၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ဒုတိယ သုံးလပတ်အတွင်း စားသုံးသူ စျေးဆနှုန်း (CPI) ၁၈၈ ဒသမ ၁၄ ဖြစ်ပေါ်ခဲ့ပြီး ပထမသုံးလပတ် ထက် ၃ ဒသမ ၆ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ဒုတိယသုံးလပတ်ကာလမှာ ၂၀၂၂ ခုနှစ် ဇန်နဝါရီမှ မတ်လအထိ ကာလဖြစ်သည်။
၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ပထမသုံးလပတ်ကာလအတွင်း စားသုံးသူစျေးဆနှုန်း (CPI)၁၈၁ ဒသမ ၄၈ ဖြစ်ပေါ်ခဲ့ပြီး ဒုတိယ သုံးလပတ်အတွင်း ၁၈၈ ဒသမ ၁၄ ဖြစ်ပေါ်ခဲ့သည်။
၂၀၂၂ ခုနှစ် ဇန်နဝါရီတွင် စားသုံးသူ စျေးဆနှုန်း (CPI) ၁၈၄ ဒသမ ၈၉ ရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ၄ ဒသမ ၁၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် တွက်ချက်ထားသော ၂၀၂၂ ခုနှစ် ဇန်နဝါရီလအတွက် တစ်နိုင်ငံလုံး၏ စားသုံးသူစျေးဆနှုန်းမှာ အစားအစာအုပ်စုအတွက် ၁၉၆ ဒသမ ၆၆၊ အစားအစာမဟုတ်သောအုပ်စုအတွက် ၁၆၈ ဒသမ ၃၂ နှင့် အုပ်စု အားလုံးအတွက် ၁၈၄ ဒသမ ၈၉ ရှိသည်။
ယခင်နှစ်ကာလတူထက် စားသုံးသူစျေးဆနှုန်း မြင့်တက်လာခြင်းမှာ စားသုံးသူစျေးဆနှုန်း တွက်ချက် ရန်ကောက်ခံသည့် အုပ်စုအားလုံး၌ ပါဝင်သည့် ကုန်ပစ္စည်းစျေးနှုန်းများ ယခင်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက သိသိသာသာမြင့် တက်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။
၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် ၂၀၁၈ ခုနှစ် ဇွန်လမှ ၂၀၂၀ ပြည့်နှစ် ဇွန်လအထိ တစ်နှစ်တာအတွင်း ဖြစ်ပေါ်ခဲ့သော တစ်နိုင်ငံလုံး၏ စားသုံးသူစျေးဆနှုန်းကို လေ့လာပါ က ၂၀၁၉ ခုနှစ် မတ်လတွင် ၁၅၀ ဒသမ ၁၃ ရှိခဲ့ရာမှ တဖြည်းဖြည်း ပြန်လည်မြင့်တက်ခဲ့ရာ ၂၀၁၉ ခု နှစ် ဒီဇင်ဘာတွင် ၁၆၁ ဒသမ ၇၂ ဖြစ်ပေါ်ခဲ့သည်။ သို့ရာတွင် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီမှစ၍အစားအစာ အုပ်စုစျေးနှုန်းများ တဖြည်းဖြည်း ကျဆင်းလာခဲ့ရာ မေလတွင် ၁၆၀ ဒသမ ၁၂ ဖြစ်ပေါ်ခဲ့သည်။
သို့သော် ၂၀၂၀ ပြည့်နှစ် ဇွန် လတွင် ၁၆၀ ဒသမ ၉၈ ဖြစ်ပေါ်ခဲ့သဖြင့် ယခင်လနှင့်နှိုင်းယှဉ်ပါက အနည်းငယ်ပြန်လည် မြင့်တက်ခဲ့သည်။
တစ်နိုင်ငံလုံးအတွက် စားသုံးသူ စျေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းကို ပြောင်းလဲတွက်ချက်တင်ပြနိုင်ရန် ၂၀၁၂ ခုနှစ် နိုဝင်ဘာတွင် ဗဟိုစာရင်းအင်းအဖွဲ့သည် အိမ်ထောင်စုဝင်ငွေနှင့် စားသုံးမှုစစ်တမ်းကို မြို့နယ်ပေါင်း ၈၂ မြို့နယ် တွင် နမူနာ အိမ်ထောင်စုပေါင်း ၃၂၆၆၉ ကို စစ်တမ်းကောက်ယူခဲ့ကြောင်း သိရသည်။
၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် စစ်တမ်းကောက်ယူရာတွင် ကုန်ပစ္စည်းအမျိုးအစားများမှာ အများသုံးစွဲသည့် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှု အမျိုးအစားပေါင်း ၄၃၈ မျိုးပါဝင်ကြောင်း သိရသည်။ စားသုံးသူစျေးဆနှုန်း တွက်ချက်ရန်အတွက် အစားအစာအုပ်စုတွင် ကုန်ပစ္စည်း ၁၀၈ မျိုးနှင့် အစားအစာ မဟုတ်သော အုပ်စုတွင် ကုန်ပစ္စည်း အမျိုးအစား ၁၆၆ မျိုးရွေးချယ်ခဲ့ပြီး စုစုပေါင်း ၂၇၄ မျိုးသို့ တိုးချဲ့ ကောက်ယူ တွက်ချက်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့၏ ထုတ်ပြန်မှုအရ သိရသည်။
တစ်နိုင်ငံလုံးအတွက် ၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် စားသုံးသူစျေးဆနှုန်းအပေါ် အခြေခံတွက်ချက်ထားသော ငွေကြေးဖောင်းပွမှုနှုန်း မှာ ၂၀၂၀ ပြည့်နှစ် ဇွန်အထိ တစ်နှစ်ပျမ်းမျှ ၇ ဒသမ ၉၁ ရာခိုင်နှုန်း ရှိပြီး နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်း (Year on Year Inflation) ၄ ဒသမ ၁၆ ရာခိုင်နှုန်းရှိကြောင်း သိရသည်။










