ကချင်ပြည်နယ် မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်တွင် ဇူလိုင် ၃၀ ရက်က ကျပ်ငွေ ၂ ဘီလျံ (ကျပ်သိန်းပေါင်း နှစ်သောင်းကျော်) တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရရှိမိကြောင်း မြစ်ကြီးနားမြို့ ၊ မူးယစ်တပ်ဖွဲ့စု ၂ မှ သတင်းရရှိသည်။
ယခု ဖမ်းဆီးနိုင်မှုသည် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၁ ရက် ဖားကန့်ဆိပ်မူတွင် ဖမ်းမိသည့် ကျပ်သိန်းပေါင်း ၂၁၄၉၀၊ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၁၄ ရက် နန့်မွန်းတောင် အတက်တွင် ဖမ်းမိသည့် ကျပ်သိန်းပေါင်း ၂၄၆၅၇ တို့ ဖမ်းဆီးခဲ့ပြီးနောက် ကချင်ပြည်နယ်အတွင်း အများဆုံး ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။
ယခု ဖမ်းဆီးမှုမှာ ဇူလိုင် ၃၀ ရက် မွန်းလွဲ ၂ နာရီခန့်တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များသည် သတင်းအရ မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်၊ အင်ဂျန်ဒုံလမ်းသွယ်၂ ရှိ အိမ်ခြံဝင်းအတွင်း ရပ်ထားသည့် Canter အမျိုးအစား ကွန်တိန်နာယာဉ်အား ရှာဖွေရာမှ ဘိန်းဖြူ ၃၄၀၀ ခွက်၊ အလေးချိန် ၃၄ ဒသမ ၁ ကီလို ကာလတန်ဖိုး ကျပ်ငွေ နှစ်ဘီလျံကျော်ကို တရားခံ သုံးဦးနှင့်အတူ ဖမ်းဆီးမိခဲ့ခြင်း ဖြစ်ကြောင်း ရဲမှတ်တမ်း ထုတ်ပြန်ချက်များအရ သိရှိရသည်။
မြစ်ကြီးမြို့ ၊မူးယစ်တပ်ဖွဲ့စု ၂ မှ တပ်ဖွဲ့စုမှူးက “ ဖမ်းဆီးနိုင်တာတော့ ကြိုတင် သတင်းအရပေါ့။ အားလုံး ဘိန်းဖြူ တစ်မျိုးတည်းပါပဲ။ သက်သေတွေနဲ့ ရဲတပ်ဖွဲ့တွေချည်း ဖမ်းဆီးခဲ့တာပါ။ သယ်ဆောင်လာတဲ့ ရင်းမြစ်ကတော့ ရှမ်းပြည်မြောက်ပိုင်း သီပေါလို့ သိရတယ်။ ဆက်စပ်သူတွေလည်း လိုက်နေဆဲ ဖြစ်ပါတယ်။ မိတဲ့ တရားခံ သုံးဦးကတော့ အကြီးဆုံး မဟုတ်သေးဘူးလို့ ယူဆတယ်။ ဒီကနေ ဖြန့်ဖို့ သယ်လာတာပေါ့။ တန်ဖိုးအားဖြင့်တော့ ဒီက ကာလပေါက်စျေးဆိုရင် ကျပ်သိန်းပေါင်း နှစ်သောင်း ကျော်ပေါ့။ ကျွန်တော်တို့ကတော့ Stay at Home ကာလ ဖြစ်သော်လည်း သတင်းရရှိချက်ပေါ် မူတည်ပြီး ဖမ်းဆီးနေရဆဲပေါ့။ ဆက်ပြီးတော့လည်း ရရှိတဲ့ သတင်းပေါ်မူတည်ပြီး လုပ်ဆောင်ရမှာပါ”ဟု ဆိုသည်။
ဖမ်းဆီးရမိသူများမှာ အသက် ၂၇ နှစ်အရွယ်ရှိ ငြိမ်းဝင်း၊ အသက် ၂၃ နှစ်အရွယ်ရှိ ကျော်မျိုးထွန်း၊ အသက် ၃၄ နှစ်အရွယ်ရှိ မိုးကျော်ဦးတို့ ဖြစ်ပြီး မြစ်ကြီးနားမြို့ ၊ ပလန နယ်မြေရဲစခန်းတွင် (ပ)၁၄/၂၀၂၁ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဥပဒေပုဒ်မ ၁၉(က)/၂၁ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်နေကြောင်း သိရသည်။
ကချင်ပြည်နယ် အမှတ် ၄ မူးယစ်တပ်ဖွဲ့ခွဲမှ တာဝန်ရှိသူက “ဒီဖမ်းမိတဲ့ ပမာဏဟာ လေး ငါးနှစ်အတွင်းမှာ အများဆုံး ဖြစ်ပါတယ်။ အဓိက မူးယစ်သယ်ဆောင်သူတွေဟာ ဒီအချိန်မှာ နိုင်ငံရေး ၊ ကပ်ရောဂါ အသုံးချပြီး သယ်ယူပို့ဆောင်ရေး လုပ်မယ်ဆိုတဲ့ သတင်းအရ စိစစ်ပြီး လုပ်နိုင်တာ ဖြစ်ပါတယ်။ ကပ်ရောဂါ ကာလမှာ ရောဂါဘေးလည်း စိုးရိမ်ရတော့ မူးယစ်တပ်ဖွဲ့ဝင်တွေလည်း အတတ်နိုင်ဆုံး ကြိုးစားပြီး ချည်းကပ်နေရတာ ဖြစ်ပါတယ်။ အခုအခါ လုံခြုံရေးအရ လုပ်ဆောင်ရတဲ့ အခက်အခဲလည်း အများကြီး ဖြစ်နေတယ်။ ခုလိုမိတာလည်း မူးယစ်တပ်ဖွဲ့အတွက် ဂုဏ်ယူစရာပါ။ မိတဲ့မူးယစ်ဆေးတွေက ဒီမှာတင် ဖြန့်မကုန်နိုင်ဘူး။ တခြားနေရာတွေကိုလည်း ဖြန့်ဖြူးကြဦးမယ် ဖြစ်ပါတယ်။ စစ်ဆေးမေးမြန်း စုံစမ်းတာတွေလည်း လုပ်နေပါတယ်”ဟု ပြောကြားသည်။
ဖားကန့်ဒေသမှာ ကချင်ပြည်နယ်၏ အကြီးဆုံး မူးယစ်စျေးကွက်ကြီး ဖြစ်နေကြောင်း၊ ရွှေ့ပြောင်းလုပ်သားများ များပြားလွန်းခြင်း၊ တရားဥပဒေစိုးမိုးရေး မရှိခြင်း၊ လက်နက်ကိုင် အဖွဲ့အစည်းများ ရောထွေးနေခြင်းတို့ကြောင့် ထိန်းချုပ်ရန် ခက်ခဲနေသည့် အခြေအနေဖြစ်ကြောင်း ကချင်ပြည်နယ် ယခင်ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်က ဆိုပါသည်။
ကချင်ပြည်နယ်အတွင်းသို့ ဝင်ရောက်လာသော မူးယစ်ဆေးဝါး လမ်းကြောင်း ခြောက်ခုရှိပြီး ယင်းတို့မှာ ဘိန်းဖြူ၊ ဘိန်းမည်း၊ စိတ်ကြွဆေးပြားများမှာ ရှမ်း ပြည်နယ် ကွတ်ခိုင်-နန်းခမ်း- ဗန်းမော်-၀ိုင်းမော် - မြစ်ကြီးနား -ဖားကန့် လမ်းကြောင်း၊ လွယ်ဂျယ်-ဗန်းမော်- ၀ိုင်းမော်-မြစ်ကြီးနား -ဖားကန့် လမ်းကြောင်း၊ ရှမ်းပြည်နယ်နှင့် မန္တလေးတိုင်း က ဝင်ရောက်လာသည့် မူးယစ်ဆေးဝါးများမှာ စစ်ကိုင်းတိုင်း အင်းတော်မြို့ကို ဖြတ်၍ မိုးညှင်း-မိုးကောင်း-ဖားကန့် လမ်းကြောင်း၊ မူဆယ်မြို့မှ တရုတ်ပြည် ရွှေလီကိုကူး၍ ရွှေလီ-ကန်ပိုင်းတည်း -၀ိုင်းမော်-မြစ်ကြီးနား-ဖားကန့်လမ်းကြောင်း ၊ ဘိန်းစိမ်းအများစု သယ်သည့် ချင်းတွင်းအထက် ဟုမ္မလင်း -ဆယ်ဇင်း-တာမခံ -ဖားကန့် လမ်းကြောင်း ၊ ဆဒုံး-၀ိုင်းမော်-မြစ်ကြီးနား-ဖားကန့် လမ်းကြောင်းတို့ ဖြစ်ကြောင်း သိရသည်။
လမ်းသစ်အနေဖြင့် ဝန်းသို-ကောလင်း - ပင်လည်ဘူး-ဖောင်းပြင်လမ်းမှ ကျောက် စိမ်းနှင့် ရွှေမှော်၊ ပယင်းမှော်များထံသို့ ပို့ဆောင်သည့် လမ်းကြောင်းသစ်များလည်း တိုးနေကြောင်း ကသာခရိုင် ရဲတပ်ဖွဲ့ မှတ်တမ်းများအရ သိရသည်။
ကချင်ပြည်နယ်တွင် ဖားကန့် ကျောက်စိမ်းမှော် ဒေသများ၊ ဧရာဝတီမြစ်ဖျားပိုင်းရှိ ရွေမှော် ၊ကျောက်မှော်များ၊ မြန်မာ-တရုတ် နယ်စပ်တစ်လျှောက်ရှိ သစ်မှောင်ခိုမှော်များ၊ တစ်ရှူးငှက်ပျောခင်းများတွင် မူးယစ်ဆေး သုံးစွဲမှုမှာ မြင့်မားနေဆဲ ဖြစ်သည်။