တိုကျိုအိုလံပစ်ပြိုင်ပွဲတွင် အမြင့်ဆုံး ရွှေတံဆိပ်ဆုရယူနိုင်ရန် ရည်မှန်းထားဟု ကမ္ဘာ့အဆင့်(၁) ဆားဘီးယားတင်းနစ်သမား ဂျိုကိုဗစ် ပြောကြား

တိုကျိုအိုလံပစ်ပြိုင်ပွဲတွင် အမြင့်ဆုံး ရွှေတံဆိပ်ဆုရယူနိုင်ရန် ရည်မှန်းထားဟု ကမ္ဘာ့အဆင့်(၁) ဆားဘီးယားတင်းနစ်သမား ဂျိုကိုဗစ် ပြောကြား
Photo: Getty Images
Photo: Getty Images
Published 25 July 2021

 

ကမ္ဘာ့အဆင့်(၁) ဆားဘီးယားတင်းနစ်သမား ဂျိုကိုဗစ်က တိုကျိုအိုလံပစ်ပြိုင်ပွဲတွင် အမြင့်ဆုံး ရွှေတံဆိပ်ဆုရယူနိုင်ရန် မျှော်မှန်းထားကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

ဂျိုကိုဗစ်သည် အစောပိုင်းတွင် COVID-19 ရောဂါဆိုင်ရာ ကန့်သတ်ချက်များကြောင့် အိုလံပစ်ပြိုင်ပွဲ ယှဉ်ပြိုင်ခြင်းမပြုရန် စီစဉ်ထားသော်လည်း ဝင်ဘယ်လ်ဒန်ပြိုင်ပွဲ၌ အနိုင်ရ ဗိုလ်စွဲပြီးနောက် ဆုံးဖြတ်ချက်ပြင်ဆင်၍ ပါဝင်ယှဉ်ပြိုင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ 

"အမြင့်ဆုံးဆုတံဆိပ်ဖြစ်တဲ့ ရွှေတံဆိပ်ရယူနိုင်ဖို့ ရည်မှန်းထားပါတယ်။ ဒါက လျှို့ဝှက်ချက်မဟုတ်ပါဘူး။ ဒီရာသီမစခင်ကတည်းက ဂရင်းစလင်း ပြိုင်ပွဲ(၄)ပွဲနဲ့ အိုလံပစ်ပြိုင်ပွဲမှာ ယှဉ်ပြိုင်နိုင်ဖို့ ကိုယ့်ကိုယ်ကို ပြင်ဆင်ထားခဲ့ပါတယ်။ ကျွန် တော့်အနေနဲ့ အကောင်းဆုံးပုံစံနဲ့ကစားချင်ပြီး ထိပ်တန်းအဆင့်လည်း ရချင်ပါတယ်။ အချိန်ဇယားက တော်တော်လေးကျပ်ပါတယ်။ ဂရင်းစလင်းပြိုင်ပွဲတွေနဲ့ အိုလံပစ်ပြိုင်ပွဲက အရမ်းနီးကပ်တာကိုလည်း ဂရုစိုက်ရပါတယ်။ ဒါပေမဲ့ အိုလံပစ်ပြိုင်ပွဲမတိုင်ခင် လအတော်ကြာက တည်းက ပြင်ဆင်မှုတွေကို သေချာလုပ်ထားပါတယ်။ ကျွန်တော် နိုင်ပွဲတွေအများကြီးရခဲ့ပြီး အဲဒီနိုင်ပွဲတွေကြောင့် ယုံကြည်မှုရော ခွန်အားပါ တိုးလာခဲ့တာပါ။ ပြီးတော့ နိုင်ငံအတွက် ကိုယ်စားပြုကစားခွင့်ရတဲ့အချိန်က ဂုဏ်ယူစရာလည်းကောင်းပါတယ်။ တိုကျိုမှာ ဆုတံဆိပ်ရချင်ပါတယ်။ ရွှေတံဆိပ်ကိုတော့ မျှော်လင့်ထားတာပေါ့။ အိုလံပစ်ပြီးသွားရင် နယူးယောက်ကိုသွားပြီး အားလုံပြီးပြည့်စုံအောင် လုပ်ဖို့ ရည်မှန်းထားပါတယ်" ဟု ဂျိုကိုဗစ်က ပြောကြားခဲ့သည်။

ဂျိုကိုဗစ်သည် ယခုနှစ်တွင် သြစတြေးလျအိုးပင်း၊ ပြင်သစ်အိုးပင်း၊ ဝင်ဘယ်လ်ဒန်ချန်ပီယံရှစ်စသည့် ဂရင်းစလင်းပြိုင်ပွဲ(၃)ခုတွင် ဗိုလ်စွဲထားပြီး အိုလံပစ်ပြိုင်ပွဲနှင့် ယူအက်စ်အိုးပင်းတွင် ထပ်မံဗိုလ်စွဲပါက Golden Slam ရရှိသည့် ဒုတိယမြောက်ကစားသမားအဖြစ် မှတ်တမ်းဝင်မည်ဖြစ်သည်။

Most Read

Most Recent