ကမ္ဘောဒီးယားဝန်ကြီးချုပ်၏ မြန်မာနိုင်ငံခရီးစဉ်သည် တိုးတက်မှုများကို ဖြစ်ပေါ်စေခဲ့ဟု ဂျပန်နိုင်ငံ ချီးကျူး

ကမ္ဘောဒီးယားဝန်ကြီးချုပ်၏ မြန်မာနိုင်ငံခရီးစဉ်သည် တိုးတက်မှုများကို ဖြစ်ပေါ်စေခဲ့ဟု ဂျပန်နိုင်ငံ ချီးကျူး
Published 12 January 2022
Ref: Japan praises Cambodian PM Hun Sen's visit to Myanmar as bringing 'progress' (The Straits Times)

မကြာသေးမီက မြန်မာနိုင်ငံသို့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် သွားရောက်ခဲ့မှုအပေါ် ဂျပန်နိုင်ငံခြားရေးဝန်ကြီး ယိုရှိမာဆာ ဟာယာရှိက ချီးကျူးပြောဆိုခဲ့သည်ဟု သိရသည်။

ယင်းသည် ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း မြန်မာနိုင်ငံသို့ ပြည်ပခေါင်းဆောင်တစ်ဦး ပထမဆုံးအကြိမ် လာရောက်မှုလည်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ ဖြစ်ပွားနေမှုအပေါ် စိုးရိမ်နေဆဲဖြစ်ကြောင်းနှင့် ၎င်းအခြေအနေကိုဖြေရှင်းရန် ကမ္ဘောဒီးယား၏ အပြုသဘောဆောင်သည့် ကြိုးပမ်းမှုများအား ကြိုဆိုကြောင်း ဇန်နဝါရီ ၁၁ ရက်က ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ပရက်ခ်ဆိုခွန်းနှင့် ဖုန်းပြောဆိုမှုအတွင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။

ဝန်ကြီးချုပ်ဟွန်ဆန်၏ ခရီးစဉ်သည် မြန်မာနိုင်ငံတွင် လူနည်းစုတိုင်းရင်းသားလူမျိုးစုများနှင့် အပစ်အခတ်ရပ်စဲရေးနှင့် လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့များ ပေးအပ်ရေးတို့တွင် တိုးတက်မှုများ ဖြစ်ပေါ်စေခဲ့ကြောင်းလည်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဟာယာရှိက ပြောကြားခဲ့သည်ဟု သိရသည်။

အကြမ်းဖက်မှုများ ရပ်တန့်ရန်နှင့် ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်ရန် ဂျပန်အစိုးရက မြန်မာ့တပ်မတော်ကို တိုက်တွန်းခဲ့သော်လည်း တရုတ်၏ သြဇာလွှမ်းမိုးမှုကို တန်ပြန်မည့် မဟာဗျူဟာအတွက်သာမက လူသုံးကုန်ပစ္စည်းများမှ ဘဏ်လုပ်ငန်းအထိ ကျယ်ပြန့်သောစီးပွားရေးလုပ်ငန်းများတွင် အမြောက်အများ ရင်းနှီးမြှုပ်နှံထားမှုကို ကာကွယ်ရန်အတွက်လည်း မြန်မာနိုင်ငံနှင့် နီးကပ်သည့် ဆက်ဆံရေးကို ဆက်လက်ထိန်းထားရန် ဂျပန်အစိုးရက ဆန္ဒရှိနေသည်။

ဂျပန်နှင့် မြန်မာနိုင်ငံတို့အကြား စစ်ဘက်ဆိုင်ရာ ဆက်ဆံရေးသည်လည်း အားကောင်းနေဆဲဖြစ်သည်။

အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ)၏ အလှည့်ကျ ဥက္ကဋ္ဌတာဝန် ရယူပြီးနောက်ပိုင်း ကမ္ဘောဒီးယားအနေဖြင့် မြန်မာ့တပ်မတော်နှင့် ဆက်ဆံရေးတိုးမြှင့်မှုအပေါ် ဂျပန်၏ ထောက်ခံအားပေးမှုသည် တရုတ်နှင့် ဆက်ဆံရေး ပိုမိုနီးကပ်လာမည်ကို စိုးရိမ်မှုကြောင့် အမေရိကန်၏ မဟာမိတ်နိုင်ငံအချို့သည် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ရန် မဝံ့မရဲ ဖြစ်နေမှုကို အရိပ်မြွက်ပြသနေသည်။

ကမ္ဘောဒီးယားနိုင်ငံကို ၃၆ နှစ်ကြာ အုပ်ချုပ်ခဲ့သည့် ဝန်ကြီးချုပ်ဟွန်ဆန်က ၎င်း၏ နှစ်ရက်ကြာခရီးစဉ်သည် မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ ရပ်တန့်ရေးအတွက် အကူအညီပေးရန် ရည်ရွယ်ကြောင်း ပြောကြားခဲ့သည်။ သို့ရာတွင် ၎င်း၏ခရီးစဉ်အပေါ် ဝေဖန်ပြစ်တင်မှုများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့သည်။

ဇန်နဝါရီ ၇ ရက်က နေပြည်တော်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်နှင့် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်တို့ တွေ့ဆုံဆွေးနွေးခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဟွန်ဆန်က အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ထာဝရငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သာယာဝပြောရေးရရှိရန်အတွက် ကမ္ဘောဒီးယားနိုင်ငံ၏ နှစ်ဦးနှစ်ဖက် အကျိုးရှိသောမူဝါဒကို ရှင်းလင်းမျှဝေခဲ့ကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်က ကမ္ဘောဒီးယားနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှ ရရှိခဲ့သော အတွေ့အကြုံများနှင့် သင်ခန်းစာများအပေါ်အခြေခံ၍ သက်ဆိုင်သည့် အဖွဲ့အစည်းများအားလုံး၏ ပူးပေါင်းပါဝင်မှုနှင့် သဘောတူညီမှုမပါရှိဘဲ အလုံးစုံ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဖော်ဆောင်နိုင်မည် မဟုတ်ကြောင်း အလေးထားပြောကြားခဲ့သည်ဟု နှစ်နိုင်ငံပူး တွဲထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most Read

Most Recent