■ ပရီးမီးယားလိဂ်ပွဲစဉ် (၃၆) ပွဲကြိုသုံးသပ်ချက်

■ ပရီးမီးယားလိဂ်ပွဲစဉ် (၃၆) ပွဲကြိုသုံးသပ်ချက်
Photo: AFP
Photo: AFP
Published 6 May 2022

ဘရန့်ဖို့ဒ် - ဆောက်သမ်တန် (မြန်မာစံတော်ချိန် မေလ ၇ ရက် ည ၈:၃၀ နာရီ)

ဘရန့်ဖို့ဒ်က ရလဒ်တွေဆက်တိုက်ကောင်းနေရာက နောက်ဆုံး (၂)ပွဲမှာ (၁) မှတ်ပဲ ရခဲ့တယ်။ ဒါပေမဲ့ ပြိုင်ဘက်တွေက စပါး၊ မန်ယူတို့ ဖြစ်လို့ လက်ခံနိုင်စရာ ရလဒ်တွေပါ။ ဆောက်သမ်တန်အသင်းက ခြေစွမ်းသိသိသာသာကျဆင်းနေပြီး ရလဒ်တွေလည်း ယိမ်းယိုင်နေတာ တွေ့ရတယ်။ ဘရန့်ဖို့ဒ်အသင်းရဲ့ လက်ရှိခြေစွမ်းနဲ့ အိမ်ကွင်းလည်းဖြစ်နေလို့ ဘရန့်ဖို့ဒ်ကိုပဲ ကြိုက်တယ်။ 



ဘန်လေ - အက်စတွန်ဗီလာ (မြန်မာစံတော်ချိန် မေလ ၇ ရက် ည ၈:၃၀ နာရီ)

ဘန်လေအသင်းရဲ့ တန်းဆင်းဇုန်ရုန်းအားက မယုံနိုင်စရာဖြစ်ပြီး နောက်ဆုံး (၄)ပွဲမှာ (၁၀)မှတ်ယူခဲ့တယ်။ ဒါကြောင့် တန်းမဆင်းရဖို့အတွက် မျှော်လင့်ချက် ရှိလာခဲ့တယ်။  ဒီပွဲမှာလည်း အက်စတွန်ဗီလာအသင်းကိုသာ အနိုင်ရခဲ့ရင် ပြိုင်ဘက်တွေဖြစ်တဲ့ လိဒ်စ်ယူနိုက်တက်နဲ့ အဲဗာတန်တို့ကို ပိုပြီးဖိအားပေးနိုင်ပါလိမ့်မယ်။ ဗီလာကလည်း နောက်ဆုံးပွဲမှာ နိုင်ပွဲစတင်ရရှိခဲ့တယ်။ သရေကျနိုင်ပါတယ်။ 



ချယ်လ်ဆီး - ဝုလ်ဗ် (မြန်မာစံတော်ချိန် မေလ ၇ ရက် ည ၈:၃၀ နာရီ)

ချယ်လ်ဆီးအသင်းက နောက်ပိုင်းပွဲတွေမှာ ကြုံတွေ့နေရတဲ့ ရလဒ်ဆိုးတွေကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်အတွက်တောင် စိုးရိမ်ရတဲ့အနေအထားဖြစ်လာတယ်။ ဒါပေမဲ့ ဒီတစ်ပတ်အနိုင်ကစားနိုင်မယ်ဆိုရင် စိတ်ပူစရာမရှိတော့ဘူး။ နောက်တစ်ပတ်က စပါး-အာဆင်နယ် ထိပ်တိုက်တွေ့ကြတော့မှာမို့ပါ။ ချယ်လ်ဆီးအတွက် စိတ်ချရတဲ့အခြေအနေပြန်ရောက်အောင် ကစားရမယ့်ပွဲဖြစ်ပြီး ချယ်လ်ဆီးပဲ နိုင်မယ်။ 



ခရစ္စတယ်ပဲလေ့စ် - ဝက်ဖို့ဒ် (မြန်မာစံတော်ချိန် မေလ ၇ ရက် ည ၈:၃၀ နာရီ)

ခရစ္စတယ်ပဲလေ့စ်က နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ ဆောက်သမ်တန်ကို နိုင်ပွဲယူခဲ့တယ်။ အသင်းလိုက်ခြေစွမ်းကောင်းမွန်သလို ရလဒ်တွေလည်း မဆိုးပါဘူး။ ဝက်ဖို့ဒ်ကတော့ အခြေအနေတော်တော်ဆိုးရွားနေတဲ့အသင်းဖြစ်ပြီး အသင်းတိုင်းကို ရှုံးနေတာတွေ့ ရတယ်။ တန်းဆင်းသွားဖို့လည်း သေချာနေပြီဖြစ်လို့ ဝက်ဖို့ဒ်အတွက် ဘာမျှော်လင့်ချက်မှ မရှိတော့ပါဘူး။ ပဲလေ့စ်ပဲ နိုင်ပွဲရလိမ့်မယ်။     



ဘရိုက်တန် - မန်ယူ (မြန်မာစံတော်ချိန် မေလ ၇ ရက် ည ၁၁:၀၀ နာရီ)

မန်ယူအသင်းရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက်က (၁) ရာခိုင်နှုန်းတောင်မရှိတော့ဘူး။ သူတို့ နောက်ဆုံးနှစ်ပွဲမှာ ချယ်လ်ဆီးဆီက တစ်မှတ်၊ ဘရန့်ဖို့ဒ်ဆီက (၃)မှတ်ယူခဲ့တယ်။ ဒါပေမဲ့ အရမ်းနောက်ကျသွားပါပြီ။ အဆင့် (၆)နေရာကနေ တက်လာနိုင်ဖို့တောင် မလွယ်တော့တဲ့ အနေအထားဖြစ်ပြီး ရလဒ်ကောင်းဖို့ပဲ ဦးတည်ကစားရမှာဖြစ်တယ်။ ဒါပေမဲ့ ဘရိုက်တန်ကွင်းက ခက်ခဲပါတယ်။ မန်ယူ သရေလောက်ပဲ ရနိုင်တယ်။ 



လီဗာပူးလ် - စပါး (မြန်မာစံတော်ချိန် မေလ ၈ ရက် နံနက် ၁:၁၅ နာရီ)

လီဗာပူးလ်အသင်းအတွက် ချန်ပီယံအိပ်မက်၊ စပါးအသင်းအတွက် ချန်ပီယံလိဂ်ဝင်ခွင့် အရမ်းအရေးကြီးနေတဲ့ အချိန်ဖြစ်တယ်။ ပထမအကျော့ စပါးအသင်းရဲ့ကွင်းမှာ ကစားခဲ့တုန်းက (၂-၂) ဂိုးနဲ့ သရေကျခဲ့ပြီး ပွဲကြီးပွဲကောင်းတစ်ပွဲဖြစ်ခဲ့တယ်။ အသင်းကြီး အချင်းချင်းတွေ့ဆုံတဲ့ပွဲတွေမှာ ကွန်တီက ကျော်ဖြတ်ဖို့ လွယ်ကူလေ့ရှိတဲ့ နည်းပြတစ်ဦးမဟုတ်ဘူး။ စပါးအသင်းမှာ အားနည်းချက်တွေအများကြီးရှိပြီး အထူးသဖြင့် ခံစစ်ပိုင်းဟာ လီဗာပူးလ်အသင်းရဲ့မြန်နှုန်းမြင့်တဲ့ တိုက်စစ်ကို ထိန်းချုပ်တဲ့အပိုင်းမှာ အခက်အခဲရှိနိုင်တယ်။ ဒါပေမဲ့ စပါးရဲ့ မာကျောမှုနဲ့ ကျစ်လျစ်မှုကိုလည်း လီဗာပူးလ်အသင်းက ခက်ခက်ခဲခဲ ကျော်ဖြတ်ရမှာဖြစ်တယ်။ စပါးတိုက်စစ်မှာ ဆွန်၊ ကိန်းတို့ ခြေစွမ်းပြနေပေမဲ့ လီဗာပူးလ်ခံစစ်ကို ကျော်ဖြတ်ရတာ အခက်အခဲရှိနိုင်တယ်။ အန်ဖီးလ်ကလည်း အသင်းတိုင်းအတွက် ခက်ခဲပါတယ်။ လီဗာပူးလ် ကပ်နိုင်လိမ့်မယ်။