မူဆယ်မြို့တွင် ငွေလဲလုပ်ငန်း လုပ်ကိုင်သူ အမျိုးသမီးတစ်ဦးကို ဓားဖြင့်ခုတ်၍ ငွေလုယက်မှု ဖြစ်ပွား

မူဆယ်မြို့တွင် ငွေလဲလုပ်ငန်း လုပ်ကိုင်သူ အမျိုးသမီးတစ်ဦးကို ဓားဖြင့်ခုတ်၍ ငွေလုယက်မှု ဖြစ်ပွား
Published 25 August 2021
ပြည့်စုံ (မူဆယ်)

ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်ခရိုင် မူဆယ်မြို့ ကောင်းမှုတုံရပ်ကွက် စည်ပင်လမ်းထောင့်တွင် သြဂုတ် ၂၅ ရက် နံနက် ၁၀ နာရီခွဲခန့်က တရုတ်ပြည်တော်ပြန်များအတွက် ငွေလဲလုပ်ကိုင်နေသူ အမျိုးသမီးကို ဓားဖြင့်ခုတ်၍ ငွေလုယက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းသို့ ဓားဖြင့်ခုတ် လုယက်မှုကြောင့် ငွေသား သိန်းလေးဆယ်ခန့် ပါသွားပြီး အမျိုးသမီး၏ ယာဘက်လက်တွင် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“အမျိုးသားတစ်ဦးက ဓားနဲ့ခုတ်ပြီး ငွေလုပြေးသွားတယ်။ ငွေလဲတဲ့ အစ်မရဲ့ ယာဘက်လက်မှာ ဓားဒဏ်ရာရလို့  မူဆယ် ပြည်သူ့ဆေးရုံကို ပို့ဆောင်ခဲ့တယ်။ သူ့လက်ဖျံမှာတော့ လေး ငါးချက်လောက် ချုပ်လိုက်ရတယ်။ ငွေသားကတော့ သိန်းလေးဆယ် ဝန်းကျင်လောက် ပါသွားတယ်”ဟု မျက်မြင်တွေ့ရှိ ကူညီခဲ့သူတစ်ဦးက ပြောကြားသည်။

အဆိုပါ ငွေလုယက်ခံရသော နေရာသည် ပြည်တော်ပြန်များ လက်ခံရေးဂိတ်နှင့် မနီးမဝေးသော နေရာ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လုယက်ခံရသော နေရာတစ်ဝိုက်တွင် လုယက်မှုများ မကြာခဏ ဖြစ်ပွားခဲ့ဖူးကြောင်း သိရပြီး လုယက်မှု ကျူးလွန်သူအား သက်ဆိုင်ရာက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

မူဆယ်မြို့တွင် လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေများနှင့် COVID-19 ကပ်ရောဂါ ဖြစ်ပွားနေချိန် အလုပ်စက်ရုံ စျေးဆိုင်ခန်းအချို့ ပိတ်သိမ်းထားခြင်းကြောင့် အလုပ်လက်မဲ့ဦးရေ များပြားလာကာ အချို့မှာ အိမ်လခပေးစရာမရှိ၍ လမ်းဘေးအခြေချ နေထိုင်မှုများနှင့် နီးစပ်ရာ မြေကွက်လပ်လွတ်များတွင် နေထိုင်မှုများ ရှိလာပြီး ကျန်းမာရေး၊ စားဝတ်နေရေး ခက်ခဲမှုများ ကြုံတွေ့နေရသောကြောင့် တစ်ပိုင်တစ်နိုင် လူသားချင်း စာနာ‌ထောက်ထားမှု အကူအညီများ ပေးအပ်နေရကြောင်း မူဆယ်မြို့နယ် ကြက်ခြေနီအသင်းနှင့် ပရဟိတအသင်းအဖွဲ့များထံမှ သိရသည်။

 

Most Read

Most Recent