(ကရင်မလင်က ကြိုက်သည့်အခေါ်အဝေါ်ဖြစ်သော) “အချက်အလက်ဟင်းလင်းပြင်” (Information Space)သည် အမေရိကန်-ရုရှားပဋိပက္ခနှင့်ပတ်သက်၍ ကြီးထွားလာသော နယ်ပယ်တစ်ရပ် ဖြစ်လာခဲ့လေပြီ။ ယင်းသည် ယူကရိန်းစစ်ပွဲ၌သာမက ၂၀၁၆ ခုနှစ်နှင့် ၂၀၂၀ ခုနှစ် သမ္မတရွေးကောက်ပွဲ မဲဆွယ်မှုများအပြင် ၂၀၁၈ ခုနှစ် ကွန်ဂရက်ရွေးကောက်ပွဲများကိုပါ တိုက်ခိုက်ခဲ့သည့် ရုရှား၏ ဟက်ကင်းပြုလုပ်မှုများ၌လည်း အရေးပါခဲ့သည်။ အမေရိကန်နှင့် ရုရှား နှစ်နိုင်ငံသည် လွန်ခဲ့သည့်နှစ်က ဆိုက်ဘာဟင်းလင်းပြင်အတွက် ဘုံသဘောတူညီချက်စည်းမျဉ်းများ ရရှိရန် ခေတ္တခဏမျှ အတူလုပ်ဆောင်ခဲ့ကြပုံရသည်။ သို့သော် ယခုအခါ ယင်းပူး ပေါင်းဆောင်ရွက်မှုကား ပေါက်ကွဲပျက်စီးသွားပြီဖြစ်သည်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနမှ ထိပ်တန်းဆိုက်ဘာကျွမ်းကျင်သူ အင်ဒရေခရက် စကီးက တနင်္လာနေ့တွင် ရုရှားသတင်းစာတစ်စောင်ဖြစ်သော Kommersant နှင့် အင်တာဗျူးပြုလုပ်ရာ၌ အမေရိကန်သည် “ရုရှားနှင့် သူ၏မဟာမိတ်များအပေါ် ဆိုက်ဘာတိုက်ခိုက်မှုများ ထုတ်လွှတ်ခဲ့ကြောင်း”စွပ်စွဲပြောကြားခဲ့သည်။ “Battering Ram” (ခံတပ်၊ မြို့တံခါးတို့ကို ဆောင့်ဖြိုရာတွင် သုံးသော တုံးဆွဲမောင်းစက်)အဖြစ် ၎င်းတို့နိုင်ငံအား ကွန်ပျူတာတိုက်ခိုက်မှုများကို ဆောင်ရွက်ရန် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးနှင့် သူကဖန်တီးထားသော အိုင်တီတပ်မတော်ကို အမေရိကန်က အသုံးပြုခဲ့ကြောင်း သူက အခိုင်အမာ ပြောကြားခဲ့သည်။
“အမေရိကန်က ရုရှားကို လက်တုံ့ပြန်ရေး နည်းလမ်းတွေထဲ ရောက်အောင် ဆွပေးနေတယ်လို့ ကျွန်တော်တို့ မှတ်ချက်မပြုပါဘူး။ ခါးခါးသီးသီးငြင်းပယ်မှုတစ်ရပ် လိုက်လာပါလိမ့်မယ်။ အဲဒါဟာ ခိုင်မာပြတ်သားပါလိမ့်မယ်။ ဒါပေမဲ့ အဲဒီညစ်ပတ်မှုရဲ့ ရလဒ်က ဒုက္ခကြီးကြီး တွေ့စေနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတွေအကြား တိုက်ရိုက်ထိတွေ့တဲ့ ဆိုက်ဘာပဋိပက္ခတစ်ရပ်မှာ အနိုင်ရ ရှိသူ ရှိနိုင်မှာ မဟုတ်လို့ပါပဲ”ဟု ခရက်စကီး က (မကောင်းသော) နိမိတ်ဖတ်မှုဆန်ဆန် ဆက်လက်ပြောကြားခဲ့သည်။
ရုရှားသတင်းစာတစ်စောင်ဖြစ်သော Kommersant က အမေရိကန်ပြည်ထောင်စုသည် ရုရှားဆိုက်ဘာပစ်မှတ်များကို တိုက်ခိုက်သည်ဟူသော ခရက်စကီး၏ အခိုင်အမာပြောကြားချက်ကို ထောက်ခံရန်အတွက် အမေရိကန်ဆိုက်ဘာကွပ်ကဲရေးနှင့် အမျိုးသားလုံခြုံရေးအေဂျင်စီအကြီးအကဲ တပ်မတော် ဗိုလ်ချုပ်ကြီး ပေါလ်နာကာဆိုနေး၏ ဇွန် ၁ ရက်က မှတ်ချက်တစ်ရပ်ကို ကိုးကားခဲ့သည်။ အက်စ်တိုးနီးယားသို့ သွားရောက်စဉ်အတွင်း ယူကရိန်းအကြောင်း ပြောရာ၌ နာကာဆိုနေးက Sky News သတင်းဌာနသို့ “ကျွန်တော်တို့ ကွက်ပြည့်နင်းပြီး စစ်ဆင်ရေး တစ်သီတစ်တတန်းကြီး-ထိုးစစ်၊ ခံစစ်(နဲ့)-အချက်အလက်စစ်ဆင်ရေးတွေကို ဆောင်ရွက်ခဲ့ပါတယ်”ဟု ဆိုသည်။
ဆိုက်ဘာကွပ်ကဲရေးဆိုင်ရာ ပြောရေး ဆိုခွင့်ရှိသူတစ်ဦးက မည်သည့်မှတ်ချက်မျှမပေးခဲ့ပေ။ နိုင်ငံခြားရေးဌာနမှ အကြီးတန်းအရာရှိတစ်ဦးကမူ ခရက်စကီး၏ စွပ်စွဲမှုများမှာ အသစ်တစ်စုံတစ်ရာမပါဘဲ ဓာတ်ပြားဟောင်းများကို ပြန်လည်ဆန်းသစ်ခြင်းသာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အခြားဥရောပနိုင်ငံများမှ စနစ်များကိုပါ ထိခိုက်ပျက်စီးစေခဲ့သည့် ကုန်သွယ်ရေးဆိုင်ရာ ဂြိုဟ်တုဆက်သွယ်ရေးကွန်ရက်တစ်ခုကို တိုက်ခိုက်မှုအပါအဝင် ယူကရိန်းနိုင်ငံ အပေါ်အငြိုးထားသည့် ဆိုက်ဘာလုပ်ဆောင်ချက်ကို ဆောင်ရွက်ခဲ့ကြောင်း ဘိုင်ဒင်အစိုးရ အဖွဲ့ကလည်း ၎င်းတို့အပိုင်းအတွက် လွန်ခဲ့သည့်လက ရုရှားကို စွပ်စွဲခဲ့သည်။ နိုင်ငံခြားရေးဌာနက ရုရှား၏ ဆိုက်ဘာမွှေနှောက်မှုအား ပြစ်တင်ရှုတ်ချခဲ့သော်လည်း အကြီးတန်းအရာရှိက အမေရိကန်ပြည်ထောင်စုသည် (အချို့မျှော်လင့်ထားသည့်) ကြီးမားလှသော တိုက်ခိုက်မှုများကို မမြင်ရသေးကြောင်း၊ ယင်းမှာ ရုရှားတို့အနေဖြင့် စစ်ပွဲတစ်ပွဲ၌ စစ်မျက်နှာနှစ်ခု မဖွင့်လိုသည့်အတွက် ဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။
ဆိုက်ဘာလုံခြုံရေးအတွက် ဘုံသဘောတူသည့် ချဉ်းကပ်မှုတစ်ရပ်ဖွံ့ဖြိုးလာရေးအား ဘိုင်ဒင်အစိုးရက ရပ်တန့်သွားအောင် ပြုလုပ်ခဲ့မှုက ကုလသမဂ္ဂ၌ လွန်ခဲ့သည့်နှစ်က ပြုလုပ်ထားသည့် တိုးတက်မှုကို ပြောင်းပြန်လန်သွားစေခဲ့သည်ဟု ခရက်စကီးက အခိုင်အမာ ပြောကြားခဲ့သည်။ ဆိုက်ဘာလုံခြုံရေး ကိစ္စကို ဆွေးနွေးရေးအတွက် မူဘောင်တစ်ရပ်ကို အကြမ်းရေးဆွဲရန် ကုလသမဂ္ဂ၏ ပူးတွဲ ဆုံးဖြတ်ချက်တစ်ရပ်ကို အောက်တိုဘာလ၌ အမေရိကန်နှင့် ရုရှားအရာရှိများက အတည်ပြုခဲ့ကြသည်။ ခရက်စကီးက ယင်းကို “သမိုင်းဝင် အခါသမယ”ဟု ခေါ်ဆိုခဲ့သည်။ သို့သော် ယင်းအချိန်တွင် ရုရှားတို့သည် ဖေဖော် ၀ါရီ ၂၄ ရက်တွင် စတင်သည့် ယူကရိန်းနိုင်ငံကို ကျူးကျော်ရေးအား ပြင်ဆင်နေခဲ့နှင့်ပြီး ဖြစ်သည်။ သို့ဖြစ်ပါလျက် ဒီဇင်ဘာကတည်းကနှင့် ဇူလိုင်တွင် စီစဉ်ထားသည့် အခြားတစ်ခုတို့၌ တွေ့ဆုံမှုနှစ်ခုနှင့်အတူ ဆိုက်ဘာကိစ္စနှင့်ပတ်သက်၍ နှစ်နိုင်ငံအကြား ထိတွေ့မှုကို ဆက်လက်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အကြီးတန်းအရာရှိက ပြောကြားခဲ့သည်။
“ဆိုက်ဘာစစ်ပွဲရဲ့ ခြိမ်းခြောက်မှုကို တည်တည်ငြိမ်ငြိမ် လက်ခံတဲ့ နိုင်ငံအားလုံးနဲ့ သင့်တော်တဲ့ ဥပဒေဆိုင်ရာ သဘောတူညီချက်တွေကို ဆွေးနွေးညှိနှိုင်းဖို့ရာ ရုရှားဟာ အသင့်ရှိနေတုန်းပါ”ဟု ရုရှားနိုင်ငံ၏ ဆိုက်ဘာအကြီးအကဲက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။ သို့သော် ထိုနေ့မှာပင် ရုရှား သည် နိုင်ငံခြားရေးဌာန၏ ဆိုက်ဘာလုံခြုံရေး စေ့စပ်ညှိနှိုင်းရေးမှူးလည်းဖြစ်၊ ခရက်စကီး နှင့် ဆက်ဆံရေးလမ်းကြောင်း၌ အဓိကလူလည်း ဖြစ်သည့် မိုက်ကယ်မက်ကော့ကို ရုရှားသို့ ခရီးသွားလာခွင့် ထာဝရပိတ်ပင်သည့် ပိတ်ဆို့မှုစာရင်းအသစ်တစ်ရပ်အတွင်း ထည့်သွင်းခဲ့သည်။
အင်တာနက်နှင့်ပတ်သက်၍ ရုရှား၏ အမြင်သည် အခြေခံအရ အမေရိကန်နှင့် ကွာခြားသည်ဟု နိုင်ငံခြားရေးဌာနမှ အကြီးတန်းအရာရှိက အင်္ဂါနေ့က ပြုလုပ်သည့် အင်တာဗျူး၌ ပြောကြားခဲ့သည်။ အမေရိကန်က ပွင့်လင်းသော၊ လွတ်လပ်သော၊ အချင်းချင်းအကြား ဆက်သွယ်ဆောင်ရွက်၍ရသော စနစ်တစ်ရပ်ကို ရှာဖွေသော်လည်း ရုရှားသည် ပြောဆိုမှုများကို ၎င်းတို့ မကြိုက်ပါက ဖိနှိပ်၍ ရနိုင်သည့် အချုပ်အခြာနယ်နမိတ်များနှင့် အင်တာနက်ကို လိုလားခြင်းဖြစ်သည်ဟု ဆိုသည်။
ရုရှား၏ ဆိုက်ဘာဟင်းလင်းပြင်နှင့်ပတ်သက်သော အစွဲအလမ်းသည် အမေရိကန် ပြည်ထောင်စုက အင်တာနက်နှင့် ၄င်းတို့၏ အုပ်ချုပ်မှုအား ထိန်းချုပ်ထားသည်ဟူသည့် ရုရှား၏အမြင်ကို တစ်စိတ်တစ်ပိုင်းအနေဖြင့် ထင်ဟပ်ပြခြင်းဖြစ်သည်။ ရုရှားတို့အကြိုက် ပစ်မှတ်တစ်ခုမှာ ဒိုမိန်းအမည်များနှင့် အင်တာနက်စနစ်များကို ကြီးကြပ်သည့် ICANN သိကြသော ကျွမ်းကျင်ပညာရှင်အဖွဲ့တစ်ဖွဲ့ဖြစ်သည်။ ICANN သည် ကုန်သွယ်ရေးဌာန၏ ကန်ထရိုက်တစ်ခုအောက်၌ လုပ်ကိုင်လေ့ရှိခဲ့သော်လည်း ၂၀၁၆ ခုနှစ်မှစ၍ အပြည့်အဝလွတ်လပ်ခွင့် ရသွားခဲ့သည်။ ကုလသမဂ္ဂ သို့မဟုတ် ၎င်းတို့က ထိန်းချုပ်ရန် ကြိုးပမ်းနေသည့် အခြားနိုင်ငံတကာကြီးကြပ် ရေးအဖွဲ့များမှတစ်ဆင့် ရုရှား၏အင်တာနက် စည်းကမ်းများကို ပြန်လည်ရေးဆွဲရန် ကြိုးပမ်းမှုများအကြောင်း စာတမ်းပေါင်းချုပ်တစ်စောင်ကို တနင်္လာနေ့တွင် ယင်းအဖွဲ့က ဖြန့်ဝေခဲ့သည်။ သမ္မတပူတင်မှနေ၍ အောက်ခြေအထိ ICANN အစီရင်ခံစာတွင် ကိုးကားဖော် ပြထားသော ရုရှားများသည် အမေရိကန်၏ ဒီဂျစ်တယ်ဆိုင်ရာ လွှမ်းမိုးကြီးစိုးမှုအပေါ် မကျေမချမ်းဖြစ်နေကြသည်။
ဆိုက်ဘာဟင်းလင်းပြင်နှင့်ပတ်သက်၍ အမေရိကန်-ရုရှားပြိုင်ပွဲသည် သဘောတရားအရ အင်တာနက်အုပ်ချုပ်မှုကို လွှဲပြောင်းယူနိုင်သည့် ကုလသမဂ္ဂအေဂျင်စီတစ်ခုဖြစ်သော အပြည်ပြည်ဆိုင်ရာ တယ်လီကွန်မြူနီ ကေးရှင်းသမဂ္ဂ၏ အတွင်းရေးမှူးချုပ် သစ်ရွေးကောက်ပွဲ (စက်တင်ဘာ)တွင် ပေါ်ထွက်လာလိမ့်မည်ဖြစ်သည်။ ယင်းရာထူးနေရာအတွက် ထိပ်ဆုံးမှ ရေပန်းစားနေသူနှစ်ဦးမှာ ITU ၏ ဗျူရိုတစ်ခုတွင် လက်ရှိတာဝန်ထမ်းဆောင်နေသော အမေရိကန်နိုင်ငံသား ဒိုရင်းဘော့ဒန်မာတင်နှင့် ရုရှားနိုင်ငံ၏ဆက်သွယ်ရေး ဝန်ကြီးဌာနအပြင် Huawei ၊ Nokia နှင့် အခြားကုမ္ပဏီများ၌ပါ တာဝန်ထမ်းဆောင်နေသည့် ရုရှားနိုင်ငံသား ရာရှစ်အစ္စမေးလက်ဗ်တို့ ဖြစ်ကြသည်။ ယင်းရာထူးနေရာကို စောင့်ကြည့်ကြပါစို့။
ယင်းအင်တာနက်ထိပ်တိုက်ရင်ဆိုင်မှုသည် ရုရှားက အနောက်တိုင်းနှင့် ဆိုင်လိုက်သော ပိုမိုကြီးမားကျယ်ပြန့်သည့်အပိုင်း၏ ပုံစံငယ်တစ်ခုဖြစ်သည်။ ရုရှားသည် မဟာ အင်အားကြီးအဖြစ်လည်းကောင်း၊ ကမ္ဘာ့စံများကို သတ်မှတ်သူအဖြစ်လည်းကောင်း အသိအမှတ်ပြုခံရရန် တောင့်တနေခြင်းဖြစ်သည်။ သို့သော် ယူကရိန်းစစ်ပွဲက ပေရှည်လာသည့်အခါ ပူတင်သည် ပို၍ပင် မခံချိမခံသာဖြစ်လျက် အထီးကျန်ကာ ရန်သူတော်များ အပေါ် ဒေါသအမျက်ခြောင်းခြောင်းထွက်၍ လာတော့သည်။ သူသည် ဆိုက်ဘာဟင်းလင်းပြင်ကို လွှမ်းမိုးကြီးစိုးရန် ကြိုးပမ်းသည့် အခါ၌ပင်လျှင် သူက ကမ္ဘာသို့ ရုရှားဆက်သွယ်ရေးများကို ဖြတ်တောက်လျက်ရှိနေသည်။ သူ၏ ကွန်ပျူတာသည် ပျက်ကျသွားပြီဖြစ်ပြီး မည်သို့ပြန်တင်ရမည်ကို သူ့ခမျာ သိလေဟန်မတူပေ။
Ref : The Washington Post










