ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အေးမြသာယာစျေးအနီးတွင် သြဂုတ် ၈ ရက်က ကျပ် သိန်း ၁၄၃၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိကြောင်း မြစ်ကြီးနားမြို့အခြေစိုက်မူးယစ်တပ်ဖွဲ့စု (၂) မှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ မြစ်ကြီးနား မူးယစ်တပ်ဖွဲ့စု (၂) မှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ မြစ်ကြီးနားမြို့ အေးမြသာယာရပ်ကွက် နယ်မြေ ၁၄ လမ်းသွယ် ၉ တွင် ယာဉ်တစ်စီးကို ရပ်တန့်စစ်ဆေးရာတွင် ပြန်လည်ခုခံသဖြင့် လုံးထွေး ဖမ်းဆီးခဲ့ရကြောင်း၊ ယာဉ်အား စစ်ဆေးရာ ဘိန်းဖြူဆပ်ပြာခွက် ၂၂၀ (အလေးချိန် ၂ ဒသမ ၂ ကီလိုဂရမ်)၊ ကာလတန်ဖိုး ကျပ်သိန်း ၁၄၃၀ ခန့် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း၊ လက်ကိုင်ဖုန်း နှစ်လုံးကို သိမ်းဆည်းမိကြောင်း ရဲတပ်ဖွဲ့မှတ်တမ်းအရ သိရသည်။
မူးယစ်တပ်ဖွဲ့စု (၂) မှ တာဝန်ရှိသူတစ်ဦးက “ကားကို ပိတ်ညှပ်ပြီး ဖမ်းတော့ တံခါးမဖွင့် အတင်းကြိုးစားရတာပေါ့။ တံခါးဖွင့်တော့ ဝိုင်းလုံးပြီး ဖမ်းတယ်။ ခုခံတယ်လို့ မဟုတ်ပါဘူး။ ထွက်ပြေးမှာကြောင့် ဝိုင်းလုံးကြရတာပေါ့။ ပွန်းပဲ့တာပဲ ရှိပါတယ်။ ဖမ်းဆီးမှုအများစုမှာလည်း ဒါမျိုးကရှိပါတယ်။ စစ်ဆေးချက်ကတော့ ဒီမှာဖြန့်ဖို့ပဲ။ ဝယ်ရောင်းပေါ့။ ပစ္စည်းတွေကလည်း ဒီအတိုင်း အိတ်နဲ့ ထည့်သယ်တာ ခက်ခက်ခဲခဲ မရှာရပါဘူး။ ဖမ်းမိတာက အခုရက်ပိုင်းက အသက် ၃၀ အောက်တွေ ဖြစ်နေတာပေါ့။ ကိုယ်စားဖို့ရော၊ စီးပွားအတွက်ပါ လုပ်ကြတဲ့သဘောပါ”ဟု ပြောကြားသည်။
မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိသူ မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက် နယ်မြေ (၁) မှ ဘရန်မိုင်နှင့် ဂျာရွယ်အောင် (ခ) လှလှဝင်းရွှေ (ခ) အားရွယ်တို့ နှစ်ဦးအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဥပဒေများဖြင့် အရေးယူဆောင်ရွက်နိုင်ရန် စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင် ၃၀ ရက်ကလည်း မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်တွင် ကျပ် နှစ်ဘီလျံ (ကျပ်သိန်းပေါင်း နှစ်သောင်းကျော်) တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို တရားခံ သုံးဦးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။