တနင်္သာရီတိုင်းဒေသကြီး မြိတ်-ရန်ကုန် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ သမုတ်-လွတ်လွတ် တံတားပေါ်တွင် စိတ်ကြွဆေးပြား တစ်သောင်းကို လုံခြုံရေးတပ်ဖွဲ့များက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
မြိတ်မြို့နယ် မြိတ်-ရန်ကုန် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ သမုတ်-လွတ်လွတ်တံတားပေါ်တွင် လုံခြုံရေးဆောင်ရွက်နေသည့် ပူးပေါင်းအဖွဲ့မှာ ဇူလိုင် ၁၁ ရက်က ယာဉ်များ ရပ်တန့်စစ်ဆေးနေစဉ် မူးယစ်ဆေးဝါးများ သယ်ယူလာသည့် ဆိုင်ကယ်တစ်စီးနှင့် အမျိုးသားနှစ်ဦးအား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သမုတ်-လွတ်လွတ်တံတားပေါ်တွင် လုံခြုံရေးဆောင်ရွက်နေသည့် ပူးပေါင်းအဖွဲ့မှာ မြိတ်မြို့ဘက်မှ ပုလောမြို့သို့ မင်းမင်းစိုး (ခ) အာနိုး (၁၉ နှစ်) မောင်းနှင်လာသည့် Click 125 နံပါတ်မပါဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ ဆိုင်ကယ်နောက်တွင် လိုက်ပါလာသည့် တင်ဦး (ခ) ကုလားစိန်လွယ်ထားသည့် ဘေးလွယ်အိတ်အတွင်းမှ စိတ်ကြွဆေးပြား ၂၀၀ စီပါ ၁၀ ထုပ်စီး ငါးထုပ်၊ စုစုပေါင်း WY စိတ်ကြွဆေးပြား ၁၀၀၀၀ အား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး မူးယစ်ဆေးဝါးများ ရောင်းချသုံးစွဲရန် လက်ဝယ်ထားရှိသူ မင်းမင်းစိုး (ခ) အာနိုးနှင့် တင်ဦး (ခ) ကုလားစိန်တို့အား သမုတ်နယ်မြေရဲစခန်းက မယ (ပ) ၁၀/၂၀၂၁၊ မူးစိတ်ပုဒ်မ ၁၉ (က)/ ၂၁ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။