မန္တလေးမြို့တွင် Delivery လုပ်ကိုင်နေသူ တစ်ဦးအား လူရှစ်ဦး ခန့်မှ ဓါးဖြင့် ဝိုင်းခုတ်မှု ဖြစ်ပွား

မန္တလေးမြို့တွင် Delivery လုပ်ကိုင်နေသူ တစ်ဦးအား လူရှစ်ဦး ခန့်မှ ဓါးဖြင့် ဝိုင်းခုတ်မှု ဖြစ်ပွား
Published 19 August 2021

Delivery လုပ်ကိုင်နေသူတစ်ဦးအား လူရှစ်ဦးခန့်မှ ဝိုင်းဝန်းဓါးဖြင့်ခုတ်မှု  မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်တွင် ဩဂုတ် ၁၉ ရက် ညနေ ၃ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ချမ်းမြသာစည်မြို့နယ်၊  ၅၈လမ်းနှင့် ၁၁၃လမ်းအနီးတွင် ပါဆယ်ပို့ဆောင်သည့်လုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးအား အမျိုးသား ရှစ်ဦးခန့်မှ ဓါးဖြင့်ဝိုင်းခုတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

" သိရသလောက်ကတော့ ပါဆယ်ပို့တဲ့ကောင်လေးကို လူရှစ်ဦးလောက်က ဝိုင်းဓါးနဲ့ခုတ်တာ။ဒါပေမယ့် အရှောင်မြန်တာရယ် ဘေးကလူတွေလည်း ရှိနေတာကြောင့် ကြီးကြီးမားမား ထိခိုက်သွားတာမရှိဘူး။ ရပ်ကွက်က ဝိုင်းဖမ်းတဲ့ခါ အကုန်ထွက်ပြေးကြလို့ တစ်ယောက်ပဲ မိလိုက်တယ်လို့ သိရတယ်။ လုယက်ဖို့ ခုတ်တာလား ရန်ငြှိုးရန်စ ရှိလို့လားဆိုတာတော့ မသိဘူး။ လူမြင်ကွင်း နေ့ခင်းအချိန်ဆိုတော့လေ။ ခုတလော ဆိုင်ကယ်လုယက်မှုတွေ မကြာမကြာ ဖြစ်ပွားနေတာလည်းရှိနေတော့ ဒီကာလ သတိထားစရာပါ"ဟု အဆိုပါအခင်းဖြစ်ပွားစဉ် ရောက်ရှိနေခဲ့သူတစ်ဦးက ပြောကြားသည်။

ယင်းဖြစ်စဉ်တွင် delivery ပို့သူမှာ food Panda မှ ဖြစ်ကြောင်းလူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့လျက်ရှိသော်လည်း အတည်ပြုနိုင်ခြင်း မရှိသေးပေ။

ထိုကဲ့သို့ ဓါးခုတ်မှုဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာသို့ အတည်ပြုရန်ဆက်သွယ်ခဲ့သော်လည်း လတ်တလော အတည်ပြုဖြေကြားနိုင်ခြင်း မရှိသေးဟု သိရသည်။

မန္တလေးမြို့တွင် ညမထွက်ရအမိန့်အပြင် နေ့ခင်း အပြင်ထွက်ခွင့်များပါ တင်းကြပ်သတ်မှတ်ထားကြောင်း သိရပြီး ခိုးမှု၊လုယက်မှုများ ဖြစ်ပွားမှု များပြားနေကြောင်း သိရသည်။

Most Read

Most Recent