ဆီးဂိမ်းစ် အမျိုးသားဘောလုံးပြိုင်ပွဲတွင် အသက်ကျော်ကစားသမားနှစ်ဦး ဆက်လက်အသုံးပြုခွင့်ပေးရန် စီစဉ်နေပြီး ယခုနှစ်မကုန်မီ အတည်ပြုမည်

ဆီးဂိမ်းစ် အမျိုးသားဘောလုံးပြိုင်ပွဲတွင် အသက်ကျော်ကစားသမားနှစ်ဦး ဆက်လက်အသုံးပြုခွင့်ပေးရန် စီစဉ်နေပြီး ယခုနှစ်မကုန်မီ အတည်ပြုမည်
Published 17 November 2021

 

လာမည့်နှစ် မေလတွင် ပြန်လည်ကျင်းပမည့် ၃၁ ကြိမ်မြောက် ဗီယက်နမ်ဆီးဂိမ်းစ် အမျိုးသားဘောလုံးပြိုင်ပွဲတွင် အသက်ကျော် ကစားသမားနှစ်ဦး ဆက်လက်အသုံးပြုခွင့်ပေးရန် စီစဉ်နေကြောင်း သိရသည်။

ဆီးဂိမ်းစ်ပြိုင်ပွဲကျင်းပရေး တာဝန်ရှိသူများသည် ပြီးခဲ့သည့် ၂၀၁၉ ဖိလစ်ပိုင်ဆီးဂိမ်းစ် ပြိုင်ပွဲတွင် အသက်ကန့်သတ်ချက်ထားရှိသည့် အမျိုးသားဘောလုံးပြိုင်ပွဲတွင် အသက်ကျော် ကစားသမားနှစ်ဦး စတင်အသုံးပြုခွင့်ပေးခဲ့ပြီး လာမည့်ဗီယက်နမ်ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ယင်းပုံစံအတိုင်းကျင်းပရန် ဆောင်ရွက်နေခြင်းဖြစ်သည်။ 

ဗီယက်နမ်အိုလံပစ်ကော်မတီသည် ဆီးဂိမ်းစ်အမျိုးသားဘောလုံးပြိုင်ပွဲ စည်းမျဉ်းများကို ယခုနှစ်မကုန်မီ အတည်ပြုမည်ဖြစ်ပြီး ၂၀၁၉ ဖိလစ်ပိုင်ဆီးဂိမ်းစ်ပြိုင်ပွဲ ပုံစံအတိုင်း ကျင်းပရန် သေချာသလောက်ရှိနေသည်။ ဆီးဂိမ်းစ်ပြိုင်ပွဲကျင်းပရေး တာဝန်ရှိသူများသည် အမျိုးသားဘောလုံးပြိုင်ပွဲကို အကြိမ်တိုင်းထည့်သွင်းကျင်းပခဲ့ပြီး ၁၉၅၉ ခုနှစ်မှ ၁၉၉၉ ခုနှစ်အထိ အသက်ကန့်သတ် ချက်မထားဘဲ လက်ရွေးစင်အဆင့်ပြိုင်ပွဲအဖြစ် ကျင်းပခဲ့သော်လည်း ၂၀၀၁ ခုနှစ်မှ စတင်ကာ အသက်ကန့်သက်ချက်ဖြင့် ပြောင်းလဲကျင်းပခဲ့သည်။

၂၀၀၁ ခုနှစ်မှ ၂၀၁၅ ခုနှစ် အထိ ယူ-၂၃၊ ၂၀၁၇ ခုနှစ်တွင် ယူ-၂၂ ပြိုင်ပွဲ အဖြစ် ပြောင်းလဲခဲ့ပြီး ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် မှစတင်ကာ အသက် ၂၂ နှစ်အောက်ပြိုင်ပွဲ အဖြစ် ဆက်လက်ကန့်သတ်ခဲ့သော်လည်း အသက်ကျော်ကစားသမားနှစ်ဦး ထည့်သွင်း အသုံးပြုခွင့်ပေးသည့်စည်းမျဉ်းကို စတင်ကျင့်သုံးခဲ့သည်။    ထို့ကြောင့် ပြီးခဲ့သည့် ဖိလစ်ပိုင်ဆီးဂိမ်းစ် ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်းများအနေဖြင့် အသင်းအတွက် လိုအပ်သည့်နေရာများတွင် အသက်ကျော်ကစားသမားနှစ်ဦးကို ထည့် သွင်းအသုံးပြုခဲ့သည်။ 

၂၀၁၉ ဖိလစ်ပိုင်ဆီး ဂိမ်းစ်ပြိုင်ပွဲတွင် ကြေးတံဆိပ်ရရှိခဲ့သည့် မြန်မာ ယူ-၂၂ အသင်းမှာလည်း အသက်ကျော်ကစားသမားများအဖြစ် ကွင်းလယ်ကစားသမား လှိုင်းဘိုဘိုနှင့် တောင်ပံကစားသမား စည်သူအောင်တို့ကို ထည့်သွင်းအသုံး ပြုခဲ့သည်။ မြန်မာ ယူ-၂၂ အသင်းသည် ယခင်က တိုက်စစ်မှူးအောင်သူကို အသုံးပြုရန် စီစဉ်ထားသော်လည်း ပြိုင်ပွဲနီးမှ ဒဏ်ရာရရှိသွားသဖြင့် မှတ်ပုံတင်ထားသော နောက်ထပ်ကစားသမားတစ်ဦးဖြစ်သည့် စည်သူအောင်ကို ပြောင်းလဲအသုံးပြုခဲ့ရခြင်းဖြစ်သည်။ မြန်မာ ယူ-၂၂ အသင်းနည်းပြချုပ် ပိုပေါ့ဗ်သည် ကွင်းလယ်ကစားသမား လှိုင်းဘိုဘိုကို အသင်းခေါင်းဆောင်အဖြစ် တာဝန်ပေးကာ ပွဲတိုင်းအသုံးပြုခဲ့သည်။

လာမည့်ဗီယက်နမ် ဆီးဂိမ်းစ်ပြိုင်ပွဲယှဉ်ပြိုင်မည့် မြန်မာ ယူ-၂၂ အသင်းကိုလည်း နည်းပြချုပ်အဖြစ် ဘူလ်ဂေးရီးယားနိုင်ငံသား ပိုပေါ့ဗ်က ဆက်လက်ကိုင်တွယ်သွားမည် ဖြစ်ပြီး အသက်ကျော်ကစားသမားနှစ်ဦး အသုံးပြုခွင့်ရမည့်စည်းမျဉ်း အတည်ပြုပြီးပါက လိုအပ်သည့်နေရာများအတွက် ရွေးချယ် သွားဖွယ်ရှိနေသည်။

မြန်မာ့လက်ရွေးစင် အသင်းမှာလည်း လာမည့်နှစ် မေလမတိုင်မီ နိုင်ငံတကာပြိုင်ပွဲမရှိသဖြင့် မြန်မာ ယူ-၂၂ အသင်းအနေဖြင့် စခန်းဝင်လေ့ကျင့်သည့် အချိန်ကတည်းက အသက်ကျော်ကစားသမားများကိုပါ တစ်ပေါင်းတည်းလေ့ကျင့်နိုင်ဖွယ် ရှိနေသည်။ မြန်မာ ယူ-၂၂ အသင်းသည် လာမည့်ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် ယခုနှစ်ကုန်ပိုင်း သို့မဟုတ် လာမည့်နှစ်ဆန်းပိုင်းတွင် စတင်လေ့ကျင့်ဖွယ်ရှိနေပြီး အောင်မြင်မှုရယူ နိုင်ရန်အတွက် အချိန်ယူလေ့ကျင့်သွားမည် ဖြစ်သည်။

Most Read

Most Recent