၀ ရာခိုင်နှုန်းသည် ယူကရိန်း၏ထိန်းချုပ်မှု အောက်တွင်ရှိနေသေးကြောင်း ကာမီရှင်က ဆိုသည်။ မတ်လအတွင်းက ကိယက်ဗ်ဒေသသို့ ရုရှားတပ်ဖွဲ့များ ဝင်ရောက်နေရာယူခဲ့ သည့်တိုင် မီးရထားလမ်းကွန်ရက်၏ ၇၅ ရာ ခိုင်နှုန်းကျော်ကို ထိန်းချုပ်နိုင်ခဲ့သည်ဟု ဆိုသည်။
ကုန်တင်ရထားကဏ္ဍ ယိုယွင်းလာခြင်း
မည်သို့ပင်ဆိုစေ ကုန်တင်ရထားများ ပြေးဆွဲမှုနှုန်းမှာ လျော့ပါးလာခဲ့ပြီး လက်ရှိတွင် ကုန်တင်ရထားပြေးဆွဲမှုအခြေအနေသည် စစ်ပွဲမတိုင်မီက အခြေအနေနှင့် နှိုင်းယှဉ်ပါက ၄၀ ရာခိုင်နှုန်း လျော့ကျခဲ့သည်။
ယခင်က ယူကရိန်းသည် နှစ်စဉ်နှစ်တိုင်း ကောက်ပဲသီးနှံတန်ချိန် သန်း ၅၀ မှ သန်း ၆၀ အကြားတင်ပို့ရောင်းချလေ့ရှိပြီး ယင်းပို့ကုန်ပမာဏ၏ ထက်ဝက်ခန့်ကို ကုန်တင်ရထားများဖြင့် ဆိပ်ကမ်းများသို့ ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့်နိုဝင်ဘာလက ကောက်ပဲသီးနှံ တန်ချိန်ပေါင်း ၄.၁ သန်းကို ကုန်တင်ရထားများဖြင့် ပို့ဆောင်နိုင်ခဲ့ပြီး ယင်းသည် စံချိန်တင်များပြားသည့် ပမာဏဖြစ်ခဲ့သည်။ လက်ရှိတွင်မူ ယင်းပမာဏ၏ လေးပုံတစ်ပုံခန့်ကိုသာ ပို့ဆောင်ပေးနိုင်တော့သည်ဟု ကာမီရှင်က ပြောကြားခဲ့သည်။
ရုရှားတပ်ဖွဲ့များသည် ယူကရိန်း၏ ပင်လယ်နက်ဆိပ်ကမ်းများကို ပိတ်ဆို့ခဲ့ချိန်က တည်းက သယ်ယူပို့ဆောင်ရေးနှင့် ပို့ကုန်ကဏ္ဍမှာ ရပ်တန့်သွားခဲ့သည်။ ယင်းအချိန်ကတည်းက ယူကရိန်းသည် ပို့ကုန်ကဏ္ဍအ တွက် အခြားနည်းလမ်းများကို စဉ်းစားခဲ့ပြီး ပိုလန်နှင့်ဂျာမနီတို့မှတစ်ဆင့် ကောက်ပဲသီး နှံများတင်ပို့ခဲ့သော်လည်း ပို့ကုန်ပမာဏမှာ အလွန်နည်းပါးခဲ့သည်။
ကိယက်ဗ်-၀ါဆော အမြန်ရထားလမ်း
ယူကရိန်းမီးရထားကဏ္ဍတွင် ဘဏ္ဍာရေးအရ ဆုံးရှုံးနစ်နာမှုများနှင့် ဆက်လက် ရင်ဆိုင်နေရပြီး မီးရထားလမ်းကွန်ရက်ကို ပြန်လည်ပြုပြင်ရန် ငွေအများအပြားကုန်ကျခံသုံးစွဲရန် လိုအပ်သည်ဟု ကာမီရှင်က ပြောကြားခဲ့သည်။
“အဲဒါကြောင့် ကျွန်တော်တို့ဟာ Marshall Plan အသစ်တစ်ခု စောင့်ဆိုင်းနေတာ ဖြစ်ပါတယ်”ဟု ဒုတိယကမ္ဘာစစ်အပြီး ဥရောပပြန်လည်တည်ဆောက်ရေးအတွက် စီးပွားရေးအကူအညီများပေးရန် ရည်ရွယ်လုပ် ဆောင်ခဲ့သည့် အမေရိကန်၏ စီမံကိန်းကို ကာမီရှင်က ရည်ညွှန်းပြောကြားခဲ့သည်။
ရေရှည်စီမံကိန်းချထားသည့် ပရောဂျက်များထဲမှ တစ်ခုပါဝင်သည့် ကိယက်ဗ်-၀ါဆော မြန်နှုန်းမြင့် မီရထားလမ်းကွန်ရက်ကိုလည်း အကောင်အထည်ပေါ်စေရန် ကာမီရှင်က မျှော်လင့်နေသည်။ သူသည် ယင်းရထားလမ်းစီမံကိန်းအတွက် လေ့လာမှုများ ပြုလုပ်ခဲ့ပြီးဖြစ်သည်ဟုလည်း ဆိုသည်။
ထို့ပြင် ဥရောပနှင့် တရုတ်အကြားကုန် စည်းများသယ်ယူပို့ဆောင်ရေးအတွက် တရုတ်၏ ပိုးလမ်းမစီမံကိန်းတွင်လည်း ယူကရိန်းမီးရထားလမ်းကွန်ရက်သည် အဓိကနေရာမှ ပါဝင်နေသည်။ လက်ရှိတွင် တရုတ်၏ ပိုးလမ်းမစီမံကိန်းသည် ယူကရိန်းစစ်ပွဲကြောင့် ဆိုင်းငံ့ထားရသည်။
ပဋိပက္ခမဖြစ်မီကဆိုလျှင် ကုန်တင်ရထားပြေးဆွဲမှုအခြေအနေသည် ဖြည်းဖြည်းနှင့် မှန်မှန်တိုးတက်ကောင်းမွန်နေသည်ဟု ကာမီရှင်က ပြောကြားခဲ့သည်။
“တရုတ်က ကုန်စည်တွေကို ဥရောပဆီပို့ဆောင်ပေးနိုင်မယ့် နည်းလမ်းတစ်ခုရှာဖွေ နိုင်မယ်ဆိုရင်တော့ ကျွန်တော်တို့ ပျော်ရွှင်ရမှာပါ။ ဒါပေမယ့် ဒီတစ်ခေါက်မှာတော့ အဲဒီ ကုန်စည်ပို့ဆောင်တဲ့ လမ်းကြောင်းမှာ ရုရှား ပါမှာမဟုတ်တော့ပါဘူး”ဟု ကာမီရှင်က ပြောကြားခဲ့သည်။
Ref : AFP










