အသင်းအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများရှိနေ၍ အာဆင်နယ်အသင်း၏ အမေရိကန် ခြေစမ်းခရီးစဉ် ဖျက်သိမ်းခဲ့ရ

အသင်းအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများရှိနေ၍ အာဆင်နယ်အသင်း၏ အမေရိကန် ခြေစမ်းခရီးစဉ် ဖျက်သိမ်းခဲ့ရ
Photo: Getty Images
Photo: Getty Images
Published 22 July 2021

အာဆင်နယ်အသင်းသည် အသင်း၏ အမေရိကန်ခြေ စမ်းခရီးစဉ်အား အသင်းရှိကစားသမားအချို့အကြား ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်မှုရှိနေ၍ ဖျက်သိမ်းခဲ့ရကြောင်း သိရှိရသည်။ 

အာဆင်နယ်အသင်းသည် အမေရိကန်နိုင်ငံ၊ အော်လန်ဒိုမြို့တွင် Florida Cup ဟု အမည်ရသည့် ရာသီကြိုဖိတ်ခေါ်ပြိုင်ပွဲတစ်ခုကို ပါဝင်ကစားရန် စီစဉ်ထားပြီး ယင်းပြိုင်ပွဲတွင် ပွဲစဉ်(၂)ပွဲကစားရမည်ဖြစ်သည်။

    

ဇူလိုင်(၂၅)ရက်နှင့် (၂၈)ရက်များတွင် ကစားရမည့် ယင်းခြေစမ်းပွဲခရီးစဉ်အတွက် အာဆင်နယ်အသင်းသည် ပြီးခဲ့သည့် ဇူလိုင်(၂၁)ရက်(ဗုဒ္ဓဟူးနေ့)က လန်ဒန်မြို့မှစတင်ထွက်ခွာရန် မူလက စီစဉ်ထားသည်။ 

ယင်းခရီးစဉ်အား အသင်းမှကစားသမား၊ နည်းပြအဖွဲ့၊ ဆေးအဖွဲ့နှင့် ဝန်ထမ်း စုစုပေါင်း လူ(၈၀)ဦးဖြင့် သွားလာရန် စီစဉ်ထားသော်လည်း ယင်းလူအုပ်စုထဲတွင်  ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ အနည်းငယ်ရှိနေကြောင်း သိရသည်။ 

ပြီးခဲ့သည့် တနင်္လာ၊ အင်္ဂါ နေ့များတွင် ယင်းလူအုပ်စုအား ရောဂါပိုးကင်းရှင်းမှု ရှိ/မရှိ စစ်ဆေးရာတွင် ယင်းကဲ့သို့ Positive (ရောဂါပိုးရှိ)အဖြေ ထွက်သူများ ထွက်ပေါ်လာခြင်းဖြစ်သည်။ 

သို့ဖြစ်ရာ အာဆင် နယ်အသင်းတာဝန်ရှိသူများသည် ယင်းကူးစက်ခံရသူများအား သီးခြားနေထိုင်မှုပြုလုပ်ရန် ချက်ချင်းစီစဉ်ခဲ့ရပြီး ကျန်ကစားသမားများကိုမူ လန်ဒန်မြို့ရှိ Colney  လေ့ကျင့်ရေးကွင်းတွင် ပုံမှန်အတိုင်းလေ့ကျင့်စေလျက်ရှိနေကြောင်း သိရသည်။ 

    

မူလက ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံရသူများကို ချန်လှပ်ကာ ကျန်ရှိသူများက ခရီးထွက်ခွာရန်စဉ်းစားခဲ့သော်လည်း အကယ်၍ ယင်းလူအုပ်စုထဲမှ ပိုးကူးစက်သူများထပ်မံထွက်ပေါ်လာခဲ့ပါက အခြေအနေရှုပ်ထွေးမည်ကို စိုးရိမ်သဖြင့် ခရီးစဉ်အားပယ်ဖျက်ရန်သာ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။   

အမေရိကန်တွင် ရောဂါပိုးကူးစက်သူများ ထွက်ပေါ်လာခဲ့ပါက စည်းကမ်းသတ်မှတ်ချက်များအရ ၎င်းတို့အား အင်္ဂလန်သို့ပြန်လည်ခေါ်ဆောင်ခွင့်ရှိမည်မဟုတ်ဘဲ အမေရိကန်တွင် သတ်မှတ်ရက်အတိုင်း သီးခြားနေထိုင်စေရမည်ဖြစ်သည်။ 

ထိုကဲ့သို့အခြေအနေဖြစ်လာပါက နည်းပြအာတီတာ၏ ရာသီကြိုပြင်ဆင်မှုများကို ပိုမိုထိခိုက်စေမည်ဖြစ်သည်။ 

    

အာဆင်နယ်အသင်းသည် ရာသီကြို Florida Cup  ဖိတ်ခေါ်ပြိုင်ပွဲတွင် စီးရီးအေချန်ပီယံ အင်တာမီလန်အသင်း နှင့် ပထမပွဲကစားရမည်ဖြစ်ပြီး ဒုတိယပွဲအား ပရီးမီးယားလိဂ်ပြိုင်ဘက်အဲဗာတန် သို့မဟုတ် ကိုလံဘီယာကလပ် Millionarios အသင်းနှင့် ကစားရမည်ဖြစ်သည်။ ယင်းပြိုင်ပွဲ၌ ယှဉ်ပြိုင်ရန် ပျက်ကွက်ခဲ့ခြင်းနှင့် ပတ်သက်၍ အာဆင်နယ်အသင်းတာဝန်ရှိသူများက ပြိုင်ပွဲစီစဉ်သူများအား ကြေညာ ချက်ထုတ်ပြန်ကာ တောင်းပန်ခဲ့သည်။ 

Most Read

Most Recent