မန်စီးတီးအသင်းသည် ဘာစီလိုနာအသင်းမှ နယ်သာလန်ကွင်းလယ်ကစားသမား ဖရန်ကီဒီယွန်းကို ခေါ်ယူနိုင်ရန် နီးစပ်နေကြောင်း သိရသည်။
ဒီယွန်းသည် ဘာစီလိုနာအသင်း၏ အနာဂတ်ကို ဦးဆောင်မည့် ကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရသော်လည်း နည်းပြသစ်အဖြစ် ဇာဗီ တာဝန်ယူခဲ့ပြီးနောက် ရောင်းထုတ်မည့်စာရင်းတွင် ပါဝင်လာခဲ့သည်။
ဇာဗီသည် ဒီယွန်းကို ရောင်းထုတ်ကာ ငွေရှာရန် စီစဉ်ခြင်းဖြစ်ပြီး တန်ဖိုးနည်းကစားသမားများကို ပြန်လည်အားဖြည့်လိုခြင်းကြောင့် ဖြစ်သည်ဟုလည်း သိရသည်။
ဘာစီလိုနာအသင်းသည် ဒီယွန်းကို ၂၀၁၉ ခုနှစ်က အေဂျက်စ်အသင်းထံမှ ပေါင် (၆၅)သန်းဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် ပေါင်(၇၅)သန်းဝန်းကျင်ဖြင့် ပြန်လည်ရောင်းထုတ်ရန် စီစဉ်နေခြင်းဖြစ်သည်။
မန်စီးတီးအသင်းက ဒီယွန်းအတွက် စတာလင်နှင့် အလဲအထပ်ပြုလုပ်ရန် လိုလားခဲ့သော်လည်း ဘာစီလိုနာအသင်းက ငွေသားသာ အလိုရှိနေခြင်းကြောင့် ဆက်လက်ဆွေးနွေးနေသော်လည်း အပြောင်းအရွှေ့ ဖြစ်မြောက်ရန် နီးစပ်နေပြီဖြစ်ကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့သည်။
ဇာဗီသည် ဘာစီလိုနာအသင်းကို နည်းပြအဖြစ် မကိုင်တွယ်မီက ဒီယွန်းအပေါ် ချီးကျူးပြောဆိုမှုများ ပြုလုပ်ခဲ့ဖူးသော်လည်း လက်ရှိအချိန်တွင်မူ ပြန်လည်ရောင်းထုတ်ရန် စီစဉ်နေခြင်းလည်းဖြစ်သည်။