အီတလီအသင်းသည် ကမ္ဘာ့ဖလားခြေ စစ်ပွဲ ဥရောပဇုန်ပွဲစဉ်များအပြီးတွင် ခြေစစ်ပွဲ တိုက်ရိုက်မအောင်မြင်ဘဲ Play-off ကစားခွင့်သာရရှိခဲ့သော်လည်း နည်းပြ မန်စီနီက ကမ္ဘာ့ဖလားချန်ပီယံဆုကို ပစ်မှတ်ထားနေကြောင်း သိရသည်။ မန်စီနီက ယူရိုချန်ပီယံ ဖြစ်သည့် ၎င်း၏အသင်းသည် ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်ခြေရှိဆဲဖြစ်သည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
အီတလီအသင်းသည် ဥရောပဇုန် အုပ် စု (C) နာက်ဆုံးပွဲစဉ်တွင် မြောက်အိုင်ယာလန်အသင်းကို အနိုင်မကစားနိုင်ဘဲ ဂိုးမရှိ သရေကျခဲ့သောကြောင့် ဆွစ်ဇာလန်အသင်း ၏ကျော်ဖြတ်ခြင်းခံရကာ နှစ်မှတ်အကွာဖြင့် ဒုတိယနေရာသာ ရရှိခဲ့သည်။
"အခုချိန်မှာတော့ ဘာမှ မလုပ်နိုင်တော့ပါဘူး။ မတ်လ မှာကစားမယ့်ပွဲတွေမှာ ကျွန်တော်တို့ရဲ့ အကောင်းဆုံးတွေကို ပေးဆပ်နိုုင်ဖို့ ကြိုးစားကစားမှာပါ။ လက်ရှိမှာ ကျွန်တော်တို့က လက်ဦးမှုရယူပြီး ဘောလုံးပိုင်ဆိုင်မှု အသာစီးကစားနိုင်ခဲ့ပေမဲ့ ဂိုးတွေသွင်းနိုင်ဖို့ ခက်ခဲနေတယ်။ မြောက်အိုင်ယာလန်ကစားသမားတိုင်း ခံစစ်မှာ စုပြုံပိတ်ကစားခဲ့ပြီး ကျွန်တော်တို့ အသင်းက ဒါကိုချိုးဖျက်နိုင်အောင် မလုပ်ဆောင်နိုင်ခဲ့ပါဘူး။ အခုကစပြီး မတ်လအတွက် ပြင်ဆင်ရတော့မှာပါ။ မတ်လမှာ ကမ္ဘာ့ဖလားဝင်ခွင့်နေရာ အရယူပြီး ပြိုင်ပွဲမှာလည်း ဗိုလ်စွဲနိုင်ဖို့ မျှော်လင့်ပါတယ်"ဟု မန်စီနီက ပြောကြားခဲ့သည်။
အီတလီအသင်းသည် ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲ Play-off အဆင့်တွင် ဆွီဒင်ကို အရေးနိမ့်ပြီး ပြိုင်ပွဲနှင့် လွဲချော်ခဲ့ရသည်။