ဆေးခြောက်ဖြင့် ငွေရှာမည့် ထိုင်း

ဆေးခြောက်ဖြင့် ငွေရှာမည့် ထိုင်း
Published 14 June 2022
ဇင်မျိုး

ထိုင်းနိုင်ငံက ဆေးခြောက်စိုက်ပျိုးမှု၊ ဆေးခြောက်လက်ဝယ်ပိုင်ဆိုင်မှုနှင့် ဆေးခြောက်ကို အစားအသောက်များတွင် ထည့်သွင်းစားသုံးမှုတို့ကို တရားဝင်ခွင့်ပြုလိုက်သည်။ ထို့ကြောင့် ထိုင်းသည် အာရှနိုင်ငံများထဲတွင် ဆေးခြောက်ကို ပထမဆုံးခွင့်ပြုလိုက်သည့် နိုင်ငံဖြစ်လာသည်။ စိုက်ပျိုးရေးနှင့် ခရီးသွားလုပ်ငန်းတို့ကို မြှင့်တင်ရန်ရည်ရွယ်၍ ဆေးခြောက်ကို ခွင့်ပြုပေးလိုက်ခြင်းဖြစ်သော်လည်း ဆေးခြောက်ကို စိတ်အပန်းဖြေရာအရာအဖြစ် အသုံးပြုခြင်းမှာ ဥပဒေနှင့်ဆန့်ကျင်နေဆဲဖြစ်သည်ဟု ဆိုသည်။

ပြည်သူ့ကျန်းမာရေးဝန်ကြီးက အလုပ်သမားများ ဆေးခြောက်စိုက်ပျိုးမှုကို အားပေးရန်ဆေးခြောက်အစေ့ တစ်သန်းကို ဖြန့်ဝေပေးခဲ့သည်။

သို့သော်လည်း ဆေးဖြစ်ဝါးဖြစ်အသုံးပြုရေးအတွက်သာ ဆေးခြောက်ကို မြှင့်တင်နေခြင်းဖြစ်သည်ဟု ထိုင်းအစိုးရက ပြောကြားခဲ့သည်။ လူကြားထဲ ဆေးခြောက်သုံးစွဲခြင်းသည် စိတ်အနှောင့်အယှက်ဖြစ်စရာကိစ္စဟု သတ်မှတ်ထားဆဲဖြစ်ကာ ယင်းသို့သုံးစွဲပါက ထောင်သုံးလနှင့် ထိုင်းဘတ်ငွေ ၂၅၀၀၀ (အမေရိကန်ဒေါ်လာ ၇၈၀) ဒဏ်ရိုက်ခံရမည်ဟု ဆိုသည်။

လက်ရှိအချိန်ထိ ဆေးခြောက်စိုက်ပျိုးနိုင်သူနှင့် အိမ်၌ ဆေးခြောက်အသုံးပြုခြင်းတို့ကို မှတ်ပုံတင်၍ လုပ်ဆောင်ခြင်းနှင့် ဆေးဘက်ဆိုင်ရာကိစ္စများအတွက် အသုံးပြုခြင်းဟု ကြေညာလျှင် ယင်းသို့အသုံးပြုခြင်းများသည် ရဲအရေးပိုင်သောကိစ္စမဟုတ်ဟု ဆိုသည်။ ထိုင်းနိုင်ငံသည် ဆေးဖြစ်ဝါးဖြစ် ဆေးခြောက်များအသုံးပြုခြင်းကို ၂၀၁၈ ခုနှစ်တွင် တရားဝင်ဖြစ်အောင် လုပ်ပေးခဲ့သည်။

စိတ်အပန်းဖြေစရာအဖြစ် ဆေးခြောက်အလွန်အကျွံသုံးစွဲခြင်းကို အာဏာပိုင်များက တားဆီးရန် ရည်ရွယ်ထားသည်။ ထို့ကြောင့်တရားဝင်ဖြစ်သော ဆေးခြောက်ထုတ်ကုန်များကို အင်နှင့် အားနှင့်ထုတ်လုပ်ခြင်းအား ကန့်သတ်ထားသည်။ ထို့ကြောင့် လူကို စိတ်ကြွစေသော THC သို့မဟုတ်Tetrahydro cannabinol ၀.၂ ရာခိုင်နှုန်းကျော်ပါဝင်သော ထုတ်ကုန်များသည် တရားမဝင်ဟု သတ်မှတ်ထားဆဲဖြစ်သည်။

ဆေးခြောက်ပါသော အအေးများ၊ သကြားလုံးများနှင့် အခြားပစ္စည်းများကို ထိုင်းတွင် တန်းစီဝယ်ယူနေကြသည်။ မူးယစ်ဆေးဝါးနှိမ်နင်းရေးဥပဒေများ တင်းကျပ်သည့် ထိုင်းနိုင်ငံ၌ ဆေးခြောက်ကို အားပေးသည့် ပြုပြင်ပြောင်းလဲမှုကို ပြည်သူများက ကြိုဆိုကြသည့်သဘောပင်ဖြစ်သည်။

ဘန်ကောက်က စျေးဆိုင်တစ်ဆိုင်ရှေ့တွင် ပထမဆုံး တရားဝင်ဆေးခြောက်များကို ဝယ်ယူရန် ညကတည်းက တန်းစီစောင့်နေသူများထဲတွင် အသက် ၂၄ နှစ်အရွယ် ရစ်တီပေါင်လည်း ပါဝင်သည်။

“အလုပ်ပြီးတာနဲ့ ဒီနေရာကို ဘတ်စ်ကား စီးပြီး လာခဲ့တာပါ။ အခုဆိုကျွန်တော်တို့ ဆေးခြောက်ကို လွယ်လွယ်ကူကူ ရှာနိုင်ပါတယ်။ ဆေးခြောက်ကို ဘယ်နေရာမှာ ရောင်းသလဲဆိုတာနဲ့ပတ်သက်လို့ ပူစရာမလိုတော့ပါဘူး။ ဒါပေမဲ့ အရည်အသွေးပိုင်းကိုတော့ မပြောတတ်သေးပါဘူး” ဟု ရောင်းနေသည့် ဆေးခြောက်ပါပစ္စည်းများနှင့်ပတ်သက်၍ သူက ပြောသည်။

ဆေးခြောက်ပါသော သကြားလုံးများကို ရောင်းချသည့် စတိုးဆိုင်ပိုင်ရှင် ချိုကွမ်ကစ်တီချိုပကာက “ကိုဗစ်ပြီးကတည်းက စီးပွားရေးထိုးကျသွားလို့ ကျွန်တော်တို့အနေနဲ့ ဒါတွေကိုလုပ်ဖို့ တကယ်လိုအပ်လာပါတယ်” ဟု ရိုက်တာသတင်းဌာနကို ပြောသည်။ လက်ရှိအချိန်တွင် ဥရုဂွေးနှင့် ကနေဒါတို့သည် နိုင်ငံတစ်ဝန်း၌ စိတ်အပန်းဖြေစရာအဖြစ် ဆေးခြောက်အသုံးပြုခြင်းကို တရားဝင်ခွင့်ပြုထားသည်။

ထိုင်း၏ အပူပိုင်းရာသီဥတုက ဆေးခြောက်စိုက်ပျိုးခြင်းအတွက် အလွန်ကောင်းသည်။ အစိုးရကလည်း ဆေးဝါးဖြစ် ဆေးခြောက်များအတွက် စျေးကွက်ကနေ ငွေရှာလိုနေသည်။ နိုင်ငံ့ဝင်ငွေတိုးလာစေရေးမှသည် အသေးစားလယ်သမားများ၏ လူမှုဘဝမြင့်တက်စေရေးအထိ အားလုံးဆောင်ရွက်ရန်ထိုင်းအစိုးရက ရည်မှန်းထားသည်။

“ဆေးခြောက်အသုံးပြုတာကို ကျွန်တော်တို့ သိထားသင့်ပါတယ်” ဟု ပြည်သူ့ကျန်းမာရေးဝန်ကြီး အနူတင်ချန်ဗီရာကူက မကြာသေးမီက ပြောကြားခဲ့သည်။ သူသည် ထိုင်းတွင် ဆေးခြောက်ကို တရားဝင်အသုံးပြုရေးအတွက် အကြီးမားဆုံးထောက်ခံသူဖြစ်သည်။ “ကျွန်တော်တို့အနေနဲ့ မှန်ကန်တဲ့ အသိရှိမယ်ဆိုရင် ဆေးခြောက်ဆိုတာ ရွှေလိုပဲ အဖိုးတန်တဲ့အရာဆိုတာ သိလိမ့်မယ်။ ဒါကို ကျွန်တော်တို့ မြှင့်တင်ပေးသင့်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

“ကျွန်တော်တို့မှာ ကျန်းမာရေးဌာနအပြင် ထပ်တိုးလာမယ့် ကျန်းမာရေးသတိပေးချက် ဝန်ကြီးဌာနဆိုတာ ရှိလာမှာဖြစ်ပါတယ်။ ဆေးခြောက်က စိတ်အနှောင့်အယှက်ပေးတာမျိုးကို ဖြစ်စေမယ်ဆိုရင်တော့ (လူတွေ ဆေးခြောက်ရှုတာရပ်သွားစေဖို့) ကျန်းမာရေးသတိပေးချက်ဆိုတဲ့ ဥပဒေကို ကျွန်တော်တို့အသုံးပြုနိုင်ပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။

အစိုးရသည် ပြည်သူများကို စောင့်ကြည့်ခြင်းဆိုသည်ထက် ပြည်သူများအသိရှိရေးကို ဆောင်ရွက်လိုသည်ဟု ၎င်းက ပြောသည်။ ထို့အပြင်ဆေးခြောက်ရှုသူများကို အပြစ်ပေးမည့် ဥပဒေအားအသုံးပြုလိုသည်ဟု ဆိုသည်။

ဆေးခြောက်ကို တရားဝင်ခွင့်ပြုပေးလိုက်သည့် အပြောင်းအလဲကြောင့် ချက်ချင်းလက်ငင်းအကျိုးရှိသွားသူများမှာ ဥပဒေဟောင်းကို ချိုးဖောက်ခဲ့သဖြင့် ထောင်ချနေသူများဖြစ်သည်။

“ကျွန်တော်တို့ရဲ့အမြင်အရ ဥပဒေအပြောင်းအလဲရဲ့ ကြီးကြီးမားမားအပြုသဘောဆောင်တဲ့ ရလဒ်ကတော့ ဆေးခြောက်နဲ့ဆက်နွှယ်တဲ့ ပြစ်မှုတွေအတွက် ထောင်ကျနေသူအနည်းဆုံး ၄ဝဝဝကို ပြန်လွှတ်ပေးရမယ်ဆိုတာပဲဖြစ်ပါတယ်” ဟု နိုင်ငံတကာမူးယစ်ဆေးဝါးမူဝါဒအဖွဲ့၏ အာရှဒေသဆိုင်ရာ ဒါရိုက်တာ ဂလိုရီယာလိုင်က အေပီသတင်းဌာနကို အီးမေးလ်မှတစ်ဆင့် ဖြေကြားခဲ့သည်။

ဆေးခြောက်နှင့်ဆက်စပ်၍ အမှုရင်ဆိုင်နေရသူများကို အမှုများရုပ်သိမ်းပေးရမည်ဖြစ်ကာ ဆေးခြောက်နှင့် ဆက်နွှယ်သော ပြစ်မှုများဖြင့် တရားစွဲခံထားရသော လူများထံမှ သိမ်းဆည်းထားသော ဆေးခြောက်များကို မူလပိုင်ရှင်များထံပြန်ပေးရမည်ဟု ၎င်းက ပြောသည်။

ဆေးခြောက်စိုက်သူများအနေဖြင့် အစိုးရ၏ PlookGanija (Grow Ganija) ဟုခေါ်သည့် App တွင် မှတ်ပုံတင်ရမည်ဖြစ်သည်။ အဆိုပါ App တွင် လူ ၁၀၀၀၀၀ နီးပါး မှတ်ပုံတင်ထားသည်ဟု ပြည်သူ့ကျန်းမာရေးတာဝန်ရှိသူ ပိုင်ဆန်ဒန်ခွန်းက ပြောကြားသည်။

ဆေးဝါးအဖြစ်အသုံးပြုမည့် ဆေးခြောက်များကို စိုက်ပျိုးနေသော Teera Group ကို ပူးတွဲတည်ထောင်သူ ဆူဖာမတ်ဟဲထရာကူးကတော့ စိုက်ပျိုးသူအများအပြားကြောင့် အရည်အသွေးထိန်းချုပ်မှုအပိုင်းကို စိတ်ပူသည်ဟု ရိုက်တာသတင်းဌာနကို ပြောသည်။

“သူတို့ရဲ့ပစ္စည်းတွေထဲမှာ THC ထည့်သွင်းမှုအပိုင်းနဲ့ တခြားမသန့်တဲ့ဟာတွေကို ထိန်းချုပ်ရတာ ခက်ခဲမယ်။ ဒါဟာ သုံးစွဲသူတွေကို အန္တရာယ်ဖြစ်စေနိုင်ပါတယ်” ဟု ဆူဖာမတ်က ပြောသည်။

အလှကုန်များနှင့် အစားအသောက်များအပါအဝင် ဆေးခြောက်မှ ထုတ်ယူသော ပစ္စည်းများပါသည့် ထုတ်ကုန် ၁၁၈၁ မျိုးကို အတည်ပြုပေးခဲ့သည်ဟု ထိုင်းကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ ၂၀၂၆ ခု နှစ်ခန့်တွင် အဆိုပါလုပ်ငန်းမှ ဘတ်ငွေ ၁၅ ဘီလျံခန့် (အမေရိကန်ဒေါ်လာ ၄၃၅.၁၅ သန်း)အထိ ရမည်ဟုမျှော်မှန်းထားသည်။

ဆေးခြောက်နှင့်ပတ်သက်၍ ပြုပြင်ပြောင်းလဲမှုလုပ်ခဲ့ပြီးနောက် စီးပွားရေးတိုးတက်လာမည့် အလားအလာရှိနေလင့်ကစား အကျိုးအမြတ်ရရှိမှုအပိုင်းတွင် မျှမျှတတဖြစ်ရေးနှင့်စပ်လျဉ်း၍ စိုးရိမ်ပူပန်မှုများ ရှိနေသည်။

ရှုပ်ထွေးသည့် လိုင်စင်လုပ်ငန်းစဉ်နှင့် စီးပွားဖြစ်အသုံးပြုရေးအတွက် ကုန်ကျစရိတ်များပြားခြင်းတို့က လုပ်ငန်းကြီးများကို မမျှမတ အသာပေးသလိုဖြစ်မည်ကို စိုးရိမ်နေကြသည်။ လိုင်စင်ကြေးများခြင်းက လုပ်ငန်းငယ်သမားများကို အထိနာစေနိုင်သည်။

“ထိုင်းရဲ့ယမကာလုပ်ငန်းမှာ ဖြစ်ပျက်နေတာတွေကို ကျွန်တော်တို့တွေ့ခဲ့ကြပြီးဖြစ်ပါတယ်။ လက်ကြီးသမားထုတ်လုပ်သူတွေကပဲ စျေးကွက်ကို လက်ဝါးကြီးအုပ်ခွင့်ရနေတာပါ” ဟု အတိုက်အခံပါတီ Move Forawrd မှ လွှတ်တော်အမတ် တောင်ပီဖော့လင်ဂျက်ထရာကွန်း ပြောကြားသောစကားကို အေပီက ကိုးကားဖော်ပြခဲ့သည်။

“ဥပဒေတွေက လုပ်ငန်းကြီးတွေကို မျက်နှာသာပေးထားတာဆိုရင် ဆေးခြောက်လုပ်ငန်းဟာလည်း ယမကာလုပ်ငန်းလိုဖြစ်လာမှာကို ကျွန်တော်တို့ စိုးရိမ်နေပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ဥပဒေကို လိုက်နာမည်ဆိုပါက ထိုင်းနိုင်ငံသားတိုင်းသည် ဆေးခြောက်ပါသော ဟင်းလျာများ၊ အစားအသောက်များကို ရောင်းချနိုင်သည်။ ထို့အပြင် အာဏာပိုင်များထံတွင် မှတ်ပုံ၍လည်း အိမ်တွင် ဆေးခြောက်အိုး ခြောက်အိုးအထိ စိုက်ထားနိုင်သည်။ ကုမ္ပဏီများသည်လည်း အစိုးရခွင့်ပြုချက်ယူ၍ ဆေးခြောက်ကို အကြီးအကျယ်စိုက်ပျိုးနိုင်သည်။

ထိုင်းကိုလာသော ကမ္ဘာလှည့်ခရီးသွားများက ဆေးခြောက်သုံးမည်ဆိုလျှင် ဥပဒေနှင့် မလွတ်ကင်းသောလုပ်ရပ်ကို လုပ်သလိုဖြစ်နေမည်ဖြစ်၍ အရေးယူခံရနိုင်သည်ဟု ဆိုသည်။ ဆေးခြောက်ကို စိတ်အပန်းဖြေစရာအရာအဖြစ် အသုံးပြုရန် ခွင့်မပြုထားသောကြောင့်ဖြစ်သည်။

ထိုင်း၏ရည်မှန်းချက်မှာ ဆေးခြောက်ပါသောဆေးများအတွက် အိမ်နီးချင်းနိုင်ငံများထက် စျေးကွက်အသာရအောင် ကြိုးပမ်းလိုခြင်းဖြစ်သည်။ ထို့အပြင် ဆေးခြောက်ပမာဏ မည်မျှပင်စိုက်စိုက် တရားဝင်စိုက်ပျိုး၍ရခြင်းက ထိုင်းလယ်သမားများကို အကျိုးဖြစ်ထွန်းစေမည်ဖြစ်သည်။ ထိုင်းရဲတို့သည် ဆေးခြောက်လက်ဝယ်ပိုင်ဆိုင်မှုဖြင့် ဖမ်းဆီး၍ မရနိုင်တော့ပေ။

ဆေးခြောက်နှင့်သက်ဆိုင်သည့် ဥပဒေသစ်ထွက်မလာမီကတည်းက ထိုင်းမှ လုပ်ငန်းများစွာသည် ဆေးခြောက်ပါသော ပစ္စည်းအမျိုးမျိုးကို ထုတ်လုပ်ရောင်းချနေကြသည်။ စားသောက်ဆိုင်များသည် ထိုင်းဟင်းလျာများထဲတွင် ဆေးခြောက်ရွက်များထည့်၍ ချက်နေသည်မှာ ကြာပြီဖြစ်သည်။ ထို့ကြောင့် ထိုင်းအာဏာပိုင်များအနေဖြင့် ထုတ်ကုန်များထဲ၌  THC ပမာဏမည်မျှပါဝင်သနည်းဆိုသည်ကို ထိန်းချုပ်ရန် ခက်ခဲနိုင်သည်။

ဆေးခြောက်ထုတ်လုပ်ခြင်းနှင့် အသုံးပြုခြင်းကို ဆေးဘက်ဆိုင်ရာအတွက်သာ ခွင့်ပြုကြောင်း ထိုင်းအစိုးရက တွင်တွင်ပြောနေသော်လည်း လက်တွေ့တွင် ဆေးခြောက်ကို စိတ်ဖြေစရာအဖြစ်အသုံးပြုနေကြသည့် ပြဿနာကို ကိုင်တွယ်ဖြေရှင်းရန် လွယ်ကူမည် မဟုတ်ပါ။

Most Read

Most Recent