ထိုင်းလိဂ်-၁ ကလပ် ဘူရီရမ်အသင်း နည်းပြဖြစ်သူ ဘရာဇီးလ်နိုင်ငံသား အလက်ဇန္ဒားဂါမာက တိုက်စစ်မှူး အောင်သူ၏ ယခုရာသီ စွမ်းဆောင်ရည်မှာ ကျဆင်းမှုမရှိကြောင်းနှင့် ကစားသမားကောင်းတစ်ဦးအဖြစ် လက်ခံထားဆဲဖြစ်ကြောင်း Eleven Sports သို ့သုံးသပ်ပြောကြားသည်။
'' အောင်သူက ဒီရာသီမှာ စွမ်းဆောင်မှုကျဆင်းနေတာ မဟုတ်ပါဘူး။ သူကစားနေကျနေရာနဲ့ မတူကွဲပြားတဲ့နေရာတချို့အတွက် ကြိုးစားကစားနေတာပါ။ သူက ကစားသမားကောင်းတစ်ဦးဆိုတာကို ကျွန်တော်ယုံကြည်ထားဆဲပါပဲ။ ကျွန်တော် သူ့ကစားပုံကို ကြိုက်နှစ်သက်ပါတယ်။ မနေ့က ကစားခဲ့တဲ့ပွဲ (နိုဝင်ဘာ ၂၈ ရက်က ချင်းရိုင်အသင်းအား ၁-၀ ဂိုးဖြင့် အနိုင်ရသည့်ပွဲ) ဆိုရင် ကျွန်တော်တို့အသင်းအတွက် အနိုင်ရဖို့ အရမ်းကိုခက်ခဲခဲ့ပါတယ်။ ဒါပေမဲ့ အောင်သူက ကျွန်တော်တို့ အသင်း ဂိုးရဖို့ ဘောလုံးပေးပို့မှု ၁၉ ကြိမ်အထိ စွမ်းဆောင်ပေးနိုင်ခဲ့တယ်။ သူက တကယ်ကောင်းတဲ့ ကစားသမားပါ''ဟု အလက်ဇန္ဒားဂါမာက Eleven Sports ၏ ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။
အောင်သူသည် နိုဝင်ဘာ ၂၈ ရက်က ထိုင်းလိဂ်-၁ ပြိုင်ပွဲ ပွဲစဉ် ၁၅ အဖြစ် ကစားခဲ့သည့် ချင်းရိုင်အသင်းနှင့်ပွဲတွင် ပွဲထွက်ကစားသမားအဖြစ် ပါဝင်ကစားခွင့်ရခဲ့ပြီး ဒုတိယပိုင်း ၆၆ မိနစ်တွင် လူစားလဲခံခဲ့ရသည်။
အောင်သူသည် နိုဝင်ဘာ ၂၄ ရက်က ထိုင်း FA Cup ပြိုင်ပွဲ တတိယအဆင့်အဖြစ် ကစားခဲ့သည့် ပရိုင်းမ်ဘန်ကောက်အသင်းအား ငါးဂိုးပြတ် အနိုင်ရသည့်ပွဲတွင်လည်း ပွဲချိန်ပြည့်ကစားခွင့်ရရှိခဲ့သည်။
အောင်သူသည် ပြီးခဲ့သည့်တစ်ပတ် နိုဝင်ဘာ ၂၀ ရက်က ထိုင်းလိဂ်-၁ ပြိုင်ပွဲ ပွဲစဉ်၁၄ အဖြစ် ကစားခဲ့သည့် ဘူရီရမ် (၄-၀) ခွန်ကန်ယူနိုက်တက်အသင်းတို့ပွဲတွင် အနိုင်ဂိုး နှစ်ဂိုးသွင်းယူပေး နိုင်ခဲ့သည်။
ယင်းသွင်းဂိုးနှစ်ဂိုးမှာ အောင်သူအနေဖြင့် ယခုရာသီ ဘူရီရမ်အသင်းအတွက် ပထမဆုံးသွင်းယူပေးနိုင်သည့် ဂိုးများဖြစ်ပြီး ယင်းပွဲပြီးနောက်ပိုင်း ပုံမှန်ပွဲထွက်ခွင့် ပြန်လည်ရရှိနေခြင်းဖြစ်သည်။
အောင်သူသည် ယခုရာသီ ထိုင်းလိဂ် -၁ ပြိုင်ပွဲ ပွဲစဉ် ၁၃ ပြီးဆုံးချိန်အထိ ဘူရီရမ်အသင်းအတွက် ဂိုးသွင်းယူပေးနိုင်ခြင်းမရှိသလို ပုံမှန်ပွဲထွက်ကစားခွင့်ရရန် ရုန်းကန်ခဲ့ရသဖြင့် ဖိအားများ၊ ဝေဖန်မှုများ ရင်ဆိုင်ခဲ့ရသည်။
လက်ရှိအချိန်တွင်မူ အလက်ဇန္ဒားဂါမာသည် ဘူရီရမ်နည်းပြအဖြစ်မှ နုတ်ထွက်တော့မည်ဟု သတင်းထွက်နေ၍ အောင်သူအနေဖြင့် နည်းပြအပြောင်းအလဲနှင့် ရင်ဆိုင်ရဖွယ်ရှိနေကြောင်း သိရသည်။