ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင် နောင်ချို့မြို့နယ် မူဆယ်-မန္တလေးသွား ပြည်ထောင်စုလမ်မကြီး အိုရီယမ်တယ် တိုးဂိတ်အနီး၌ ဩဂုတ်လ ၂၀ ရက်နေ့ ည ၁၁ နာရီခန့်က ငွေကျပ်သိန်း ၂၉၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ် ၂၀ ရက် ည ၁၁ နာရီခန့်တွင် နောင်ချိုမြို့နယ်၊ မူဆယ်-မန္တလေးသွားကားလမ်း၊ အိုရီယမ်တယ်တိုးဂိတ်အနီးတွင် ကျောက်မဲမှ မန္တလေးသို့ ဝေမင်းဟန် မောင်းနှင်ပြီး၊ ငြိမ်းချမ်း လိုက်ပါလာသည့် ISUZU အမျိုးအစား ၆ ဘီး ကွန်တိန်နာ မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ မော်တော်ယာဉ်အတွင်းမှ ဒေသကာလ တန်ဖိုး ငွေကျပ်သိန်း ၂၉၀၀ ကျော်တန်ဖိုးရှိ ရောင်စုံဆပ်ပြာခွက် ၁၆၅ဝ ခွက်အတွင်းမှ ဘိန်းဖြူအလေးချိန် ၁၆ ဒသမ ၅ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၅၄,၀၀၀ ပြား၊ ဘိန်း ၃၀ ကီလို သိမ်းဆည်းရမိခဲ့ပြီး စုစုပေါင်း ကာလဒေသပေါက်ဈေး ငွေကျပ်သိန်း ၂၉၀၀ ကျော်ရှိကြောင်းသိရသည်။
စစ်ဆေးချက်အရ အဆိုပါ မူးယစ်ဆေးဝါးများကို ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ် မှ မန္တလေးမြို့သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း CCDAC MYANMAR ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။