ကနီမြို့နယ်တွင် မော်တော်ပိုင်ရှင်အမျိုးသားနှင့် မော်တော်လုပ်သားနှစ်ဦး အသတ်ခံရပြီး လူလေးဦးပျောက်ဆုံးနေ

ကနီမြို့နယ်တွင် မော်တော်ပိုင်ရှင်အမျိုးသားနှင့် မော်တော်လုပ်သားနှစ်ဦး အသတ်ခံရပြီး လူလေးဦးပျောက်ဆုံးနေ
Published 20 July 2021

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ကနီမြို့နယ်တွင် ဇူလိုင် ၁၈ ရက်က မော်တော်ပိုင်ရှင်အမျိုးသားနှင့် မော်တော်လုပ်သား နှစ်ဦး အသတ်ခံခဲ့ရပြီး လူလေးဦးပျောက်ဆုံးနေကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

အဆိုပါမော်တော်မှာ ကနီမြို့နယ် ကျောမကြားကျေးရွာမှ အောင်ဖြိုးဦးအမည်ရှိ မော်တော်ဖြစ်ကြောင်း အသတ်ခံခဲ့ရသည့် ရုပ်အလောင်းများကို ယင်းမော်တော်၏ ဝမ်းဗိုက်ထဲတွင် စွန့်ပစ်ခဲ့ထားကြောင်း သိရသည်။

“ ချင်းတွင်းမြစ်ထဲမှာ အသတ်ခံလိုက်ရတာ။ မော်တော်ပေါ်မှာလည်း သစ်သားတွေ သယ်လာတယ်တဲ့။ ကလေးဝဘက်ကနေက နီဘက်ကို သစ်သားတွေတင်ပြီး ပြန်ဆင်းလာတဲ့သဘော။ မော်တော်ပိုင်ရှင်အမျိုးသားနဲ့ မော်တော်လုပ်သားနှစ်ဦးကို သတ်ပြီး မော်တော်ရဲ့ဝမ်းဗိုက်ထဲမှာ စွန့်ပစ်ထားတယ်။ မော်တော်ပေါ်မှာလည်း သွေးကွက်တွေက အများကြီးပဲ။ ပြီးတော့ သူ့မိန်းမရယ် ကလေးရယ် မော်တော်လုပ်သားနှစ်ဦးလည်း ပျောက်ဆုံးနေတယ်။ အခုထိ အဆက်အသွယ်မရသေးဘူး။

မော်တော်ကတော့ အထက်ဘက်ကနေ မျောလာတာ။ ကနီမြို့နယ် မဲဒင်းရွာအထိပ်မှာ မြုပ်လုနီးပါးဖြစ်နေလို့ ဝိုင်းဆယ်ထားတယ်။ အလောင်းတွေကတော့ ပုပ်ပွနေတဲ့အတွက် မြစ်ထဲပြန်မျှောလိုက်တယ်တဲ့” ဟု ကနီမြို့နယ် ကျောမကြားကျေးရွာမှ ဒေသခံတစ်ဦးက ပြောကြားသည်။

ပြီးခဲ့သည့်ရက်ပိုင်းက ကနီမြို့နယ် ရေလယ်ကျွန်းရွာတွင် နေထိုင်သည့် ဦးစိန်တိုးနှင့် မော်တော်လုပ်သားအဖွဲ့သည်  ချင်းတွင်းမြစ်ထဲတွင် သတ်ဖြတ်ခံခဲ့ရသည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိသည်။

ချင်းတွင်းမြစ်တစ်လျှောက်တွင် ဒေသခံ တူမီးလက်နက်ကိုင်အဖွဲ့နှင့် တပ်မတော်တို့အကြား မကြာခဏဆိုသလို တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။

Most Read

Most Recent